Numbers 36
36:1 ယောသပ်အမျိုးဖြစ်သော မနာရှေနှင့် မာခိရတို့မှ ဆင်းသက်သော ဂိလဒ်၏သား အဆွေအမျိုးသူကြီးတို့သည်၊ မောရှေအစရှိသော ဣသရေလအမျိုးသားအဆွေအမျိုး သူကြီးတို့ထံသို့လာ၍၊
36:2 အကျွန်ုပ်တို့သခင်သည် စာရေးတံချသဖြင့်၊ ဣသရေလအမျိုးသားတို့အား ခါနာန်ပြည်ကို အမွေပေးစေခြင်းငှာလည်းကောင်း၊ အကျွန်ုပ်တို့အစ်ကို ဇလောဖဒ်၏အမွေမြေကို သူ၏သမီးတို့အား ပေးစေခြင်းငှာလည်းကောင်း၊ ထာဝရဘုရားအမိန့်တော်ရှိပါ၏။
36:3 ထိုမိန်းမတို့သည် မိမိအမျိုးမှတစ်ပါး၊ အခြားသော ဣသရေလအမျိုးသားနှင့် စုံဖက်လျှင်၊ သူတို့အမွေမြေကို အကျွန်ုပ်တို့ မိဘအစဉ်အဆက်အမွေမှနုတ်၍ သူတို့ဝင်သောအမျိုး၏ အမွေထဲ၌ပါသွားသဖြင့်၊ အကျွန်ုပ်တို့အမွေမြေသည် လျော့ပါလိမ့်မည်။
36:4 ဣသရေလအမျိုးသားတို့၌ ယုဘိလနှစ်ရောက်သောအခါ၊ သူတို့အမွေမြေသည် သူတို့ဝင်သောအမျိုး၏အမွေ၌ အမြဲတည်သဖြင့်၊ အကျွန်ုပ်တို့၏ မိစဉ်ဘဆက်အမွေမှ အစဉ်နုတ်လျက် ရှိပါလိမ့်မည်ဟု လျှောက်ထားကြ၏။
36:5 ထိုအခါ မောရှေသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း၊ ဣသရေလအမျိုးသားတို့အား မှာထားလေသည်မှာ၊ ယောသပ်အမျိုးသားတို့၏စကားသည် လျောက်ပတ်ပေ၏။
36:6 ဇလောဖဒ်သမီးတို့၏အမှု၌ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့သည် အလိုရှိသောသူနှင့် စုံဖက်ပါလေစေ။ သို့ရာတွင် မိစဉ်ဘဆက် အမျိုးသားမှတစ်ပါး၊ အခြားသူနှင့် စုံဖက်ခြင်းကို မပြုစေနှင့်။
36:7 ဣသရေလအမျိုးသားတို့၏ အမွေမြေသည် တစ်မျိုးမှတစ်မျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အပေါင်းတို့သည်၊ အသီးအသီး မိမိတို့မိစဉ်ဘဆက်အမွေမြေ၌ နေရကြမည်။
36:8 ဣသရေလအမျိုး တစ်စုံတစ်မျိုး၌ အမွေမြေရှိသောမိန်းမသည် မိမိတို့မိစဉ်ဘဆက် အမျိုးသားနှင့် စုံဖက်ရမည်။ ထိုသို့ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့မိစဉ်ဘဆက် အမွေမြေကိုခံစားရကြမည်။
36:9 အမွေမြေသည် တစ်မျိုးမှတစ်မျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့အမွေမြေ၌နေရကြမည်ဟု မိန့်တော်မူ၏။
36:10 ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ ဇလောဖဒ်၏သမီးမာလာ၊
36:11 တိရဇာ၊ ဟောဂလာ၊ မိလကာ၊ နောအာတို့သည်ပြု၍၊ ဘကြီးသား၊ ဘထွေးသားတို့နှင့် စုံဖက်ကြ၏။
36:12 ထိုသို့ ယောသပ်တွင်မြင်သော မနာရှေသားအဆွေအမျိုး၌ စုံဖက်ခြင်းအမှုကိုပြု၍၊ သူတို့အမွေမြေသည် သူတို့မိစဉ်ဘဆက် အမျိုးတည်နေ၏။
36:13 ဤရွေ့ကား၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား ယေရိခေါမြို့တစ်ဖက်၌ ထာဝရဘုရားသည် မောရှေအားဖြင့် ဣသရေလအမျိုးသားတို့အား ထားတော်မူသော စီရင်ထုံးဖွဲ့ချက်ဖြစ်သတည်း။ ရှင်မောရှေစီရင်ရေးထားသော တောလည်ရာကျမ်းပြီး၏။