Numbers 32
32:1 ရုဗင်အမျိုးသားနှင့် ဂဒ်အမျိုးသားတို့သည် အလွန်များပြားသော တိရစ္ဆာန်တို့နှင့် ကြွယ်ဝသည်ဖြစ်၍၊ ယာဇာပြည်၊ ဂိလဒ်ပြည်တို့၌ တိရစ္ဆာန်ကျက်စားစရာဖို့ ကောင်းသည်ကိုမြင်ကြလျှင်၊
32:2 မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာ အစရှိသော ပရိသတ်တို့တွင် မင်းများတို့ထံသို့လာ၍၊
32:3 အတရုတ်၊ ဒိဘုန်၊ ယာဇာ၊ နိမရ၊ ဟေရှဘုန်၊ ဧလာလေ၊ ရှေဘံ၊ နေဗော၊ ဗောနတည်းဟူသော၊
32:4 ဣသရေလပရိသတ်ရှေ့မှာ ထာဝရဘုရား လုပ်ကြံတော်မူသော ဤပြည်သည် တိရစ္ဆာန်နှင့် တော်လျော်ပါ၏။ ကိုယ်တော် ကျွန်တို့၌လည်း တိရစ္ဆာန်များပြားပါ၏။
32:5 သို့ဖြစ်၍ ကျွန်တော်တို့သည် ရှေ့တော်၌မျက်နှာရလျှင်၊ ဤပြည်ကို ကိုယ်တော် ကျွန်တို့အားအပိုင်ပေးတော်မူပါ။ ကျွန်တော်တို့ကို ယော်ဒန်မြစ်တစ်ဖက်သို့ ပို့ဆောင်တော်မမူပါနှင့်ဟု လျှောက်ကြ၏။
32:6 မောရှေကလည်း၊ သင်တို့သည် ဤအရပ်၌နေရစ်၍၊ သင်တို့ ညီအစ်ကိုများတို့သည် စစ်တိုက်သွားရမည်လော။
32:7 ထာဝရဘုရားပေးတော်မူသောပြည်သို့ ဣသရေလအမျိုးသားတို့သည် မကူးမသွားမည်အကြောင်း၊ သူတို့စိတ်ကို အဘယ်ကြောင့်ဖျက်ကြသနည်း။
32:8 ပြည်တော်ကို ကြည့်ရှုစေခြင်းငှာ၊ သင်တို့အဘတို့ကို ကာဒေရှဗာနာအရပ်က ငါစေလွှတ်သောအခါ ထိုသို့ပြုကြ၏။
32:9 ဧရှကောလချောင်းသို့သွား၍ ပြည်တော်ကို ကြည့်မြင်ပြီးမှ၊ ထာဝရဘုရားပေးတော်မူသောပြည်သို့ ဣသရေလအမျိုးသားတို့သည် မသွားမည်အကြောင်း သူတို့စိတ်ကိုဖျက်ကြ၏။-
32:10 ထိုအခါ ထာဝရဘုရားသည် အမျက်တော်ထွက်လျက်၊ အကယ်စင်စစ် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ငါကျိန်ဆို၍ပေးသောပြည်ကို၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုး ယေဖုန္နာ၏သားကာလက်နှင့် နုန်၏သားယောရှုမှတစ်ပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံးမလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစ်စုံတစ်ယောက်မျှ မမြင်ရ။ ထိုသူနှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြပြီဟု ကျိန်ဆိုတော်မူ၏။
32:13 ထိုသို့ ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှုကိုပြုသော လူအပေါင်းတို့သည် မပျက်စီးမီတိုင်အောင်၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အမျက်ထွက်၍ အနှစ်လေးဆယ်ပတ်လုံး တော၌လှည့်လည်စေတော်မူ၏။
32:14 ယခုမူကား၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို သာ၍ပြင်းစွာ အမျက်တော်ထွက်စေမည်အကြောင်း၊ သာ၍ဆိုးသောသူတည်းဟူသော သင်တို့သည် သင်တို့အဘများကိုယ်စား ပေါ်ထကြပြီတကား။
