Numbers 35
35:1 မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တစ်ဖက်၌ ထာဝရဘုရားသည် မောရှေကိုခေါ်တော်မူ၍၊
35:2 သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သူတို့သည် အမွေခံသောမြေ၌ လေဝိသားတို့နေစရာဖို့ မြို့တို့ကိုလည်းကောင်း၊ မြို့ပတ်လည်နယ်တို့ကိုလည်းကောင်း ပေးရကြမည်။
35:3 ထိုမြို့တို့သည် လေဝိသားနေစရာဖို့ဖြစ်၍၊ မြို့ပတ်လည်နယ်တို့၌ သိုးနွား အစရှိသောတိရစ္ဆာန်များနှင့် ဥစ္စာများကိုထားရမည်။
35:4 လေဝိသားတို့အားပေးသော မြို့နယ်တို့ကို မြို့ပြင်ပတ်လည်၌ အတောင်တစ်ထောင် ကျယ်စေရမည်။
35:5 မြို့ပြင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်လေးမျက်နှာ၌ နှစ်ထောင်စီတိုင်းထွာ၍၊ ထိုမြေအလယ်ချက်၌ မြို့တည်ရမည်။ ဤရွေ့ကား၊ မြို့နယ်အတိုင်း အရှည်ဖြစ်ရသတည်း။
35:6 လေဝိသားတို့အား ပေးသောမြို့တို့တွင်၊ လူကိုသတ်သောသူသည် ပြေး၍မှီခိုရာမြို့ ခြောက်မြို့တို့ကို ရွေးထားရမည်။ ထိုမြို့များအပြင် အခြားသော မြို့လေးဆယ်နှစ်မြို့တို့ကို ပေးရမည်။
35:7 ထိုသို့လေဝိသားတို့အား ပေးရသောမြို့ပေါင်းကား၊ နယ်နှင့်တကွ လေးဆယ်ရှစ်မြို့ ဖြစ်သတည်း။
35:8 ထိုမြို့တို့ကို ဣသရေလအမျိုးသားပိုင်သော မြေထဲကနုတ်ရမည်။ များသောမြေကိုရသောသူသည် များသောမြို့၊ နည်းသောမြေကိုရသောသူသည် နည်းသောမြို့တို့ကို ပေးရမည်။ လူအသီးအသီးတို့သည် အမွေခံရသည်အတိုင်း၊ မိမိတို့မြို့များထဲကနုတ်၍ လေဝိသားတို့အားပေးရမည်။
35:9 တစ်ဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
35:10 သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍၊ ခါနာန်ပြည်သို့ရောက်ကြသောအခါ၊
35:11 လူအသက်ကို အမှတ်တမဲ့သတ်မိသောသူပြေး၍ မှီခိုရာမြို့တို့ကို ရွေးထားရမည်။
35:12 ထိုမြို့တို့ကား၊ လူအသက်ကိုသတ်သောသူသည် ပရိသတ်ရှေ့သို့ရောက်၍၊ တရားစီရင်ခြင်းကို မခံမီတိုင်အောင်၊ သေစားသေစေသောသူ၏ လက်မှလွတ်၍ မှီခိုရာမြို့ဖြစ်ရသတည်း။
35:13 လေဝိသားတို့အား ပေးသောမြို့တို့တွင် ယော်ဒန်မြစ်အရှေ့ဘက်၌ မှီခိုရာမြို့သုံးမြို့၊
35:14 ခါနာန်ပြည်၌ မှီခိုရာမြို့သုံးမြို့၊ ပေါင်းခြောက်မြို့တို့ကို ရွေးထားရမည်။
35:15 ထိုမြို့ခြောက်မြို့တို့ကား၊ လူအသက်ကို အမှတ်တမဲ့သတ်မိသော ဣသရေလအမျိုးသား၊ သင်တို့တွင်တည်းခိုသော တစ်ပါးသောအမျိုးသားတို့သည်ပြေး၍ မှီခိုရာမြို့ဖြစ်သတည်း။
35:16 သို့ရာတွင် လူအသက်ကိုသေစေခြင်းငှာ၊ သံလက်နက်နှင့်ရိုက်လျှင် လူသတ်ဖြစ်၏။ လူသတ်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။
35:17 လူအသက်ကိုသေစေခြင်းငှာ ကျောက်ခဲနှင့်ပစ်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။
