Acts 23
23:1 ပေါလုသည် လွှတ်အရာရှိတို့ကို စေ့စေ့ကြည့်ရှု၍၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားဝတ်ကို ပြုခြင်းအမှုမှာ၊ ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက် ပြုပါသည်ဟု ပြောဆိုသော်၊-
23:2 ယဇ်ပုရောဟိတ်မင်း အာနနိက၊ သူ၏နှုတ်ကိုရိုက်လော့ဟု အနား၌ ရပ်နေသောသူတို့အား အမိန့်ရှိ၏။-
23:3 ထိုအခါပေါလုက၊ အဖြူသုတ်သောအုတ်ရိုး၊ ဘုရားသခင်သည် သင့်ကိုရိုက်တော်မူမည်။ သင်သည် အကျွန်ုပ်ကို တရားနှင့်အညီ စီရင်ခြင်းငှာ ထိုင်နေလျက်ပင်၊ သူ့ကိုရိုက်လော့ဟု မတရားသဖြင့် စီရင်ရမည်လော ဟုဆို၏။-
23:4 အနား၌ရပ်နေသောသူတို့ကလည်း၊ သင်သည် ဘုရားသခင်၏ ယဇ်ပုရောဟိတ်မင်းကို ဆဲသလောဟု မေးလျှင်၊-
23:5 ပေါလုက၊ ညီအစ်ကိုတို့၊ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်သည်ကို အကျွန်ုပ်မသိ။ သင်၏အမျိုးကို အုပ်စိုးသောမင်းကို သင်သည် မကဲ့ရဲ့ရဟု ကျမ်းစာ၌ လာသည်ဟုဆို၏။
23:6 ထိုအရာရှိတို့တွင် အချို့တို့သည် ဇဒ္ဒုကဲဖြစ်ကြသည်၊ အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကို ပေါလုသိမြင်လျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏သားလည်းဖြစ်၏။ သေသောသူတို့သည် ထမြောက်မည်ဟု မျှော်လင့်ခြင်းအကြောင်းကြောင့်၊ အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကိုခံရ၏ဟု လွှတ်တော်ပေါ်မှာ ကြွေးကြော်လေ၏။-
23:7 ထိုအခါ ဖာရိရှဲတို့နှင့် ဇဒ္ဒုကဲတို့သည် အချင်းချင်းငြင်းခုံ၍ အစုအဝေးသည် ကွဲပြားခြင်းသို့ ရောက်လေ၏။-
23:8 ကွဲပြားသည်အကြောင်းကား၊ ဇဒ္ဒုကဲတို့က၊ ထမြောက်ခြင်းမရှိ၊ ကောင်းကင်တမန် မရှိ၊ နာမ်ဝိညာဉ် မရှိဟုယူကြ၏။ ဖာရိရှဲတို့က၊ နှစ်ပါးစလုံးရှိသည်ဟု ဝန်ခံကြ၏။-
23:9 အော်ဟစ်သံများ၍၊ ဖာရိရှဲတို့ဘက်၌နေသော ကျမ်းဆရာတို့သည် ထလျက် ပြင်းစွာငြင်းခုံ၍၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါတို့မတွေ့။ နာမ်ဝိညာဉ်သော်လည်းကောင်း၊ ကောင်းကင်တမန်သော်လည်းကောင်း သူ့ကိုပြောလျှင်၊ ဘုရားသခင်၏ အာဏာတော်ကို မဆန်ကြနှင့်ဟု ဆိုကြ၏။-
23:10 အချင်းချင်း ငြင်းခုံခြင်းများသောအခါ၊ ထိုသူတို့သည် ပေါလုကို ဆွဲငင်၍ အပိုင်းပိုင်းဆုတ်ဖြတ်မည်ကို စစ်သူကြီး စိုးရိမ်သောကြောင့်၊ စစ်သူရဲများ၊ ဆင်းကြ၊ ပေါလုကို အရာရှိမင်းတို့အထဲမှ အနိုင်အထက်ယူ၍ ရဲတိုက်ထဲသို့ ပို့ဆောင်ကြဟု အမိန့်ရှိ၏။
