Acts 3
3:1 ထိုအခါပတ္ထနာပြုရသော သုံးချက်တီးအချိန်၌ ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့ တက်ကြသည်ရှိသော်၊-
3:2 အမိဝမ်းတွင်းကပင်ခြေမစွမ်းသော သူတစ်ယောက်ကို သူတစ်ပါးတို့သည် ထမ်းလျက်လာကြ၏။ ဗိမာန်တော်သို့ ဝင်သောသူတို့မှာ စွန့်ကြဲခြင်းကိုခံစေခြင်းငှာ၊ တင့်တယ်အမည်ရှိသော တံခါးနားမှာ ထိုသူကိုထားလေ့ရှိ၏။-
3:3 ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့ဝင်မည် လာကြသည်ကို ထိုသူသည်မြင်လျှင် စွန့်ကြဲပါဟု တောင်းလေ၏။-
3:4 ထိုအခါ ပေတရုနှင့် ယောဟန်တို့သည် ထိုသူကိုစေ့စေ့ကြည့်ရှု၍ ငါတို့အား မျှော်ကြည့်လော့ဟုဆိုလျှင်၊-
3:5 ထိုသူသည်တစ်စုံတစ်ခုကို ရမည်ဟုစိတ်ထင်နှင့် တမန်တော်တို့ကို မျှော်ကြည့်လျက်နေ၏။-
3:6 ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ။ ရှိသည်အရာကို သင့်အားငါပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍လှမ်းသွားလော့ဟုဆိုလျက်၊-
3:7 သူ၏လက်ယာလက်ကို ကိုင်ဆွဲချီကြွလေသော ခဏချင်းတွင်၊ ခြေနှစ်ဖက်ဖမျက်စိတို့သည် စွမ်းအားကိုရသဖြင့်၊-
3:8 ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက်၊ ဘုရားသခင်ကို ချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ဝင်လေ၏။-
3:9 ထိုသို့လှမ်းသွား၍ ဘုရားသခင်အား ချီးမွမ်းသည်ကို လူအပေါင်းတို့သည် မြင်သောအခါ၊-
3:10 ထိုသူသည် ဗိမာန်တော်၏တင့်တယ်တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ၍ ထိုင်နေသောသူဖြစ်သည်ကို သိကြသောကြောင့်၊ သူ၌ဖြစ်သည် အမှုကို အံ့ဩမိန်းမောတွေဝေခြင်းရှိ၍၊
3:11 ထိုသူသည် ပေတရုနှင့် ယောဟန်ကို အမှီပြုလျက်ရှိရာအရပ်၊ ရှောလမုန်ကနားပြင်အမည်ရှိသော ကနားပြင်သို့ပြေးဝင်၍ စုဝေးကြ၏။
3:12 ပေတရုသည် မြင်လျှင်၊ ဣသရေလလူတို့ အဘယ်ကြောင့် ဤအမှုကို အံ့ဩကြသနည်း။ ဤသူသည် လှမ်းသွားနိုင်သောအခွင့်ကို ငါတို့သည် ကိုယ်တန်ခိုး၊ ကိုယ်သီလအားဖြင့်ပေးဘိသကဲ့သို့ အဘယ်ကြောင့် ငါတို့ကို စေ့စေ့ကြည့်ရှုကြသနည်း။-
3:13 အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရားသခင်၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် မိမိသားတော်၏ ဘုန်းကိုထင်ရှားစေတော်မူပြီ။ ထိုသခင်ကို သင်တို့သည် ပိလတ်မင်းလက်သို့အပ်နှံ၍၊ ထိုမင်းသည် လွှတ်မည်အကြံရှိသော်လည်း သင်တို့သည် ထိုသခင်ကိုငြင်းပယ်ကြ၏။-
3:14 သန့်ရှင်းဖြောင့်မတ်တော်မူသော သခင်ကိုငြင်းပယ်၍၊ လူအသက်ကို သတ်ခြင်းအပြစ် ရှိသောသူတစ်ယောက်ကို ရမည်အကြောင်း တောင်းပန်သဖြင့်၊-
