Acts 22
22:1 ညီအစ်ကို၊ အဘတို့၊ အကျွန်ုပ်သည် ကိုယ်အပြစ်ဖြေရာ စကားကို သင်တို့ရှေ့မှာ ယခုပြောစဉ်တွင် နားထောင်ကြပါဟု ဆိုလေသော်၊-
22:2 ဟေဗြဲဘာသာအားဖြင့် ပြောသည်ကို ထိုသူတို့သည် ကြားလျှင် သာ၍ အလွန်တိတ်ဆိတ်စွာနေကြ၏။
22:3 ပေါလုကလည်း၊ အကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့၌ မွေးဖွားသော ယုဒလူဖြစ်ပါ၏။ ဤမြို့မှာလည်း၊ ဂါမလျေလအမည်ရှိသော ဆရာ၏ခြေရင်း၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်ဘဆက်ကျင့်သော တရားကို သေချာစွာသိနားလည်ခြင်းငှာ နည်းဥပဒေသကိုခံပါပြီ။ သင်တို့ ရှိသမျှသည် ယနေ့တိုင်အောင် ဘုရားသခင်ဘက်၌ စိတ်အားကြီးသည်နည်းတူ၊ အကျွန်ုပ်လည်း စိတ်အားကြီးသဖြင့်၊-
22:4 ယောက်ျားမိန်းမတို့ကို ချည်နှောင်၍ ထောင်ထဲမှာ လှောင်ထားလျက် အသေသတ်ခြင်းသို့ တိုင်အောင်၊ ထိုဘာသာကိုညှဉ်းဆဲပါပြီ။-
22:5 ထိုကဲ့သို့ပင် ယဇ်ပုရောဟိတ်မင်းမှစ၍ လူအကြီးအကဲအပေါင်းတို့သည် အကျွန်ုပ်ဘက်၌ သက်သေဖြစ်ကြပါ၏။ သူတို့ထံမှလည်း အကျွန်ုပ်သည် ညီအစ်ကိုတို့ထံသို့ မှာစာကိုခံပြီးမှ၊ ဒမာသက်မြို့၌ရှိသော ထိုဘာသာဝင်သူတို့ကို ဒဏ်ခံစေခြင်းငှာ ချည်နှောင်၍ ယေရုရှလင်မြို့သို့ပို့မည်ဟု ဒမာသက်မြို့သို့ အကျွန်ုပ်သွားပါ၏။
22:6 လမ်း၌သွား၍ ဒမာသက်မြို့အနီးသို့ ရောက်သောအခါ၊ မွန်းတည့်အချိန်တွင် ကောင်းကင်ထဲက ကြီးသောအလင်းသည် အကျွန်ုပ် ပတ်လည်၌ ရုတ်ခနဲ ထွန်းတောက်ပါ၏။-
22:7 အကျွန်ုပ်သည် မြေပေါ်မှာလဲ၍ နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့်ငါ့ကို ညှဉ်းဆဲသနည်းဟု အကျွန်ုပ်အား ပြောသောစကားသံကိုကြားလျှင်၊-
22:8 သခင်၊ ကိုယ်တော်သည် အဘယ်သူနည်းဟု အကျွန်ုပ်ပြန်၍ မေးလျှောက်သော်၊ ငါကား၊ သင်ညှဉ်းဆဲသော နာဇရက်မြို့သားယေရှုဖြစ် သတည်းဟု မိန့်တော်မူ၏။-
22:9 အကျွန်ုပ်နှင့်ပါသောသူတို့သည် ထိုအလင်းကိုမြင်၍ ကြောက်ရွံ့ခြင်းသို့ရောက်သော်လည်း၊ အကျွန်ုပ်အားပြောသောသူ၏ စကားသံကို မကြားမသိရကြ။-
