Numbers 34
34:1 တစ်ဖန် မောရှေအား ထာဝရဘုရားက၊ သင်သည်ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
34:2 သင်တို့သည် ခါနာန်ပြည်သို့ ရောက်ကြသောအခါ၊ သင်တို့အမွေခံရသော ခါနာန်ပြည်နယ် အပိုင်းအခြားဟူမူကား၊
34:3 တောင်မျက်နှာတွင် ဇိနတောင်မှ ဧဒုံပြည်အနား၌လျှောက်လျှင်၊ သောဒုံအိုင်အရှေ့စွန်းသည် တောင်ဘက်အပိုင်းအခြား ဖြစ်ရမည်။
34:4 တောင်ဘက်အပိုင်းအခြားသည် တောင်မျက်နှာမှလည်၍၊ အာကရဗ္ဗိမ်ကုန်းကိုလျှောက်လျက် ဇိနရွာသို့ရောက်ရမည်။ ထိုရွာကပြန်၍ ကာဒေရှဗာနာရွာ၊ ဟာဇရဒ္ဒါရွာ၊ အာဇမုန်ရွာကိုလျှောက်သဖြင့်၊
34:5 အာဇမုန်ရွာမှပြန်၍ အဲဂုတ္တုချောင်းကိုလိုက်လျက် ပင်လယ်၌ဆုံးရမည်။
34:6 အနောက်ဘက်၌ ပင်လယ်ကြီးသည် အနောက်အပိုင်းအခြား ဖြစ်ရမည်။
34:7 မြောက်ဘက်အပိုင်းအခြားသည် ကြီးသောပင်လယ်ကထွက်၍ ဟောရတောင်ကို ရှေ့ရှုသွားပြီးလျှင်၊
34:8 ထိုတောင်မှ ဟာမတ်လမ်းဝ၊ ဇေဒဒ်ရွာ၊
34:9 ဇိဖြုန်ရွာကိုလျှောက်၍ ဟာဇရေနန်ရွာ၌ ဆုံးရမည်။
34:10 အရှေ့အပိုင်းအခြားသည် ဟာဇရေနန်ရွာမှထွက်၍ ရှေဖံရွာသို့ရောက်ပြီးလျှင်၊
34:11 အဣနရွာအရှေ့၌လျှောက်၍ ရိဗလရွာသို့ သွားရမည်။ ထိုရွာမှထွက်၍ ဂင်္နေသရက်အိုင်အရှေ့ကမ်းကို လျှောက်သဖြင့်၊
34:12 ယော်ဒန်မြစ်ကိုလိုက်၍ သောဒုံအိုင်၌ဆုံးရမည်။ ဤရွေ့ကား၊ သင်တို့ အမွေခံရသောပြည်နယ် အပိုင်းအခြားဖြစ်သတည်းဟု မိန့်တော်မူ၏။
34:13 မောရှေကလည်း၊ ဤရွေ့ကား၊ သင်တို့သည် စာရေးတံချ၍ အမွေခံရသောပြည်၊ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အမျိုးကိုးမျိုးနှင့် အမျိုးတစ်ဝက်၌ ဝေပေးရသောပြည် ဖြစ်သတည်း။
34:14 ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေအမျိုးသား တစ်ဝက်တည်းဟူသော အမျိုးနှစ်မျိုးနှင့် တစ်ဝက်တို့သည် မိမိတို့အမွေခံသောမြေကို ယော်ဒန်မြစ်အရှေ့၊ ယေရိခေါမြို့တစ်ဖက်၊ နေထွက်ရာဘက်၌ ဘိုးဘအဆွေအမျိုးအလိုက် ခံရကြပြီဟု ဣသရေလအမျိုးသားတို့အား မှာထားလေ၏။
34:16 တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
34:17 အမျိုးသားတစ်မျိုးလျှင် မင်းတစ်ပါးစီရွေး၍၊ ထိုမင်းတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုတို့နှင့် ဝိုင်းလျက်၊
34:18 ခါနာန်ပြည်ကိုဝေ၍ သင်တို့အား အမွေပေးရကြမည်။
34:19 ရွေးရသောမင်းတို့၏အမည်ကား၊ ယုဒအမျိုးသားထဲက ယေဖုန္နာသား ကာလက်။
34:20 ရှိမောင်အမျိုးသားထဲက အမိဟုဒ်သား ရှေမွေလ။
34:21 ဗင်္ယာမိန်အမျိုးထဲက ခိသလုန်သား ဧလိဒဒ်။
34:22 ဒန်အမျိုးကို အုပ်စိုးသောသူ၊ ယောဂလိသား ဗုက္ကိ။
34:23 ယောသပ်သားတို့တွင် မနာရှေအမျိုးကိုအုပ်စိုးသောသူ၊ ဧဖုဒ်သား ဟံယေလ။
34:24 ဧဖရိမ်အမျိုးကို အုပ်စိုးသောသူ၊ ရှိဖတန်သား ကေမွေလ။
34:25 ဇာဗုလုန်အမျိုးကိုအုပ်စိုးသောသူ၊ ပါနက်သား ဧလိဇဖန်။
34:26 ဣသခါအမျိုးကိုအုပ်စိုးသောသူ၊ အဇ္ဇန်သား ပါလတေလ။
34:27 အာရှာအမျိုးကိုအုပ်စိုးသောသူ၊ ရှေလောမိသား အဘိဟုဒ်။
34:28 နဿလိအမျိုးကိုအုပ်စိုးသောသူ၊ အမိဟုဒ်သား ပေဒဟေလတည်း။
34:29 ဤသူတို့သည် ခါနာန်ပြည်၌ ဣသရေလအမျိုးသားတို့အား အမွေမြေကို ဝေပေးစေခြင်းငှာ ထာဝရဘုရားခန့်ထားတော်မူသောသူ ဖြစ်ကြသတည်း။