Acts 21
21:1 ထိုသူများနှင့် ငါတို့သည် ခွာသွား၍ သင်္ဘောလွှင့်မှ ကောသကျွန်းသို့တည့်တည့်သွားသဖြင့်၊ နက်ဖြန်နေ့၌ ရောဒုကျွန်းသို့လည်းကောင်း၊ ထိုကျွန်းမှ ပါတရမြို့ သို့လည်းကောင်း ရောက်ကြ၏။-
21:2 ဖိနိတ်ပြည်သို့ကူးသော သင်္ဘောကိုတွေ့လျှင်၊ ထိုသင်္ဘောကိုစီး၍ လွှင့်ပြန်၏။-
21:3 ကုပရုကျွန်းကိုမြင်လျှင် လက်ယာဘက်၌ လျှောက်သွားသဖြင့်၊ ရှုရိပြည်သို့ကူး၍ တုရုမြို့၌ ဆိုက်လေ၏။ ထိုမြို့မှာ သင်္ဘော၌ပါသော ဝန်ကိုချရ၏။-
21:4 တပည့်တော်တို့ကိုတွေ့၍ ငါတို့သည် ခုနစ်ရက်နေကြ၏။ ပေါလုသည် ယေရုရှလင်မြို့သို့ မတက်ရမည် အကြောင်း၊ ထိုတပည့်တော်တို့သည် ဝိညာဉ်တော်အားဖြင့် ပြောကြ၏။-
21:5 ခုနစ်ရက်စေ့သောအခါ တပည့်တော်အပေါင်းတို့သည် သားမယားနှင့်တကွ မြို့ပြင်သို့ ငါတို့ကို ပို့လိုက်ကြ၍ ငါတို့သည်ထွက်သွားပြီးလျှင်၊ ပင်လယ်ကမ်းပေါ်၌ ဒူးထောက်လျက် ဆုတောင်းကြ၏။-
21:6 အချင်းချင်းနှုတ်ဆက်ပြီးမှ ငါတို့သည် သင်္ဘောပေါ်သို့တက်၍ သူတို့သည် မိမိအိမ်သို့ပြန်ကြ၏။
21:7 တုရုမြို့မှ ပတောလင်မြို့သို့ရောက်လျှင်၊ ပင်လယ်ကူးခြင်းနှင့် လွတ်ကြ၏။ ပတောလင်မြို့၌ ညီအစ်ကိုတို့နှင့် နှုတ်ဆက်၍ တစ်ရက်နေပြီးမှ၊-
21:8 နက်ဖြန်နေ့၌ ထွက်သွားပြန်၍ ကဲသရိမြို့သို့ ရောက်လျှင်၊ ဆရာခုနစ်ပါးအဝင် သာသနာပြုဆရာ ဖိလိပ္ပု၏ အိမ်သို့ဝင်၍နေကြ၏။-
21:9 ထိုသူ၌ ပရောဖက်ပြုသော သမီးကညာ လေးယောက်ရှိ၏။-
21:10 ထိုအိမ်၌ တာရှည်စွာနေကြပြီးမှ အာဂဗုအမည်ရှိသော ပရောဖက်တစ်ယောက်သည် ယုဒပြည်မှလာ၍၊-
21:11 ငါတို့ရှိရာသို့ဝင်သဖြင့်၊ ပေါလု၏ခါးပန်းကိုယူ၍ မိမိခြေလက်ကိုချည်နှောင်ပြီးလျှင်၊ ဤခါးပန်းရှင်ကို ယုဒလူတို့သည် ယေရုရှလင်မြို့၌ ချည်နှောင်၍၊ တစ်ပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်ဟု သန့်ရှင်းသော ဝိညာဉ်တော်မိန့်တော်မူသည်ဟု ဆို၏။-
21:12 ထိုစကားကိုကြားလျှင်၊ ငါတို့နှင့် ထိုအရပ်၌ ရှိသောသူတို့က၊ ယေရုရှလင်မြို့သို့ မသွားပါနှင့်ဟု ပေါလုကိုတောင်းပန်ကြ၏။-
