Numbers 6
6:1 တစ်ဖန် မောရှေအား ထာဝရဘုရားက၊ သင်သည်ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
6:2 ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ထာဝရဘုရားအဖို့ မိမိကိုခြားနားစေ၍၊ နာဇရိသစ္စာပြုခြင်းငှာ မိမိကို မိမိခွဲထားသောအခါ၊
6:3 စပျစ်ရည်နှင့် ယစ်မျိုးကိုရှောင်ရမည်။ စပျစ်ရည်ချဉ်နှင့် ယစ်မျိုးချဉ်ကိုလည်း မသောက်ရ။ စပျစ်သီးဖြင့်လုပ်သောအရည်ကို အလျှင်းမသောက်ရ။ စပျစ်သီး အစိမ်းအခြောက်ကိုလည်း မစားရ။
6:4 ခြားနားလျက်နေသောကာလပတ်လုံး စပျစ်သီးအဆန်၊ စပျစ်သီးအခွံမှစ၍ စပျစ်ပင်ကဖြစ်သမျှကို မစားရ။
6:5 ခြားနားခြင်းသစ္စာစောင့်သောကာလပတ်လုံး၊ ဦးဆံကိုမရိတ်ရ။ ထာဝရဘုရားအဖို့ မိမိကိုခြားနားစေသော ကာလမစေ့မီတိုင်အောင် သူသည် သန့်ရှင်းရသဖြင့်၊ မိမိဆံပင်ကို အလိုအလျောက်တိုးပွားစေရမည်။
6:6 ထာဝရဘုရားအဖို့ မိမိကိုခြားနားစေသောကာလပတ်လုံး၊ အသေကောင်ကို မချဉ်းမကပ်ရ။
6:7 သူ၏ဘုရားသခင်အဖို့ သူ၏ခေါင်းကို ခြားနားစေသောကြောင့်၊ မိဘ၊ ညီအစ်ကို၊ နှမသေသော်လည်း ညစ်ညူးခြင်းကိုမခံရ။
6:8 ခြားနားလျက်နေသောကာလပတ်လုံး၊ ထာဝရဘုရားအဖို့ သန့်ရှင်းရမည်။
6:9 သူ့အနားမှာ တစ်စုံတစ်ယောက်သောသူသည် ချက်ချင်းသေ၍၊ သူသည် ခြားနားစေသောခေါင်းကို ညစ်ညူးစေလျှင်၊ စင်ကြယ်စေသောနေ့တည်းဟူသော သတ္တမနေ့၌ ဦးဆံကိုရိတ်ရမည်။
6:10 အဋ္ဌမနေ့၌ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တစ်ခုခုကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။
6:11 ယဇ်ပုရောဟိတ်သည်လည်း၊ အပြစ်ဖြေရာယဇ်ဖို့တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့တစ်ကောင်ကိုပူဇော်၍ ထိုသူ၌ အသေကောင်အားဖြင့်ရောက်သော အပြစ်ဖြေခြင်းကိုပြုပြီးမှ၊ ထိုနေ့ချင်းတွင် သူ၏ခေါင်းကို သန့်ရှင်းစေရမည်။
6:12 အရင်ခြားနားစေသောကာလကို ထာဝရဘုရားအဖို့ တစ်ဖန် ခြားနားစေ၍ အခါလည်သော သိုးသငယ်တစ်ကောင်ကို ဒုစရိုက်ဖြေရာယဇ်ပြု၍ ပူဇော်ရမည်။ အရင်ခြားနားခြင်းပျက်သောကြောင့် လွန်သောကာလပျောက်ရမည်။
6:13 ခြားနား၍နေသောကာလစေ့ပြီးမှ၊ နာဇရိလူစောင့်ရသောတရားဟူမူကား၊ သူသည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့သို့လာ၍၊
6:14 မီးရှို့ရာယဇ်ဖို့ အခါလည်၊ အပြစ်မပါသော သိုးသငယ်အထီးတစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ အခါလည်၊ အပြစ်မပါသော သိုးသငယ်အမတစ်ကောင်၊ မိတ်သဟာယယဇ်ဖို့ အပြစ်မပါသောဆိတ်တစ်ကောင်၊
