Acts 2
2:1 ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်း စည်းဝေး၍နေကြ၏။-
2:2 ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည် တစ်ခဏချင်းတွင် ကောင်းကင်မှလာ၍၊ ထိုသူတို့ နေထိုင်သောအိမ်ကို ဖြည့်လေ၏။-
2:3 ထိုခဏချင်းတွင် ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးအသီးတို့အပေါ်၌ တည်နေကြ၏။-
2:4 ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။
2:5 ထိုကာလအခါ၊ ကောင်းကင်အောက်တွင် ရှိလေသမျှသောလူမျိုးထဲက ဘုရားကိုရိုသေသော ယုဒလူတို့သည် ယေရုရှလင်မြို့၌ တည်းနေကြသတည်း။-
2:6 ထိုအသံကိုကြားရသောအခါ၊ လူများတို့သည်စုဝေးလာကြလျှင်၊ အသီးသီးအခြားခြားသော မိမိတို့ ဘာသာစကားဖြင့် တမန်တော်တို့ဟောပြောသည်ကို ကြားရ၍ မှိုင်တွေလျက်ရှိနေကြ၏။-
2:7 ထိုလူအပေါင်းတို့သည် အံ့ဩမိန်းမောတွေဝေလျက်ရှိ၍၊ ယခုဟောပြောသောသူအပေါင်းတို့သည် ဂါလိလဲလူဖြစ်ကြသည် မဟုတ်လော။-
2:8 သို့ဟုတ်လျှင် ငါတို့သည် အသီးအသီးမွေးဖွားရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ်သို့နည်း။-
2:9 ပါသိပြည်မှစ၍ မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊-
2:10 ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အဲဂုတ္တုပြည်၌နေသောသူ၊ ကုရေနေမြို့နှင့်စပ်သော လိဗုကျေးလက်၌ နေသောသူ၊ ရောမမြို့မှလာသော ဧည့်သည်များ၊ ယုဒလူဖြစ်စေ၊ ဘာသာဝင်ဖြစ်စေ၊-
2:11 ကရေတေပြည်သား၊ အာရပ်ပြည်သား၊ အသီးအသီးဖြစ်ကြသောငါတို့အား ဤသူများသည် ဘုရားသခင်၏ အံ့ဖွယ်သောအမှုတို့ကို ငါတို့အမျိုးဘာသာစကားဖြင့် ဟောပြောကြသည်ကို ကြားရပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။-
2:12 ထိုလူအပေါင်းတို့သည် မိန်းမောတွေးတောသောစိတ် ရှိသည်နှင့်၊ ဤအမှုအရာသည် အဘယ်သို့သော အမှုအရာဖြစ်သနည်းဟု တစ်ယောက်ကိုတစ်ယောက် ပြောဆိုကြ၏။-
2:13 လူအချို့တို့က၊ ဤသူတို့သည် ချိုသောစပျစ်ရည်နှင့် ပြည့်ဝသည်ဟု ကဲ့ရဲ့ပြောဆိုကြ၏။
2:14 ထိုအခါ တစ်ကျိပ်တစ်ပါးသော တမန်တော်တို့နှင့်တကွ ပေတရုသည်ထလျက်၊ ထိုသူတို့ကို ကျယ်သောအသံနှင့် ဟောပြောသည်ကား၊ ယေရုရှလင်မြို့သားတို့နှင့် ယုဒလူအပေါင်းတို့၊ သင်တို့သည် ဤအရာကို သိမှတ်၍ ငါ့စကားကို စေ့စေ့နာခံကြလော့။-
2:15 ယခုအချိန်ကား နံနက်တစ်ချက်တီးအချိန်သာ ရှိသည်ဖြစ်၍၊ သင်တို့ထင်သည်အတိုင်း ဤသူတို့သည် ယစ်မူးကြသည်မဟုတ်။-
2:16 ဤအရာကား ပရောဖက်ယောလဟောဖူးသောအရာ ဖြစ်သတည်း။-
2:17 ဟောဖူးသောအချက်ကား၊ နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ငယ်သောသူတို့သည် ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည်လည်း နိမိတ်အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။-
2:18 ထိုကာလ၌လည်း ငါ၏အမှုကိုဆောင်ရွက်သော ယောက်ျားမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။-