21:13 ပေါလုကလည်း၊ အဘယ်ကြောင့် ငိုကြွေးလျက် ငါ့စိတ်နှလုံးကို ကြေကွဲစေလျက် ပြုကြသနည်း။ သခင်ယေရှု၏ နာမတော်ကြောင့် ယေရုရှလင်မြို့၌ ချည်နှောင်ခြင်းမက၊ အသေသတ်ခြင်းကိုပင်ခံခြင်းငှာ ငါအသင့်ရှိသည်ဟုဆို၏။-
21:14 ထိုသို့သွေးဆောင်ခြင်းသို့ မလိုက်သောအခါ ငါတို့သည် မသွေးဆောင်ဘဲနေ၍၊ သခင်ဘုရား အလိုတော်ရှိသည်အတိုင်း ဖြစ်ပါစေဟု ဆိုကြ၏။
21:15 ထိုနောက်မှ ငါတို့သည် အသုံးအဆောင်များကို ပြင်ဆင်၍ ယေရုရှလင်မြို့သို့ သွားကြ၏။-
21:16 ကဲသရိမြို့သားတပည့်တော်အချို့တို့သည် ငါတို့နှင့်အတူလိုက်ကြ၍၊ ငါတို့ကိုဧည့်ခံမည့်သူ မနာသုန် အမည်ရှိသော ကုပရုကျွန်းသား အသက်ကြီးသော တပည့်တော်ဆီသို့ ပို့ဆောင်ကြ၏။
21:17 ယေရုရှင်လင်မြို့သို့ရောက်သောအခါ၊ ညီအစ်ကိုတို့သည် ကြည်ညိုသောစိတ်နှင့် ငါတို့ကို လက်ခံကြ၏။-
21:18 နက်ဖြန်နေ့၌ ပေါလုသည် ငါတို့နှင့်တကွ ယာကုပ်ထံသို့ဝင်လျှင် သင်းအုပ်အပေါင်းတို့သည် စည်းဝေးကြ၏။-
21:19 ပေါလုသည် ထိုသူများကို နှုတ်ဆက်ပြီးလျှင်၊ မိမိသည် ဓမ္မဆရာအမှုကို ဆောင်ခြင်းအားဖြင့် ဘုရားသခင်သည် တစ်ပါးအမျိုးသားတို့တွင် ပြုတော်မူသမျှတို့ကို သေချာစွာ ထုတ်ဖော်ပြသလေ၏။
21:20 ထိုသူတို့သည်ကြားလျှင်၊ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။ ပေါလုအားလည်း၊ ငါတို့ညီ၊ ယုံကြည်သော ယုဒလူဘယ်နှစ်သောင်းရှိသည်ကို သင်သည် သိမြင်၏။ ထိုသူအပေါင်းတို့သည် ပညတ်တရားဘက်၌ စိတ်အားကြီးသောသူဖြစ်ကြ၏။-
21:21 တစ်ပါးအမျိုးသားတို့တွင် နေသော ယုဒလူအပေါင်းတို့သည် သူငယ်တို့အား အရေဖျားလှီးခြင်းကို မပေးရကြ။ ရှေးထုံးတမ်းအတိုင်း မကျင့်ရကြဟု သင်သည် ဆိုလျက်၊ သူတို့သည် မောရှေတရားကိုစွန့်စေခြင်းငှာ ဆုံးမဩဝါဒ ပေးတတ်သည်ကို ဤလူတို့သည် သတင်းကြားကြပြီ။-
21:22 သို့ဖြစ်၍ အဘယ်သို့ပြုရမည်နည်း။ လူအပေါင်းတို့သည် မစုဝေးဘဲမနေနိုင်ရာ။ သင်ရောက်ကြောင်းကို ကြားသိလိမ့်မည်။-
21:23 ထိုကြောင့် အကျွန်ုပ်တို့ဆိုသည်အတိုင်း ပြုပါလော့။ သစ္စာကတိပြုပြီးသော လူလေးယောက်သည် အကျွန်ုပ်တို့တွင်ရှိ၏။-