32:15 သင်တို့သည် နောက်တော်သို့မလိုက်ဘဲ လွှဲသွားကြလျှင်၊ တစ်ဖန် ဣသရေလအမျိုးသားတို့ကို တော၌စွန့်ပစ်တော်မူသဖြင့်၊ သင်တို့သည် ဤလူမျိုးအပေါင်းကို ဖျက်ဆီးကြလိမ့်မည်ဟု ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသားတို့အား ပြန်ပြော၏။
32:16 ထိုသူတို့သည်၊ အနီးအပါးသို့ချဉ်းကပ်၍၊ ကျွန်တော်တို့သည် ကျွန်တော်တို့ တိရစ္ဆာန်များအဖို့ ဤအရပ်၌သိုးခြံတို့ကိုလည်းကောင်း၊ ကျွန်တော်တို့ သူငယ်များအဖို့ မြို့တို့ကိုလည်းကောင်း တည်ပါမည်။
32:17 သို့ရာတွင် ဣသရေလအမျိုးသားတို့ကို သူတို့နေရာအရပ်သို့ မပို့မဆောင်မီတိုင်အောင်၊ ကျွန်တော်တို့သည်လက်နက်ကိုင်လျက် သူတို့ရှေ့မှာသွားပါမည်။ ဤပြည်၌ ကျန်ကြွင်းသေးသော လူတို့ကြောင့် ကျွန်တော်တို့သူငယ်များသည် ခိုင်ခံ့သောမြို့၌ နေရပါမည်။
32:18 ဣသရေလအမျိုးသားအပေါင်းတို့သည် အမွေခံရသောမြေကို မဝင်စားမီတိုင်အောင် ကျွန်တော်တို့သည် ကိုယ်အိမ်သို့မပြန်မလာပါ။
32:19 ကျွန်တော်တို့သည် ယော်ဒန်မြစ်တစ်ဖက်၌ သူတို့နှင့်အတူ အမွေကိုမတောင်းမခံပါ။ ကျွန်တော်တို့အမွေခံရာမြေသည် ယော်ဒန်မြစ်အရှေ့ဘက်၌ ကျပါသည်ဟု လျှောက်ပြန်ကြ၏။
32:20 မောရှေကလည်း၊ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရားရှေ့တော်၌ လက်နက်ကိုင်လျက် စစ်တိုက်သွားလျှင်လည်းကောင်း၊
32:21 ထာဝရဘုရားသည် ရန်သူတို့ကို ရှေ့တော်မှနှင်ထုတ်၍ ထိုပြည်ကို အောင်တော်မမူမီတိုင်အောင်၊
32:22 သင်တို့ရှိသမျှသည် လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ ယော်ဒန်မြစ်တစ်ဖက်သို့ ကူးသွားလျှင်လည်းကောင်း၊ ထိုနောက်မှ ထာဝရဘုရားရှေ့၊ ဣသရေလအမျိုးသားရှေ့၌ အပြစ်ကင်းလွတ်လျက်၊ ဤပြည်သို့ပြန်လာ၍ ထာဝရဘုရားအခွင့်နှင့် အမွေခံရကြမည်။
32:23 ထိုသို့မပြုလျှင်မူကား၊ သင်တို့သည် ထာဝရဘုရားကို ပြစ်မှားခြင်းရှိသည်အတိုင်း၊ ထိုအပြစ်သည် သင်တို့ကို လိုက်၍မီလိမ့်မည်။
32:24 သူငယ်များအဖို့ မြို့တို့ကိုလည်းကောင်း၊ သိုးများအဖို့ သိုးခြံတို့ကိုလည်းကောင်း တည်လုပ်ကြလော့။ ယခုပြောသမျှအတိုင်း ပြုကြလော့ဟုဆိုလျှင်၊
32:25 ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးတို့က၊ ကိုယ်တော်ကျွန်တို့သည် သခင်မိန့်တော်မူသည်အတိုင်း ပြုပါမည်။
32:26 ကျွန်တော်တို့မယား သားသူငယ်များနှင့် သိုးနွားအလုံးစုံတို့သည် ဤအရပ်၊ ဂိလဒ်မြို့တို့၌ နေရစ်ရပါမည်။
