Numbers 5
5:1 တစ်ဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
5:2 ငါနေသောတပ်ကို မညစ်ညူးစေခြင်းငှာ၊ ဣသရေလအမျိုးသားတို့သည် နူသောသူ၊ ရိနာစွဲသောသူ၊ အသေကောင်ထိ၍ မစင်ကြယ်သောသူ ယောက်ျားမိန်းမအပေါင်းတို့ကို၊ တပ်ပြင်မှာနေရာချထား ရမည်အကြောင်း ဆင့်ဆိုလော့ဟု
5:4 မောရှေအားမိန့်တော်မူသည်အတိုင်း ဣသရေလအမျိုးသားတို့သည်ပြုကြ၏။
5:5 တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
5:6 လူပြုတတ်သောဒုစရိုက်ကိုပြု၍၊ ထာဝရဘုရားကိုပြစ်မှားသဖြင့် အပြစ်ရောက်သောယောက်ျားမိန်းမသည်၊
5:7 ထိုအပြစ်ကို ဖော်ပြ၍တောင်းပန်ရမည်။ ပြစ်မှားသောအတွက်၊ ငါးစုတစ်စုကိုထပ်၍ ပြစ်မှားခံသောသူအားပေးရမည်။
5:8 ထိုအပြစ်အတွက် ပေးသောဥစ္စာကိုခံထိုက်သော အမျိုးသားချင်းမရှိလျှင်၊ ယဇ်ပုရောဟိတ်အဖို့ ထာဝရဘုရားအားပူဇော်ရမည်။ ထိုမှတစ်ပါး အပြစ်ဖြေစေခြင်းငှာ အပြစ်ဖြေရာယဇ်ဖို့ သိုးတစ်ကောင်ကိုပူဇော်ရမည်။
5:9 ယဇ်ပုရောဟိတ်အား ဣသရေလအမျိုးသားပူဇော်၍ သန့်ရှင်းသောအရာရှိသမျှတို့သည်၊ ယဇ်ပုရောဟိတ်၏ဥစ္စာ ဖြစ်ရမည်။
5:10 လူတိုင်းသန့်ရှင်းစေ၍ ယဇ်ပုရောဟိတ်အား လှူသမျှတို့သည်လည်း ယဇ်ပုရောဟိတ်၏ဥစ္စာဖြစ်ရမည်ဟု မိန့် တော်မူ၏။
5:11 တစ်ဖန်မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
5:12 လင်ရှိသောမိန်းမသည် အခြားတစ်ပါးသောယောက်ျားနှင့် မှားယွင်း၍ လင်ကိုပြစ်မှားလျှင်လည်းကောင်း၊ မှားယွင်းစဉ်တွင် သူတစ်ပါးမတွေ့မိ၊ သက်သေမရှိ၊ သီလပျက်သော်လည်း ထိုအမှုကိုဝှက်ထား၍ လင်မသိလျှင်လည်းကောင်း၊
5:14 သီလပျက်သည်ဖြစ်စေ၊ မပျက်သည်ဖြစ်စေ၊ လင်သည်မယားကို မယုံလျှင်လည်းကောင်း
5:15 ထိုမိန်းမပြုရသောပူဇော်သကာဖို့ မုယောမုန့်တစ်ဩမဲပါလျက် သူ့ကိုယဇ်ပုရောဟိတ်ထံသို့ ခေါ်သွားရမည်။ မုန့်ညက်ပေါ်မှာ ဆီကိုမလောင်းရ။ လောဗန်ကို မတင်ရ။ မယားကိုမယုံခြင်းပူဇော်သကာ၊ အပြစ်ကိုဖော်တင်ရာ ပူဇော်သကာဖြစ်၏။
5:16 ယဇ်ပုရောဟိတ်သည်၊ ထိုပူဇော်သကာကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ထားရမည်။
5:17 ယဇ်ပုရောဟိတ်သည် သန့်ရှင်းသောရေကို မြေအိုး၌လောင်းပြီးလျှင်၊ တဲတော်၌ရှိသော မြေမှုန့်ကိုယူ၍ ရေထဲမှာထည့်ရမည်။
5:18 ထိုမိန်းမကို ထာဝရဘုရားရှေ့တော်မှာထားပြီးလျှင်၊ ခေါင်း၌အချည်းစည်းရှိစေ၍၊ မယားကိုမယုံခြင်း ပူဇော်သကာတည်းဟူသော သတိပေးရာပူဇော်သကာကို မိန်းမလက်၌ထည့်ရမည်။ ကျိန်ခြင်းဘေးကိုဖြစ်စေသောရေခါးကို၊ ယဇ်ပုရောဟိတ်ကိုယ်တိုင် ကိုင်ရမည်။