21:24 ထိုသူတို့ကို ယူ၍ သူတို့နှင့်တကွ စင်ကြယ်ခြင်းကိုပြုလျက်၊ သူတို့ခေါင်းရိတ်ခြင်းစရိတ်ကို ပေးပါလော့။ ထိုသို့ပြုလျှင် လူအပေါင်းတို့သည် မိမိတို့ကြားသော သတင်းစကားမမှန်သည်ကိုလည်းကောင်း၊ သင်သည် ကိုယ်တိုင် ပညတ်တရားကိုစောင့်ရှောက်၍ ကျင့်နေသည်ကိုလည်းကောင်း သိရကြလိမ့်မည်။-
21:25 ယုံကြည်ခြင်းသို့ရောက်သော တစ်ပါးအမျိုးသားတို့မူကား၊ ထိုသို့သောတရားကိုမကျင့်မစောင့်ဘဲလျက်၊ ရုပ်တုရှေ့မှာပူဇော်သော ယဇ်ကောင်ကိုလည်းကောင်း၊ အသွေးကိုလည်းကောင်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကိုလည်းကောင်း၊ မတရားသော မေထုန်ကိုလည်းကောင်း၊ ရှောင်စေခြင်းငှာသာ ငါတို့သည် စီရင်၍ ကြားလိုက်ခဲ့ပြီဟုဆိုကြ၏။
21:26 ထိုအခါပေါလုသည် ထိုသူတို့ကိုခေါ်၍ နက်ဖြန်နေ့၌ သူတို့နှင့်တကွ စင်ကြယ်ခြင်းကိုပြုပြီးမှ၊ ဗိမာန်တော်သို့ဝင်၍ သူတို့အတွက် အသီးအခြား ပူဇော်သကာပြုရသော အချိန်တည်းဟူသော စင်ကြယ်ခြင်းကိုပြုရသော နေ့ရက်စေ့မည့်အချိန်ကို ကြားပြောလေ၏။
21:27 ထိုခုနစ်ရက်စေ့လုသောအခါ၊ အာရှိပြည်မှလာသော ယုဒလူတို့သည် ဗိမာန်တော်၌ ပေါလုကိုမြင်လျှင် စုဝေးသောလူအပေါင်းတို့ကို တိုက်တွန်းနှိုးဆော်၍၊ ဣသရေလလူတို့၊ ကူမကြပါ။-
21:28 ဤသူကား၊ ငါတို့အမျိုးနှင့် ပညတ်တရားကိုလည်းကောင်း ဤအရပ်ဌာနကိုလည်းကောင်း၊ ခပ်သိမ်းသောအရပ်တို့၌ ဆန့်ကျင်ဘက်ပြု၍၊ လူအပေါင်းတို့အား ဆုံးမဩဝါဒ ပေးသောသူဖြစ်ပါ၏။ ထိုမျှမက၊ ဟေလသလူတို့ကို ဗိမာန်တော်ထဲသို့သွင်း၍၊ ဤသန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေပြီတကားဟု ဟစ်ကြော်၍၊ ပေါလုကို ဖမ်းဆီးကြ၏။-
21:29 အထက်ကမြို့ထဲ၌ ပေါလုနှင့်အတူ တရောဖိမ်အမည်ရှိသော ဧဖက်မြို့သားတစ်ယောက်ကို မြင်ကြသည်ဖြစ်၍၊ ထိုသူကို ပေါလုသည် ဗိမာန်တော်ထဲသို့ သွင်းသည်ဟု ထင်မှတ်ကြ၏။-
21:30 တစ်မြို့လုံးရုန်းရင်းခတ်မျှ ဖြစ်လျှင်၊ လူများတို့သည် ပြေးလာ၍ စုဝေးကြလျက်၊ ပေါလုကိုကိုင်ယူ၍ ဗိမာန်တော်ပြင်သို့ ဆွဲငင်ပြီးမှ တစ်ခဏချင်းတံခါးများတို့ကို ပိတ်ထားကြ၏။