32:27 ကိုယ်တော်ကျွန်အပေါင်းတို့မူကား၊ သခင်မိန့်တော်မူသည်အတိုင်း၊ လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ စစ်တိုက်ခြင်းငှာ ကူးသွားပါမည်ဟု လျှောက်ထားကြ၏။
32:28 ထိုအမှုကြောင့်၊ မောရှေသည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု အစရှိသော ဣသရေလအမျိုးသား အဆွေအမျိုးသူကြီးများတို့ကို ခေါ်၍၊
32:29 ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့သည် စစ်တိုက်ခြင်းငှာ အသီးအသီးလက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ သင်တို့နှင့်အတူ ယော်ဒန်မြစ်တစ်ဖက်သို့ ကူးသွား၍၊ သင်တို့သည် ထိုပြည်ကိုအောင်ပြီးလျှင်၊ ထိုအမျိုးသားတို့အား ဂိလဒ်ပြည်ကို အပိုင်ပေးရကြမည်။
32:30 သို့မဟုတ် သူတို့သည် လက်နက်ကိုင်လျက် သင်တို့နှင့်အတူမကူးမသွားလျှင်၊ ခါနာန်ပြည်၌ သင်တို့တွင် ကိုယ်ပိုင်ရာမြေကိုခံယူရကြမည်ဟု မှာထားလေ၏။
32:31 ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့ကလည်း၊ ထာဝရဘုရားသည် ကိုယ်တော်ကျွန်တို့အား မိန့်တော်မူသည်အတိုင်း၊ ကျွန်တော်တို့သည် ပြုကြပါမည်။
32:32 ယော်ဒန်မြစ်အရှေ့ဘက်၌ အမွေခံရပါမည်အကြောင်း၊ ကျွန်တော်တို့သည် လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ ခါနာန်ပြည်သို့ ကူးသွားပါမည်ဟု ပြန်လျှောက်ကြ၏။
32:33 ထိုအခါမောရှေသည် အာမောရိရှင်ဘုရင်ရှိဟုန်၏ နိုင်ငံဆိုင်သမျှ၊ ဗာရှန်ရှင်ဘုရင်ဩဃ၏ နိုင်ငံဆိုင်သမျှသော နယ်မြေမြို့ရွာတို့ကို ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသား၊ ယောသပ်၏သား မနာရှေမှဆင်းသက်သော မနာရှေအမျိုးသားတစ်ဝက်၌ အပ်ပေးလေ၏။
32:34 ဂဒ်အမျိုးသားတို့သည် ဒိဗုန်၊ အတရုတ်၊ အာရော်၊
32:35 အာတရုတ်၊ ရှောဖန်၊ ယာဇာ၊ ယုမ္ဘေဟ၊
32:36 ဗက်နိမရာ၊ ဗေသာရန်မြို့များကိုလည်းကောင်း၊ သိုးခြံများကိုလည်းကောင်း တည်လုပ်ကြ၏။
32:37 ရုဗင်အမျိုးသားတို့သည် ဟေရှဘုန်၊ ဧလာလေ၊ ကိရယသိမ်၊
32:38 နေဗော၊ ဗာလမောန၊ ရှိဗမမြို့များကို အသစ်သောအမည်ဖြင့်သမုတ်၍ တည်ကြ၏။
32:39 မနာရှေမှဆင်းသက်သော မာခိရအမျိုးသားတို့သည်၊ ဂိလဒ်မြို့သို့ သွား၍သိမ်းယူပြီးလျှင်၊ အရင်မြို့သား အာမောရိလူတို့ကို နှင်ထုတ်ကြ၏။
32:40 မောရှေသည် ဂိလဒ်မြို့ကို မနာရှေ၏သား မာခိရအမျိုးသားတို့အားပေး၍ သူတို့သည်နေကြ၏။
32:41 မနာရှေအမျိုးသား ယာဣရသည်လည်းသွား၍ ဂိလဒ်ရွာများကိုသိမ်းယူပြီးမှ၊ ဟာဝုတ်ယာဣရအမည်ဖြင့် သမုတ်လေ၏။
32:42 နောဗာသည်လည်းသွား၍ ကေနတ်မြို့ရွာတို့ကိုသိမ်းယူပြီးမှ၊ မိမိအမည်ဖြင့် နောဗာမြို့ဟုသမုတ်လေ၏။