5:19 ထိုအခါယဇ်ပုရောဟိတ်သည်၊ ထိုမိန်းမကိုအကျိန်တိုက်လျက် သင်သည် ကိုယ်ခင်ပွန်းမှတစ်ပါး အခြားသောယောက်ျားနှင့် မှားယွင်းခြင်း၊ ညစ်ညူးခြင်းမရှိလျှင်၊ ကျိန်ခြင်းဘေးကိုဖြစ်စေသော၊ ဤရေခါးနှင့် ကင်းလွတ်စေသတည်း။
5:20 ကိုယ်ခင်ပွန်းမှတစ်ပါး အခြားသောယောက်ျားနှင့် မှားယွင်း၍ ညစ်ညူးခြင်းရှိလျှင်၊
5:21 ထာဝရဘုရားသည်၊ သင်၏ပေါင်ကိုပိန်စေ၍ ဝမ်းကိုလည်းရောင်စေသဖြင့်၊ သင့်ကိုကျိန်အပ်သောသူ၊ အထိမ်းအမှတ်ပြု၍ လူများကျိန်ဆိုခြင်းကိုခံရသောသူ ဖြစ်စေခြင်းငှာ စီရင်တော်မူစေသတည်း။
5:22 ကျိန်ခြင်းဘေးဖြစ်စေသော ဤရေသည်သင်၏ဝမ်းထဲသို့ဝင်၍ ဝမ်းရောင်ခြင်း၊ ပေါင်ပိန်ခြင်းကိုဖြစ်စေသတည်းဟု ယဇ်ပုရောဟိတ်သည် ကျိန်ခြင်းအကျိန်တိုက်လျှင် မိန်းမက၊ အာမင်၊ အာမင်ဟုဝန်ခံရမည်။
5:23 ယဇ်ပုရောဟိတ်သည်လည်း၊ ထိုအကျိန်တို့ကိုရေးမှတ်၍ တစ်ဖန် ရေခါးနှင့်ချေပြီးမှ၊
5:24 ကျိန်ခြင်းဘေးဖြစ်စေသောရေခါးကို မိန်းမအားတိုက်ရမည်။ ထိုရေသည် မိန်းမထဲသို့ဝင်၍ ခါးလိမ့်မည်။
5:25 ထိုအခါယဇ်ပုရောဟိတ်သည်၊ မယားကိုမယုံခြင်းပူဇော်သကာကို မိန်းမလက်မှယူ၍ ထာဝရဘုရားရှေ့တော်၌ချီလွှဲလျက် ယဇ်ပလ္လင်ပေါ်မှာဆက်ပြီးလျှင်၊
5:26 မုန့်ညက်တစ်လက်ဆွန်းတည်းဟူသော ပူဇော်သကာအတွက်အတာကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့၍၊ ထိုနောက်အကျိန်ရေကို မိန်းမသောက်စေရမည်။
5:27 ထိုမိန်းမသည် လင်ကိုပြစ်မှား၍ ညစ်ညူးခြင်းရှိလျှင် ကျိန်ခြင်းဘေးဖြစ်စေသောရေကို သောက်ပြီးမှ သူ့အထဲ၌ ရေဝင်၍ခါးသဖြင့် ဝမ်းရောင်ခြင်း၊ ပေါင်ပိန်ခြင်းသို့ရောက်၍ ထိုမိန်းမသည် မိမိအမျိုး၌ ကျိန်အပ်သောသူဖြစ်လိမ့်မည်။
5:28 သို့မဟုတ် ထိုမိန်းမသည်မညစ်ညူး၊ စင်ကြယ်ခြင်းရှိလျှင်၊ ဘေးနှင့်လွတ်၍ ပဋိသန္ဓေယူသောအခွင့် ရှိလိမ့်မည်။
5:29 ဤရွေ့ကား၊ မိန်းမသည် ကိုယ်ခင်ပွန်းမှတစ်ပါး အခြားသောယောက်ျားနှင့် မှားယွင်း၍ ညစ်ညူးခြင်းရှိသော်လည်းကောင်း၊
5:30 ယောက်ျားသည် မယားကိုမယုံသောသဘော စွဲလမ်းသော်လည်းကောင်း၊ စောင့်ရသော တရားပေတည်း။ ယောက်ျားသည်မယားကိုမယုံ၊ ထာဝရဘုရားရှေ့တော်၌ထားသောအခါ ယဇ်ပုရောဟိတ်သည် ဤတရားအတိုင်းစီရင်သဖြင့်၊
5:31 ယောက်ျားသည် အပြစ်နှင့်ကင်းလွတ်၍ မိန်းမသည် မိမိအပြစ်ကိုခံရမည်ဟု မိန့်တော်မူ၏။