21:31 ပေါလုကိုသတ်မည်ဟု အားထုတ်ကြသောအခါ၊ ယေရုရှလင်မြို့တစ်မြို့လုံး မငြိမ်မသက် ရုန်းရင်းခတ်မျှဖြစ်သည်ဟု လူတစ်ထောင်ကို အုပ်ချုပ်သော စစ်သူကြီးသည် သတင်းကြားလျှင်၊-
21:32 စစ်သူရဲများနှင့် တပ်မှူးတို့ကို အလျင်အမြန်ခေါ်၍ ထိုသူတို့ရှိရာသို့ဆင်းပြေး၏။ ထိုသူတို့သည် စစ်သူကြီးနှင့် စစ်သူရဲတို့ကို မြင်လျှင်၊ ပေါလုကို မရိုက်ဘဲနေကြ၏။-
21:33 ထိုအခါ စစ်သူကြီးသည်အနီးသို့ရောက်၍ ပေါလုကိုကိုင်ယူပြီးလျှင်၊ သံကြိုးနှစ်စင်းနှင့် ချည်ချေဟုစီရင်၍၊ ဤသူသည် အဘယ်သူနည်း။ အဘယ်အမှုကို ပြုမိသနည်းဟု မေးစစ်လေ၏။-
21:34 လူအစုအဝေးထဲ၌ အသီးသီးအခြားခြားဟစ်ကြော်၍ အသံများသောကြောင့်၊ စစ်သူကြီးသည် အမှန်ကိုမသိနိုင်သဖြင့်၊ ပေါလုကိုရဲတိုက်ထဲသို့ ဆောင်သွားစေခြင်းငှာ စီရင်ပြန်လေ၏။-
21:35 လူများတို့သည် ပြင်းထန်သောကြောင့်၊ လှေကားပေါ်သို့ ရောက်သောအခါ၊ စစ်သူရဲတို့သည် ပေါလုကို ချီပွေ့၍ ဆောင်ရကြ၏။-
21:36 သူ့ကိုထုတ်လော့ဟု လူများအပေါင်းတို့သည် ဟစ်ကြော်လျက်လိုက်ကြ၏။
21:37 ပေါလုသည် ရဲတိုက်ထဲသို့ဝင်လုသောအခါ၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် စကားပြောရပါမည်လောဟု စစ်သူကြီးအားမေးလျှင် စစ်သူကြီးက သင်သည် ဟေလသစကားကို ပြောတတ်သလော။-
21:38 သင်သည်အထက်ကပုန်ကန်၍ ဓားပြလေးထောင်တို့ကို တောသို့ခေါ်သွားသော အဲဂုတ္တုလူဖြစ်သည် မဟုတ်လောဟု မေး၏။-
21:39 ပေါလုကလည်း၊ အကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့၌ မွေးဖွားသော ယုဒလူဖြစ်ပါ၏။ အကျွန်ုပ်နေသောမြို့ကား၊ သာမည မြို့မဟုတ်။ ဤသူတို့အား အကျွန်ုပ်ပြောရသော အခွင့်ကိုပေးပါ။ အကျွန်ုပ်ပန်ကြားပါသည်ဟု ဆို၏။-
21:40 စစ်သူကြီးသည် အခွင့်ပေးသဖြင့်၊ ပေါလုသည် လှေကားပေါ်မှာရပ်၍ ထိုလူတို့အား မိမိလက်နှင့် အမှတ်ပေးလေ၏။ သူတို့သည် အလွန်တိတ်ဆိတ်စွာနေကြသောအခါ၊ ဟေဗြဲဘာသာအားဖြင့်မြွက်ဆိုလျက်၊