3:15 အသက်ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင်ကို ကွပ်မျက်ကြပြီတကား၊ ထိုအရှင်ကို ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေတော်မူသည်ကို ငါတို့သည် သက်သေခံဖြစ်ကြ၏။-
3:16 ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ထိုသခင်၏နာမတော်သည် သင်တို့သိမြင်သော ဤသူအား အစွမ်းကို ပေးတော်မူပြီ။ ထိုသခင်ကြောင့်ရသော ယုံကြည်ခြင်းသည် သင်တို့မျက်မှောက်တွင် ဤသူ၌စေ့စုံခြင်း အခွင့်ကိုပေး၍ရှိလေပြီ။
3:17 ယခုလည်း ညီအစ်ကိုတို့၊ သင်တို့မှစ၍ အစိုးရသောသူတို့သည် မသိဘဲလျက် ထိုသို့ပြုကြသည်ကို ငါသိ၏။-
3:18 ခရစ်တော်သည် အသေခံရမည်ဟု ပရောဖက်အပေါင်းတို့သည် ဟောပြော၍၊ ဘုရားသခင်ဖော်ပြတော်မူနှင့်သောအမှုကို ထိုသို့အားဖြင့် ပြီးစီးတော်မူပြီ။-
3:19 ထိုကြောင့် ထာဝရဘုရားထံတော်မှ ချမ်းဧသောအချိန်ကာလသည် ရောက်လာ၍၊-
3:20 သင်တို့အဖို့အလိုငှာ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော်မူမည်အကြောင်း၊ သင်တို့ အပြစ်များကို ပြေစေခြင်းငှာ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။-
3:21 ကမ္ဘာဦးမှစ၍ သန့်ရှင်းသောပရောဖက် ဆရာတော်တို့နှုတ်ဖြင့် ဘုရားသခင်ဗျာဒိတ်ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူသော ကပ်ကာလမရောက်မီတိုင်အောင် ကောင်းကင်ဘုံသည် ထိုခရစ်တော်ကို ခံယူသိမ်းဆည်းရမည်။-
3:22 ငါတို့ဘိုးဘေးများတို့အားလည်း မောရှေက၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရောဖက်တစ်ပါးကို သင်တို့အဖို့ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက် ဟောပြောသောအရာတို့ကို သင်တို့သည် နားထောင်ရကြမည်။-
3:23 အကြင်သူသည် ထိုပရောဖက်၏စကားကို နားမထောင်ဘဲနေအံ့၊ ထိုသူသည် မိမိအမျိုးထဲက ပယ်ရှင်းခြင်းကို ခံရမည်ဟုဟော၏။-
3:24 ပရောဖက်ရှမွေလမှစ၍ နောက်ဟောသော ပရောဖက်ရှိသမျှတို့သည် ဤသည်နေ့ရက်ကာလကို ဟောပြောပြညွှန်ကြပြီ။-
3:25 သင်တို့သည် ပရောဖက်အမျိုးအနွယ်ဖြစ်ကြ၏။ ဘုရားသခင်သည် အာဗြဟံကို၊ သင်၏ အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၍၊ ငါတို့ ဘိုးဘေးများတို့အား ပေးတော်မူသော ပဋိညာဉ်တရားတော်နှင့် သင်တို့သည်ဆိုင်ကြ၏။-
3:26 သင်တို့တွင် မိမိဒုစရိုက်တို့ကို ကြဉ်ရှောင်ပယ်ရှားသောသူ ရှိသမျှတို့အား ကောင်းချီးမင်္ဂလာကို ပေးစေခြင်းငှာ ဘုရားသခင်သည် မိမိသားတော်ယေရှုကို ထမြောက်စေတော်မူပြီးလျှင်၊ သင်တို့ရှိရာသို့ ရှေးဦးစွာစေလွှတ်တော်မူသည်ဟု လူများတို့အား ပေတရုဟောပြော၏။