23:11 နက်ဖြန့်နေ့ညတွင် သခင်ဘုရားသည် ပေါလုအနား၌ ပေါ်လာတော်မူလျက်၊ ပေါလု မစိုးရိမ်နှင့်။ ငါ၏အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့၌ သက်သေခံပြီးသည်နည်းတူ၊ ရောမမြို့၌လည်း ခံရလေဦးမည်ဟု မိန့်တော်မူ၏။
23:12 မိုးလင်းသောအခါ ယုဒလူတို့သည် သင်းဖွဲ့၍၊ ငါတို့သည် ပေါလုကို မသတ်မီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြ၏။-
23:13 ထိုသို့သင်းဖွဲ့သော သူတို့သည် လေးကျိပ်မက ရှိကြ၏။-
23:14 ထိုသူတို့သည် ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့ထံသို့သွား၍၊ အကျွန်ုပ်တို့သည် ပေါလုကို မသတ်မီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြပါပြီ။-
23:15 ထိုကြောင့်၊ နက်ဖြန်နေ့၌ စစ်သူကြီးသည် ပေါလုကို ကိုယ်တော်တို့ထံသို့ ပို့ဆောင်စေခြင်းငှာ၊ သူ့ကိုသာ၍ စေ့စေ့စစ်ကြောမည် အဟန်ပြု၍၊ လွှတ်အရာရှိများနှင့်အတူ ကိုယ်တော်တို့သည် စစ်သူကြီးကို လျှောက်ကြပါလော့။ ပေါလုသည် ကိုယ်တော်တို့ထံသို့ မရောက်မီအကြားတွင် အကျွန်ုပ်တို့သည် သူ့ကိုသတ်ခြင်းငှာ အသင့်ရှိနှင့်ပါပြီဟု လျှောက်ကြ၏။
23:16 ထိုသို့လမ်းနား၌ ချောင်း၍နေကြသည်အမှုကို ပေါလု၏ တူသည်ကြားလျှင်၊ ရဲတိုက်ထဲသို့ဝင်၍ ပေါလုအား ကြားပြောလေ၏။-
23:17 ပေါလုသည် တပ်မှူးတစ်ယောက်ကို ခေါ်၍၊ ဤလုလင်ကို စစ်သူကြီးထံသို့ပို့ပါ။ လျှောက်စရာတစ်စုံတစ်ခု ရှိသည်ဟုဆိုသော်၊-
23:18 တပ်မှူးသည် လုလင်ကို စစ်သူကြီးထံသို့ ပို့ပြီးလျှင်၊ အကျဉ်းခံရသော ပေါလုသည် အကျွန်ုပ်ကို ခေါ်၍၊ ကိုယ်တော်အားလျှောက်စရာ တစ်စုံတစ်ခုရှိသော ဤလုလင်ကို ကိုယ်တော်ထံသို့ ပို့စေခြင်းငှာ တောင်းပန်ပါသည်ဟုလျှောက်၏။-
23:19 စစ်သူကြီးသည် လုလင်ကိုလက်ဆွဲ၍ ဆိတ်ကွယ်ရာအရပ်သို့ သွားပြီးလျှင်၊ သင်သည်အဘယ်အကြောင်းကို ငါ့အားလျှောက်ချင်သနည်းဟု မေးမြန်းလေ၏။-
23:20 လုလင်ကလည်း၊ ကိုယ်တော်သည် နက်ဖြန်နေ့၌ ပေါလုကို လွှတ်တော်သို့ပို့ဆောင်စေခြင်းငှာ၊ ယုဒလူတို့သည် သူ့ကိုသာ၍ စေ့စေ့မေးမြန်းမည်အဟန်ပြု၍၊ ကိုယ်တော်ကို တောင်းလျှောက်မည်ဟု တိုင်ပင် ညှိညွှတ်ကြပါပြီ။-
23:21 သို့ရာတွင် သူတို့၏ အလိုသို့မလိုက်ပါနှင့်။ ပေါလုကိုမသတ်မီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုသော ယုဒလူလေးကျိပ်မက၊ လမ်းနား၌ ပေါလုကိုချောင်း၍ နေကြပါ၏။ ယခုပင် ကိုယ်တော်ဝန်ခံမည့်စကားကို ထိုသူတို့သည် ဆိုင်းလင့်၍ အသင့်ရှိနှင့်ပါပြီဟု လျှောက်လေ၏။