22:10 ထိုအခါ အကျွန်ုပ်ကလည်း၊ သခင်၊ အကျွန်ုပ်သည် အဘယ်သို့ ပြုရပါမည်နည်းဟု လျှောက်လျှင်၊ သခင်ဘုရားက၊ ထလော့။ ဒမာသက်မြို့သို့သွားလော့။ သင်ဆောင်ရွက်စရာဖို့ ခွဲခန့်စီမံသမျှတို့ကို ထိုမြို့၌ ပြောလိမ့်မည်ဟုမိန့်တော်မူ၏။-
22:11 ထိုအလင်း၏ရောင်ခြည်အရှိန်အားဖြင့် အကျွန်ုပ်သည် မျက်စိကန်းသောကြောင့်၊ အကျွန်ုပ်နှင့် ပါသောသူတို့၏ လက်ဆွဲခြင်းကိုခံရ၍ ဒမာသက်မြို့သို့ ရောက်ပါ၏။
22:12 ထိုအခါ ပညတ်တရားနှင့်အညီ ဘုရားဝတ်၌မွေ့လျော်သောသူဖြစ်၍၊ ထိုမြို့မှာနေသောယုဒလူအပေါင်းတို့တွင် အသရေရှိသောသူ အာနနိသည်၊-
22:13 အကျွန်ုပ်ဆီသို့လာ၍ အနား၌ရပ်လျက်၊ ညီရှောလု၊ တစ်ဖန်မျက်စိမြင်ခြင်းသို့ ရောက်လော့ဟုဆို၏။ ထိုခဏ၌ အကျွန်ုပ်သည် သူ့ကိုကြည့်ရှု၍မြင်ရ၏။-
22:14 သူကလည်း၊ သင်သည်မြင်လေသမျှ၊ ကြားလေသမျှတို့ကို လူအပေါင်းတို့အားပြော၍ သခင်ဘုရား၏ သက်သေခံဖြစ်ရမည် အကြောင်း၊-
22:15 သင်သည် ဘုရားသခင်၏ အလိုတော်ကို သိစေခြင်းငှာလည်းကောင်း၊ ဖြောင့်မတ်တော်မူသောသူကိုမြင်၍ နှုတ်တော်ထွက်ကို ကြားစေခြင်းငှာလည်းကောင်း၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် သင့်ကို ခန့်ထားတော်မူ၏။-
22:16 ယခုလည်း သင်သည် အဘယ်ကြောင့် ဆိုင်းလင့်၍ နေသနည်း။ ထလော့။ သခင်ဘုရားကို ပတ္ထနာပြုလျက် ဗတ္တိဇံကိုခံ၍၊ သင်၏အပြစ်များကို ဆေးကြောလော့ဟု ဆိုပါ၏။
22:17 ထိုနောက်မှ အကျွန်ုပ်သည် ယေရုရှလင်မြို့သို့ ပြန်၍၊ ဗိမာန်တော်၌ ဆုတောင်းစဉ် ဘဝင်ကျ၍
22:18 သခင်ဘုရားက၊ သင်သည်ကြိုးစား၍ ယေရုရှလင်မြို့မှ အလျင်အမြန် ထွက်သွားလော့။ ငါ၏အကြောင်းကို သင်သည်ပြော၍ သက်သေခံသော စကားကို ဤလူတို့သည် မခံဘဲနေကြလိမ့်မည်ဟု မိန့်တော်မူလျက်ရှိသည်ကို အကျွန်ုပ်မြင်လေ၏။-
22:19 အကျွန်ုပ်ကလည်း၊ သခင်၊ ကိုယ်တော်ကို ယုံကြည်သောသူတို့ကို အကျွန်ုပ်ထောင်ထဲ၌ လှောင်ထား၍၊ တရားဇရပ်များ၌ ရိုက်သည်အကြောင်းကို သူတို့သိကြပါ၏။-
22:20 ကိုယ်တော်၏ သက်သေခံဖြစ်သော သတေဖန်၏ အသွေးကို သွန်းသောအခါ အကျွန်ုပ်သည် အနား၌နေလျက်၊ ကွပ်မျက်ခြင်းအမှုကို ဝန်ခံ၍၊ ကွပ်မျက်သော သူတို့၏အဝတ်ကို စောင့်နေပါ၏ဟု၊-