2:19 အထက်မိုးကောင်းကင်၌ အံ့ဖွယ်သော အရာတို့ကိုလည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌ သွေး၊ မီးလျှံ၊ မီးခိုးတည်းဟူသော ပုပ္ပနိမိတ်တို့ကိုလည်းကောင်း ငါပြမည်။-
2:20 ထာဝရဘုရား၏ ထူးမြတ်သောနေ့ကြီးမတိုင်မီ၊ နေသည် မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။-
2:21 ထိုအခါထာဝရဘုရားကို ပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့ဟု ဘုရားဗျာဒိတ်တော်ရှိ၏။
2:22 ဣသရေလလူတို့၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့ သိကြသည်အတိုင်း နာဇရက်မြို့သား ယေရှုသည် ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို သင်တို့တွင်ပြုရသောအခွင့်နှင့် ဘုရားသခင်ပေးတော်မူသော သက်သေကို ရသောသူဖြစ်၍၊-
2:23 ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်အားဖြင့်လည်းကောင်း၊ အနာဂတံသ ဉာဏ်တော်အားဖြင့်လည်းကောင်း၊ အပ်နှံခြင်းကိုခံသော ထိုယေရှုကို သင်တို့သည် ဖမ်းဆီး၍ မတရားသောသူတို့လက်ဖြင့် လက်ဝါးကပ်တိုင်၌ ရိုက်၍ ကွပ်မျက်ကြပြီ။-
2:24 ထိုသူကို သေခြင်းဝေဒနာသည် အစဉ်ချည်နှောင်ချုပ်ကိုင်၍ မဖြစ်နိုင်သည်နှင့်၊ ထိုဝေဒနာကို ဘုရားသခင်သည် ချွတ်ပယ်၍ ထမြောက်စေတော်မူပြီ။-
2:25 ထိုသူကိုအကြောင်းပြုလျက် ဒါဝိဒ်မင်းက၊ ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏။ အကြောင်းမူကား ငါ့လက်ယာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍ ငါသည်လှုပ်ရှားခြင်းမရှိရ။-
2:26 ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှတစ်ပါး ငါ့အသားသည် မျှော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။-
2:27 အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံ၌ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူဘဲလျက်၊ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်။-
2:28 မျက်နှာတော်ကို ဖူးမြင်ရသောအားဖြင့် ဝမ်းမြောက်သောစိတ်နှင့် အကျွန်ုပ်ကို ပြည့်စုံစေတော်မူလိမ့်မည်ဟု ဒါဝိဒ်ဆိုသတည်း။-
2:29 ညီအစ်ကိုတို့၊ အမျိုး၏အဘဖြစ်သော ဒါဝိဒ်၏အကြောင်းကို ငါသည် သင်တို့အား အတည့်အလင်း ပြောပါရစေ။ ထိုဒါဝိဒ်သည် သေ၍ သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင် ငါတို့၌ရှိ၏။-
2:30 ထိုသူသည် မိမိအမျိုးအနွယ်ထဲက လူဇာတိအားဖြင့် ခရစ်တော်ကို ဘုရားသခင်ထမြောက်စေ၍ မိမိပလ္လင်ပေါ်မှာ တင်တော်မူမည်အကြောင်း ဓိဋ္ဌာန်ကျိန်ဆိုတော်မူသည်ကို ပရောဖက်ဉာဏ်အားဖြင့်သိ၍၊-
2:31 ခရစ်တော်၏ ထမြောက်ခြင်းအကြောင်းကို ရည်မှတ်လျက်၊ ထိုခရစ်တော်၏စိတ်ဝိညာဉ်ကို မရဏနိုင်ငံ၌ ပစ်ထားတော်မမူ။ အသားသည်လည်း ပုပ်စပ်ခြင်းသို့မရောက်ဟု အနာဂတံသဉာဏ်နှင့် ဟောလေ၏။-
2:32 ထိုယေရှုကို ဘုရားသခင် ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ၏။-
