Numbers 8
8:1 ထာဝရဘုရားကလည်း၊ သင်သည် အာရုန်အားဆင့်ဆိုရမည်မှာ၊
8:2 မီးခွက်များကိုထွန်းသောအခါ၊ မီးခွက်ခုနစ်လုံးတို့သည် မီးခုံတစ်ဖက်တစ်ချက်၌ ထွန်းလင်းရမည်ဟု၊
8:3 မောရှေအားမှာထားတော်မူသည်အတိုင်း၊ အာရုန်ပြု၍ မီးခုံတစ်ဖက်တစ်ချက်၌ မီးခွက်များကိုထွန်းလေ၏။
8:4 မီးခုံမူကား၊ ထာဝရဘုရားသည် မောရှေအားပြတော်မူသောပုံနှင့်အညီ မီးခုံတိုင်မှစ၍ ကြာပွင့်တိုင်အောင် ရွှေဖြင့်တစ်စပ်တည်းထုလုပ်သော မီးခုံဖြစ်သတည်း။
8:5 ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား
8:6 လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့အထဲက ရွေးကောက်၍ စင်ကြယ်စေလော့။
8:7 စင်ကြယ်စေခြင်းငှာ ပြုရမည်အမှုဟူမူကား၊ စင်ကြယ်ခြင်းမင်္ဂလာရေကို သူတို့အပေါ်မှာဖျန်း၍၊ သူတို့သည် တစ်ကိုယ်လုံးကိုအမွေးရိတ်ခြင်း၊ အဝတ်လျှော်ခြင်းကိုပြုသဖြင့် စင်ကြယ်စေရမည်။
8:8 ဆီရောသောမုန့်ညက်တည်းဟူသော ဘောဇဉ်ပူဇော်သကာနှင့်တကွ၊ အသက်ပျိုသောနွားထီးတစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်ကိုယူပြီးလျှင်၊
8:9 လေဝိသားတို့ကို ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ ခေါ်ခဲ့၍၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ကို စည်းဝေးစေပြီးမှ၊
8:10 လေဝိသားတို့ကို ထာဝရဘုရားရှေ့တော်သို့ဆောင်ခဲ့၍၊ သူတို့ခေါင်းပေါ်မှာ ဣသရေလအမျိုးသားတို့သည် လက်ကိုတင်သဖြင့်၊
8:11 သူတို့သည် ထာဝရဘုရား၏အမှုတော်ကို ထမ်းစေခြင်းငှာ၊ ဣသရေလအမျိုးသားတို့ပြုသော ပူဇော်သကာတည်းဟူသော လေဝိသားတို့ကို အာရုန်သည် ထာဝရဘုရားအားဆက်ရမည်။
8:12 လေဝိသားတို့သည်လည်း၊ နွားခေါင်းပေါ်မှာ မိမိတို့လက်ကိုတင်၍၊ သူတို့အဖို့ အပြစ်ဖြေခြင်းကို ပြုလိုသောငှာ၊ ထာဝရဘုရားရှေ့မှာ နွားတစ်ကောင်ကို အပြစ်ဖြေရာယဇ်၊ တစ်ကောင်ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်ရကြမည်။
8:13 လေဝိသားတို့ကို၊ အာရုန်နှင့် သူ၏သားတို့ရှေ့မှာထား၍ ထာဝရဘုရားအား ပူဇော်သကာပြုရမည်။
8:14 ထိုသို့ လေဝိသားတို့ကို ဣသရေလအမျိုးသားတို့နှင့် တခြားစီခွဲထား၍၊ သူတို့သည်အထူးသဖြင့် ငါ့လူဖြစ်ရကြလိမ့်မည်။
8:15 ထိုနောက်မှ လေဝိသားတို့သည်၊ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ခြင်းငှာ ဝင်ရကြလိမ့်မည်။ သူတို့ကိုစင်ကြယ်စေ၍ ပူဇော်သကာ၊ ပြုရသောအကြောင်းဟူမူကား၊
8:16 ဣသရေလအမျိုးထဲက သူတို့ကိုရွေးကောက်၍၊ ငါ့အားအပိုင်ပေးရမည်။ ဣသရေလအမျိုးတွင် အဦးဖွားမြင်သောသားဦးများအတွက် သူတို့ကိုငါသိမ်းယူ၏။
8:17 အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကို ငါသည်ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ကိုယ်အဖို့ သန့်ရှင်းစေသောကြောင့်၊ သားဦးအပေါင်းတို့ကို အထူးသဖြင့်ငါပိုင်ရမည်။
8:18 တစ်ဖန် ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက်၊ လေဝိသားတို့ကို ငါယူ၏။
8:19 သူတို့သည်လည်း ပရိသတ်စည်းဝေးရာတဲတော်၌၊ ဣသရေလအမျိုးသား ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်စေခြင်းငှာလည်းကောင်း၊ ဣသရေလအမျိုးသားတို့သည် သန့်ရှင်းရာဌာနတော်သို့ ချဉ်းကပ်သောအခါ၊ ဘေးဒဏ်နှင့်လွတ်မည်အကြောင်း၊ အပြစ်ဖြေခြင်းကိုပြုစေခြင်းငှာလည်းကောင်း၊ ဣသရေလအမျိုးထဲက လေဝိသားတို့ကို အာရုန်နှင့်သူ၏သားတို့အား စွန့်ကြဲပေးကမ်းသည်ဟု၊
8:20 လေဝိသားအမှု၌၊ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း မောရှေနှင့်အာရုန်အစရှိသော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် လေဝိသားတို့ကိုပြုကြလျှင်၊
8:21 သူတို့သည်စင်ကြယ်ခြင်းသို့ရောက်၍ မိမိတို့အဝတ်ကို လျှော်ကြ၏။ အာရုန်သည်လည်း၊ သူတို့ကို ထာဝရဘုရားအားဆက်ကပ်၍ သူတို့အဖို့ အပြစ်ဖြေခြင်းကိုပြုသဖြင့် စင်ကြယ်စေလေ၏။
8:22 ထိုနောက်မှ လေဝိသားတို့သည် အာရုန်နှင့် သူ၏သားတို့ရှေ့၌ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ခြင်းငှာ ဝင်ကြ၏။ လေဝိသားတို့အမှု၌ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း လူအပေါင်းတို့သည် ပြုကြ၏။
8:23 တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
8:24 လေဝိသားတို့သည် အသက်နှစ်ဆယ်ငါးနှစ်လွန်မှ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ရွက်ခြင်းငှာ ဝင်ရကြမည်။
8:25 အသက်ငါးဆယ်လွန်မှအမှုလွတ်၍ နောက်တစ်ဖန်မဆောင်ရွက်ဘဲ ပရိသတ်စည်းဝေးရာတဲတော်၌ မိမိညီအစ်ကိုတို့နှင်အတူ ကူညီ၍ အလှည့်လှည့်စောင့်ရကြမည်။ ထိုသို့ လေဝိသားများစောင့်ရသောအမှုကို စီရင်ရမည်ဟု မိန့်တော်မူ၏။