35:18 လူအသက်ကိုသေစေခြင်းငှာ သစ်သားလက်နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။
35:19 သေစားသေစေသောသူသည် လူသတ်ကိုတွေ့သောအခါ၊ ကိုယ်တိုင်သတ်ရမည်။
35:20 သူတစ်ပါးကို အငြိုးထား၍တွန်းချသော်လည်းကောင်း၊ သေစေခြင်းငှာ ချောင်းမြောင်း၍ တစ်စုံတစ်ခုနှင့်ပစ်သော်လည်းကောင်း၊
35:21 သေစေခြင်းငှာ မုန်းသောစိတ်ရှိ၍ လက်နှင့်ရိုက်သော်လည်းကောင်း၊ ထိုသို့ပြုသောသူသည် လူသတ်ဖြစ်သောကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေစားသေစေသောသူသည် တွေ့သောအခါသတ်ရမည်။
35:22 သို့မဟုတ် မုန်းသောစိတ်မရှိဘဲ အမှတ်တမဲ့တွန်းချသော်လည်းကောင်း၊ မချောင်းမြောင်းဘဲ တစ်စုံတစ်ခုနှင့် ပစ်မိသော်လည်းကောင်း၊
35:23 သူ၏ရန်သူမဟုတ်၊ မုန်းသောစိတ်မရှိ၊ သူ့ကိုမမြင်ဘဲလျက် သေအောင်ကျောက်ခဲနှင့် ပစ်မိသော်လည်းကောင်း၊
35:24 ယခုစီရင်ထုံးဖွဲ့သည်အတိုင်း၊ ပရိသတ်တို့သည် သတ်သောသူနှင့် သေစားသေစေသောသူ စပ်ကြား၌တရားစီရင်၍၊
35:25 သတ်သောသူကို သေစားသေစေသောသူ၏လက်မှနုတ်သဖြင့်၊ အထက်ကပြေး၍ မှီခိုသောမြို့သို့ ပြန်ပို့ရမည်။ ဓမ္မဆီလောင်းခြင်းကိုခံရသော ယဇ်ပုရောဟိတ်မင်း မသေမီတိုင်အောင် ထိုမြို့၌နေရမည်။
35:26 လူအသက်ကိုသတ်မိသောသူသည် ပြေး၍ မှီခိုသောမြို့နယ်ပြင်သို့ ထွက်သော်၊
35:27 သေစားသေစေသောသူသည် မြို့နယ်ပြင်မှာ ထိုသူကိုတွေ့၍သတ်လျှင်၊ လူအသက်ကိုသတ်သော အပြစ်မရှိ။
35:28 အကြောင်းမူကား၊ ထိုသူသည် ယဇ်ပုရောဟိတ်မင်း မသေမီတိုင်အောင်၊ မိမိမှီခိုသောမြို့ထဲမှာ နေရမည်။ ယဇ်ပုရောဟိတ်မင်း သေသောနောက်မှ၊ ထိုသူသည် မိမိပိုင်သောမြေသို့ ပြန်ရသောအခွင့်ရှိ၏။
35:29 ဤရွေ့ကား၊ သင်တို့သည် နေလေရာရာ၌ သားမြေးအစဉ်အဆက်စောင့်ရသော စီရင်ထုံးဖွဲ့ချက်ဖြစ်သတည်း။
35:30 လူအသက်ကိုသတ်၍ လူသတ်ဖြစ်သောသူမည်သည်ကား၊ သက်သေခံချက် ရှိသည်အတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ သို့ရာတွင် သက်သေတစ်ယောက်တည်းသာရှိလျှင် မသတ်ရ။
35:31 အသေခံထိုက်သောလူသတ်၏ အသက်ဖိုးငွေကို မခံမယူရ။ သူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။
35:32 မှီခိုရာမြို့သို့ပြေးသောသူသည်၊ ယဇ်ပုရောဟိတ်မင်းမသေမီ၊ မိမိနေရင်းအရပ်သို့ ပြန်၍နေမည်အကြောင်း၊ အရွေးငွေကို မခံမယူရ။
35:33 ထိုသို့ သင်တို့နေသောပြည်ကို မညစ်ညူးစေရ။ လူအသွေးသည် ပြည်ကိုညစ်ညူးစေတတ်၏။ လူအသွေးကို သွန်းသောသူ၏ အသွေးအားဖြင့်သာ ထိုညစ်ညူးခြင်းကို စင်ကြယ်စေနိုင်၏။
35:34 ငါကျိန်းဝပ်၍ သင်တို့နေသောပြည်ကို မညစ်ညူးစေရ။ ငါထာဝရဘုရားသည် ဣသရေလအမျိုးသားတို့တွင် ကျိန်းဝပ်သည်ဟု မိန့်တော်မူ၏။