2:33 ထိုသို့ဘုရားသခင်သည် လက်ယာလက်တော်နှင့် ချီးမြှောက်တော်မူသဖြင့်၊ ထိုသခင်သည် ကတိတော်နှင့် ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံ၌ ခံပြီဖြစ်၍ သင်တို့သိမြင်ကြားရသောအရာကို ညွှန်းလောင်းတော်မူ၏။-
2:34 ဒါဝိဒ်သည် ကောင်းကင်သို့မတက်သေး၊-
2:35 သို့ရာတွင် ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့ဟု ငါ့သခင်အားမိန့်တော်မူသည်ဟု ဒါဝိဒ်စကားရှိ၏။-
2:36 ထိုကြောင့် သင်တို့သည်လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သောယေရှုကို ဘုရားသခင်သည် ခရစ်တော်အရာ၌လည်းကောင်း၊ အစိုးရသော အရှင်အရာ၌လည်းကောင်း ခန့်ထားတော်မူသည်အကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့ အတပ်အမှန် သိမှတ်ကြလော့ဟု ပေတရုဟောလေ၏။
2:37 ထိုသူတို့သည်ကြားရလျှင် စိတ်နှလုံးပူပန်ခြင်းရှိ၍၊ ညီအစ်ကိုတို့၊ အဘယ်သို့ပြုရပါမည်နည်းဟု ပေတရုမှစ၍ အခြားသောတမန်တော်တို့အား မေးမြန်းကြ၏။-
2:38 ပေတရုကလည်း၊ သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှာ နောင်တရ၍ တစ်ယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသော ဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။-
2:39 အကြောင်းမူကား၊ ကတိတော်သည် သင်တို့နှင့်လည်းကောင်း၊ သင်တို့၏ သားသမီးတို့နှင့်လည်းကောင်း၊ ဝေးသောသူတို့တွင် ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်တော်မူသမျှသော သူတို့နှင့်လည်းကောင်း ဆိုင်သည်ဟု ဟော၏။-
2:40 ထိုမှတစ်ပါး သဘောမဖြောင့်သော ဤအမျိုးမှ ကယ်တင်ခြင်းသို့ ရောက်ကြလော့ဟူ၍ အထူးထူး အပြားပြားသောစကားနှင့် သက်သေခံ၍ တိုက်တွန်းသွေးဆောင်လေ၏။
2:41 ထိုစကားကို အသင့်နှလုံးသွင်းမိသောသူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သော သူတို့သည် ဝင်ကြ၏။-
2:42 ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပတ္ထနာပြုခြင်းတို့ကို အမြဲဆောင်ရွက်၍ နေကြ၏။
2:43 လူအပေါင်းတို့သည် ကြောက်လန့်ခြင်းရှိသည်ဖြစ်၍ တမန်တော်တို့သည် များစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြုကြ၏။-
2:44 ယုံကြည်သော သူအပေါင်းတို့သည် တစ်စုတစ်ဝေးတည်းနေကြသဖြင့်၊ မိမိတို့၌ရှိသမျှကို ဆက်ဆံ၍ သုံးဆောင်ကြ၏။-
2:45 မိမိတို့ဥစ္စာပစ္စည်းများကို ရောင်းပြီးလျှင်၊ လူများဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေငှခြင်းကို ပြုကြ၏။-
2:46 ထိုသူတို့သည်လည်း ဗိမာန်တော်၌ နေ့တိုင်းအစဉ် တညီတညွတ်တည်းနေ၍၊ ကိုယ်အိမ်၌ မုန့်ကိုဖဲ့လျက် ကြည်ဖြူရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် အစာအာဟာရကို သုံးဆောင်ကြ၏။-
2:47 ဘုရားသခင်ကိုလည်း ချီးမွမ်း၍ လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့်လန်းခြင်း အခွင့်ကိုရကြ၏။ ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။