Matthew 3
3:1 ထိုကာလအခါ ဗတ္တိဇံဆရာယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။-
3:2 ထိုကြောင့် နောင်တရကြလော့ဟု ယုဒတော၌ ဟောလေ၏။
3:3 ပရောဖက်ဟေရှာယ ဟောဖူးသည်ကား၊ တော၌ဟစ်ကျော်သောသူ၏ အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ ဟူသောအချက်၌ ထိုယောဟန်ကို ဆိုလိုသတည်း။
3:4 ယောဟန်သည် ကုလားအုတ်အမွေးနှင့်ရက်သော အဝတ်ကိုဝတ်လျက်၊ ခါး၌သားရေခါးပန်းကို စည်းလျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သော ပျားရည်ကို စားလျက်နေ၏။
3:5 ထိုအခါ ယေရုရှလင်မြို့မှစ၍ ယုဒပြည်သူပြည်သား၊ ယော်ဒန်မြစ်နားမှာ နေသောသူအပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား၍၊
3:6 မိမိတို့အပြစ်များကို ဖော်ပြလျက် ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံကြ၏။
3:7 ဖာရိရှဲနှင့် ဇဒ္ဒုကဲအများတို့သည် ဗတ္တိဇံကို ခံအံ့သောငှာ လာကြသည်ကို ယောဟန်သည်မြင်လျှင်၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှာ၊ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။
3:8 နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့။
3:9 အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံသားတို့ကို ထုတ်ဖော်ဖန်ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို၏။
3:10 သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည်ဖြစ်၍၊ ကောင်းသောအသီး မသီးသောအပင် ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရ၏။
3:11 ငါသည် နောင်တအဖို့အလိုငှာ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက် ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှ ဆောင်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ မီးနှင့်လည်းကောင်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။
3:12 လက်တော်တွင် ဆန်ကောပါလျက်၊ မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ မိမိဂျုံစပါးကို ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလတ္တံ့ဟု ယောဟန်ဟောပြော၏။
3:13 ထိုအခါ ယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှာ ဂါလိလဲပြည်မှ ယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွတော်မူ၏။
3:14 ယောဟန်ကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည် အကြောင်းရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလောဟု ယေရှုကိုဆီးတားလေ၏။
3:15 ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏။
3:16 ယေရှုသည် ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကို မြင်ရ၍၊
3:17 ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။