6:15 ဆီရောသောမုန့်ညက်နှင့်လုပ်သောမုန့်ပြား၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်တည်းဟူသော တဆေးမဲ့မုန့်တစ်တောင်း၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာကို ထာဝရဘုရားအားဆက်ရမည်။
6:16 ထိုပူဇော်သကာများကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားထံတော်သို့သွင်း၍ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်ရမည်။
6:17 တဆေးမဲ့မုန့်တစ်တောင်းနှင့်တကွ၊ မိတ်သဟာယယဇ်ဆိတ်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာသွန်းလောင်းရာ ပူဇော်သကာကိုလည်းကောင်း၊ ထာဝရဘုရားအားပူဇော်ရမည်။
6:18 နာဇရိလူသည်၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ မိမိခြားနားသောဦးဆံကိုရိတ်၍၊ ထိုဆံကို မိတ်သဟာယယဇ်အောက်၌ရှိသော မီးထဲမှာထည့်ရမည်။
6:19 ခြားနားသောဦးဆံကိုရိတ်ပြီးမှ၊ ယဇ်ပုရောဟိတ်သည် ပြုတ်သော ဆိတ်ပခုံးတစ်ဖက်၊ တောင်းထဲက တဆေးမဲ့မုန့်ပြားတစ်ပြား၊ တဆေးမဲ့မုန့်ကြွပ်တစ်ချပ်ကိုယူ၍ နာဇရိလူလက်၌ထည့်ပြီးလျှင်၊
6:20 ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သကာဖို့ ချီလွှဲရမည်။ ထိုအရာတို့သည်၊ ချီလွှဲရာရင်ပတ်၊ ချီလွှဲရာပခုံးနှင့်တကွ ယဇ်ပုရောဟိတ်အဖို့ သန့်ရှင်းရမည်။ ထိုနောက်မှ နာဇရိလူသည် စပျစ်ရည်ကိုသောက်ရသောအခွင့်ရှိ၏။
6:21 ဤရွေ့ကား၊ သစ္စာပြုသောနာဇရိလူသည် အလိုအလျောက် တတ်နိုင်သမျှမှတစ်ပါး မိမိခြားနားခြင်းအတွက် ထာဝရဘုရားအားဆက်ရသော ပူဇော်သကာနှင့်ဆိုင်သော တရားပေတည်း။ သစ္စာပြုသည်အတိုင်း ခြားနားခြင်းတရားနှင့်အညီ ပြုရမည်ဟု မိန့်တော်မူ၏။
6:22 တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် အာရုန်နှင့်သူ၏သားတို့အား ဆင့်ဆိုရမည်မှာ၊
6:23 သင်တို့သည်၊ ဣသရေလအမျိုးသားတို့အား ကောင်းချီးပေး၍ မြွက်ရသောစကားဟူမူကား၊
6:24 ထာဝရဘုရားသည်၊ သင့်ကိုကောင်းချီးပေး၍ စောင့်မတော်မူပါစေသော။
6:25 ထာဝရဘုရားသည် သင်၌မျက်နှာတော်အလင်းကိုလွှတ်၍ ကရုဏာကျေးဇူးပြုတော်မူပါစေသော။
6:26 ထာဝရဘုရားသည် သင့်ကိုမျှော်ကြည့်၍ ချမ်းသာပေးတော်မူပါစေသောဟု
6:27 ဣသရေလအမျိုးသားတို့အပေါ်မှာ ငါ့နာမကိုမြွက်ဆို၍တင်လျှင် ငါသည်ထိုသူတို့ကို ကောင်းချီးမင်္ဂလာပေးမည်ဟု မိန့်တော်မူ၏။