22:21 လျှောက်ဆိုလျှင်၊ သခင်ဘုရားက၊ သွားလော့။ ငါသည်တစ်ပါးအမျိုးသားတို့ရှိရာသို့ သင့်ကိုဝေးလှစွာ စေလွှတ်မည်ဟု အကျွန်ုပ်အား မိန့်တော်မူသည်ဟု ပေါလု မြွက်ဆို၏။
22:22 ထိုမျှတိုင်အောင် ပေါလု၏စကားကို နားထောင်ပြီးလျှင်၊ ထိုသူတို့သည်အော်ဟစ်၍၊ ထိုသို့သောသူကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းလော့။ သူသည် အသက်မရှင်သင့်ဟု ဆိုကြ၏။-
22:23 ထိုသို့အော်ဟစ်ခြင်း၊ ကိုယ်အဝတ်ကိုချွတ်ခြင်း၊ မြေမှုန့်ကို မိုးကောင်းကင်သို့ ပစ်လိုက်ခြင်းကို ပြုကြစဉ်တွင်၊-
22:24 ပေါလုကို အဘယ်ကြောင့် ထိုသို့အော်ဟစ်ကြသည်ကို စစ်သူကြီးသည် သိလို၍၊ ပေါလုကို ရဲတိုက်ထဲသို့သွင်းစေ။ ရိုက်၍ စစ်ကြောစေဟု စီရင်လေ၏။-
22:25 သားရေကြိုးနှင့် ဆွဲတင်ကြသောအခါ၊ ပေါလုက၊ ရောမလူဖြစ်သောသူကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ သင်တို့သည် ရိုက်ရသလောဟု အနား၌ရပ်နေသော တပ်မှူးအားဆို၏။-
22:26 တပ်မှူးသည်ကြားလျှင် စစ်သူကြီးထံသို့သွား၍၊ အဘယ်သို့ပြုမည်ကို သတိထားပါလော့။ ဤသူသည် ရောမလူဖြစ်ပါသည်ဟု ကြားလျှောက်၏။-
22:27 စစ်သူကြီးသည်လည်း၊ ပေါလုထံသို့လာ၍၊ သင်သည်ရောမလူမှန်သလော၊ ငါ့အား ပြောလော့ဟုဆိုလျှင် မှန်ပါသည်ဟု ပေါလုဆို၏။-
22:28 စစ်သူကြီးကလည်း၊ အကျွန်ုပ်သည် ငွေအများကိုပေး၍ ရောမလူ၏ အရိပ်အရာကိုရသည်ဟုဆိုလျှင်၊ ပေါလုက၊ အကျွန်ုပ်သည် ဇာတိအားဖြင့် ရပါသည်ဟု ဆို၏။-
22:29 ထိုအခါ စစ်ကြောမည်ပြုသောသူတို့သည် ပေါလုထံမှချက်ချင်းသွား၍၊ သူသည်ရောမလူ ဖြစ်သည်ကိုလည်းကောင်း၊ ရောမလူကို ချည်နှောင်မိသည်ကိုလည်းကောင်း၊ စစ်သူကြီးသိလျှင် ကြောက်ခြင်းသို့ရောက်လေ၏။
22:30 နက်ဖြန်နေ့တွင် အဘယ်အပြစ်ကို ယုဒလူတို့သည် ပေါလု၌ တင်ကြသည်ကို စစ်သူကြီးသည် အမှန်သိလိုသောကြောင့်၊ ပေါလု၌ ချည်နှောင်သောသံကြိုးကို ချွတ်၍၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိအပေါင်းတို့ကို စည်းဝေးစေခြင်းငှာ စီရင်ပြီးလျှင်၊ ပေါလုကိုခေါ်၍ သူတို့ရှေ့၌ထားလေ၏။