Matthew 4
4:1 ထိုအခါ မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေမည်အကြောင်း၊ ဝိညာဉ်တော်သည် ယေရှုကို တောသို့ပို့ဆောင်တော်မူ၍၊-
4:2 ယေရှုသည် အရက်လေးဆယ်ပတ်လုံး အစာအာဟာရကို မသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။-
4:3 ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့် ဖြစ်စေခြင်းငှာ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။-
4:4 ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည် မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။-
4:5 ထိုအခါ မာရ်နတ်သည် ယေရှုကို သန့်ရှင်းသောမြို့တော်သို့ ဆောင်သွား၍ ဗိမာန်တော်၏အထွဋ်၌ တင်ထားပြီးလျှင်၊-
4:6 ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အား သင့်အဖို့ မှာထားတော်မူသည် ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှာ သူတို့သည်သင့်ကို လက်နှင့် မစချီပင့်ကြလိမ့်မည်ဟု လာ၏။ ထိုကြောင့် ဘုရားသခင်၏ သားတော်မှန်လျှင် ကိုယ်ကို အောက်သို့ချလိုက်တော်မူပါဟု လျှောက်လေ၏။-
4:7 ယေရှုကလည်း သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစာလာပြန်သည်ဟု မိန့်တော်မူ၏။-
4:8 တစ်ဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကိုလည်းကောင်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကိုလည်းကောင်း ပြညွှန်၍၊-
4:9 ကိုယ်တော်သည် ငါ့ကို ညွှတ်ပျပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်ဟုဆိုလေ၏။-
4:10 ယေရှုကလည်း အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု မိန့်တော်မူ၏။-
4:11 ထိုအခါ မာရ်နတ်သည် အထံတော်မှထွက်သွား၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက် လုပ်ကျွေးကြ၏။-
4:12 ယောဟန်သည် ထောင်ထဲသို့ရောက်ကြောင်းကို ယေရှုသည်ကြားလျှင်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၍၊-
4:13 နာဇရက်မြို့ကို စွန့်သွားလျက်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်စပ်ကြားတွင် အိုင်နှင့်နီးစပ်သော ကပေရနောင်မြို့သို့ ရောက်၍ နေတော်မူ၏။-
4:14 ဤအကြောင်းအရာကား၊ ပရောဖက်ဟေရှာယ၏ နှုတ်ထွက်ပြည့်စုံမည် အကြောင်းတည်း။-
4:15 နှုတ်ထွက်အချက် ဟူမူကား၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်တည်းဟူသော အိုင်နားလျှောက်သောလမ်း၊ ယော်ဒန်မြစ်တစ်ဖက်၊ တစ်ပါးအမျိုးသားနေရာ ဂါလိလဲပြည်၊-
4:16 မှောင်မိုက်ထဲမှာရှိနေသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ်တွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏ဟု ဟောထားသတည်း။-
4:17 ထိုအခါမှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ ဟူသော တရားကို ဟောစပြုတော်မူ၏။-
4:18 ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ပေတရုဟူ၍ခေါ်ဝေါ်သော ရှိမုန်နှင့် အနြေ္ဒ၊ ညီအစ်ကို နှစ်ယောက်တို့သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊
4:19 ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါ ဖြစ်စေခြင်းငှာ ငါပြုမည်ဟု အမိန့်တော်ရှိလေသော်၊
4:20 ထိုသူတို့သည် ချက်ချင်း ပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။
4:21 ထိုမှလွန်ပြန်လျှင် အခြားသောညီအစ်ကိုနှစ်ယောက်၊ ဇေဗေဒဲ၏သားယာကုပ်နှင့် ယောဟန်တို့သည် သူတို့အဘနှင့်အတူ လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကို မြင်၍ ခေါ်တော်မူ၏။
4:22 ထိုသူတို့သည်လည်း ချက်ချင်း အဘနှင့် လှေကို စွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။
4:23 ယေရှုသည် တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင် အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တစ်ပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။
4:24 သတင်းတော်သည်လည်း ရှုရိပြည်၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍ နတ်ဝင်သောသူ၊ ဝက်ရူးစွဲသောသူ၊ လက်ခြေသေသောသူမှစသော အထူးထူးအပြားပြားသော အနာရောဂါစွဲ၍ မကျန်းမမာသောသူ ရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့ကြ၍၊ သူတို့၏အနာရောဂါကို ငြိမ်းစေတော်မူ၏။
4:25 ဂါလိလဲပြည်၊ ဒေကပေါလိပြည်၊ ယေရှုရှလင်မြို့မှစသော ယုဒပြည်၊ ယော်ဒန်မြစ်တစ်ဖက်မှ လာသော လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။