23:22 စစ်သူကြီးကလည်း၊ သင်သည်ငါ့အား ဤသို့ကြားလျှောက်သည်ကို အဘယ်သူအားမျှမပြောနှင့်ဟု ထိုလုလင်ကိုမှာထား၍ လွှတ်လိုက်ပြီးလျှင်၊
23:23 တပ်မှူးနှစ်ယောက်တို့ကိုခေါ်၍၊ ယနေ့ည သုံးချက်တီးအချိန်၌ ကဲသရိမြို့သို့သွားစေခြင်းငှာ စစ်သူရဲနှစ်ရာ၊ မြင်းစီးသူရဲခုနစ်ကျိပ်၊ လှံကိုင်သူရဲနှစ်ရာတို့ကို ပြင်ဆင်ကြ။-
23:24 ပေါလုစီးစရာဖို့ တိရစ္ဆာန်တို့ကိုပြင်၍ ပေးကြ။ သူ့ကို ဖေလဇ်မင်းထံသို့ကြပ်မ၍ ပို့ကြဟုအမိန့်ရှိ၏။-
23:25 စစ်သူကြီးသည် ရေး၍ပေးလိုက်သော စာဟူမူကား၊-
23:26 ကလောဒိလုသိက၊ မြတ်တော်မူသော မြို့ဝန်မင်းဖေလဇ်ကို မေတ္တာနှင့် ကြားလျှောက်လိုက်ပါသည်။-
23:27 ယုဒလူတို့သည် ဤသူကိုဖမ်းဆီး၍ သတ်မည်ပြုကြစဉ်၊ သူသည် ရောမလူဖြစ်ကြောင်းကို အကျွန်ုပ်သည် ကြားသိသဖြင့်၊ စစ်သူရဲတို့နှင့်တကွ သွား၍သူ့ကို နုတ်ပါသည်။-
23:28 ယုဒလူတို့သည် အဘယ်အပြစ်ကြောင့် သူနှင့် အမှုလုပ်ကြသည်ကို အကျွန်ုပ်သိလိုသောကြောင့်၊ သူ့ကိုယူ၍ လွှတ်တော်သို့ ဆောင်သွားပြီးလျှင်၊-
23:29 အသေသတ်ခြင်း၊ အကျဉ်းထားခြင်းကို ခံထိုက်သော အပြစ်ကြောင့် အမှုလုပ်ကြသည်မဟုတ်ဘဲ၊ သူတို့တရားနှင့် စပ်ဆိုင်သော ပုစ္ဆာအမေးကို အကြောင်းပြု၍သာ အမှုလုပ်ကြသည်ကို အကျွန်ုပ်သိမြင်ပါ၏။-
23:30 ယုဒလူတို့သည် မကောင်းသောအကြံနှင့် သူ့ကိုလုပ်ကြံမည်ဟု အကျွန်ုပ်ရိပ်မိလျှင်၊ သူ့ကို ကိုယ်တော်ထံသို့ ချက်ချင်းစေလွှတ်၍ အမှုလုပ်သောသူတို့ကို ရှေ့တော်၌ လျှောက်ထားစေခြင်းငှာ စီရင်ပါ၏။ ကိုယ်တော် ကျန်းမာပါစေသောဟု ရေး၍ပေးလိုက်သတည်း။
23:31 စစ်သူကြီးမှာထားသည်အတိုင်း စစ်သူရဲတို့သည် ပေါလုကိုယူ၍၊ ညအခါ အန္တိပတရိမြို့သို့ ပို့လိုက်ပြီးမှ၊-
23:32 နက်ဖြန်နေ့၌ မြင်းစီးသူရဲတို့ကို ပေါလုနှင့်တကွ သွားစေခြင်းငှာ လွှတ်လိုက်၍ မိမိတို့သည် ရဲတိုက်သို့ ပြန်ကြ၏။-
23:33 မြင်းစီးသူရဲတို့သည် ကဲသရိမြို့သို့ရောက်လျှင်၊ စစ်သူကြီး၏စာကို မြို့ဝန်မင်းလက်သို့အပ်ပေး၍၊ ပေါလုကိုလည်း ရှေ့တော်၌ သွင်းထားကြ၏။-
23:34 မြို့ဝန်မင်းသည် စာကိုဖတ်ပြီးမှ၊ အဘယ်မြို့နှင့် ဆိုင်သနည်းဟု မေး၍၊ ကိလိကိပြည်သားဖြစ်သည်ကို ကြားသိလျှင်၊-
23:35 သင့်ကိုအမှုလုပ်သောသူတို့သည် ရောက်လာသောအခါ ငါနားထောင်မည်ဟု ဆို၍၊ ပေါလုသည် ဟေရုဒ်မင်း၏အိမ်တော်၌ အချုပ်ခံလျက်နေစေဟု စီရင်လေ၏။