1 Corinthians 14
14:1 ချစ်ခြင်းမေတ္တာကို မီအောင်လိုက်ကြလော့။ ဝိညာဉ်ဆုကျေးဇူးတို့ကို အလွန်အလိုရှိသည်တွင်၊ ပရောဖက်ပြုရသော အခွင့်ကို သာ၍ လိုချင်သောစိတ် ရှိကြလော့။-
14:2 အကြောင်းမူကား၊ အခြားသောဘာသာစကားအားဖြင့် ပြောသောသူသည် လူတို့အားမပြော၊ ဘုရားသခင်အားပြော၏။ သူ၏စကားကို အဘယ်သူမျှ နားမလည်။ နက်နဲသောအရာတို့ကို ဝိညာဉ်တော်အားဖြင့် ပြော၏။-
14:3 ပရောဖက်ပြုသောသူမူကား၊ တည်ဆောက်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ သက်သာခြင်းအလိုငှာ လူတို့အားဟောပြော၏။-
14:4 အခြားသော ဘာသာစကားအားဖြင့် ပြောသောသူသည် ကိုယ်ကိုသာ တည်ဆောက်၏။ ပရောဖက် ပြုသောသူမူကား၊ အသင်းတော်ကို တည်ဆောက်၏။-
14:5 သင်တို့ရှိသမျှသည် အခြားသော ဘာသာစကားဖြင့် ပြောစေခြင်းငှာ ငါအလိုရှိ၏။ ပရောဖက်ပြုစေခြင်းငှာ သာ၍အလိုရှိ၏။ အကြောင်းမူကား၊ အခြားသော ဘာသာစကားဖြင့် ပြောသောသူသည်၊ အသင်းတော်ကို တည်ဆောက်ခြင်းငှာ အနက်ကို မဖော်မပြလျှင်၊ သူ့ထက် ပရောဖက်ပြုသောသူသည် သာ၍မြတ်သတည်း။
14:6 ညီအစ်ကိုတို့၊ ငါသည် သင်တို့ရှိရာသို့လာ၍ အခြားသော ဘာသာစကားဖြင့် ဟောပြောသော်လည်း၊ ဗျာဒိတ်တော်ကိုပြန်ခြင်း၊ ပညာအတတ်ကိုသင်ခြင်း၊ ပရောဖက်ပြုခြင်း၊ ဆုံးမဩဝါဒပေးခြင်းတစ်ခုခုကို မပြုဘဲလျက်၊ သင်တို့အားပြောလျှင် အဘယ်အကျိုးရှိအံ့နည်း။-
14:7 ထိုနည်းတူ၊ အသံမြည်တတ်သော အဝိညာဏကစောင်း၊ ပုလွေတို့သည် သေချာသောအသံနှင့် မမြည်လျှင်၊ စောင်းသံ၊ ပုလွေသံတို့ကို အဘယ်သို့ သိနိုင်မည်နည်း။-
14:8 တံပိုးခရာသည်လည်း၊ မမှန်သောအသံနှင့် မြည်လျှင်၊ အဘယ်သူသည် စစ်တိုက်ခြင်းငှာ မိမိကိုယ်ကို ပြင်ဆင်မည်နည်း။-
14:9 ထိုနည်းတူ၊ သင်တို့သည် နားလည်လွယ်သော စကားကို နှုတ်ဖြင့်မမြွက်လျှင်၊ မြွက်သောစကားကို အဘယ်သို့သိနိုင်မည်နည်း။ အာကာသကောင်းကင်ကို ပြောသောသူကဲ့သို့ ဖြစ်လိမ့်မည်။-
14:10 လူပြည်၌ ဘာသာစကားမျိုးတို့သည် ဤမျှလောက်များ၍၊ ရှိသမျှတို့သည် အနက်နှင့်ပြည့်စုံသည် မှန်စေတော့။-
14:11 ဘာသာစကား၏အနက်ကို ငါနားမလည်လျှင်၊ ပြောသောသူအား ငါသည် လူရိုင်းဖြစ်လိမ့်မည်။ ပြောသောသူသည်လည်း၊ ငါ့အား လူရိုင်းဖြစ်လိမ့်မည်။-
14:12 သို့ဖြစ်၍ သင်တို့သည် ဝိညာဉ်ဆုကျေးဇူးတော်တို့ကို အလွန်အလိုရှိကြသည်တွင်၊ အသင်းတော်ကို တည်ဆောက်ခြင်းငှာ ကြွယ်ဝပြည့်စုံမည်အကြောင်း ကြိုးစားကြလော့။-
14:13 ထိုကြောင့် အခြားသော ဘာသာစကားကို ပြန်ပြောသောသူသည်၊ အနက်ကိုလည်း ဖော်ပြနိုင်မည်အကြောင်း ဆုတောင်းစေ။-
14:14 အဘယ်ကြောင့်နည်းဟူမူကား၊ အခြားသော ဘာသာစကားဖြင့် ငါဆုတောင်းလျှင်၊ ငါ့စိတ်နှလုံး ဆုတောင်းသော်လည်း၊ ငါ့ဉာဏ်သည် အကျိုးကိုမပေး။-
14:15 သို့ဖြစ်လျှင်၊ အဘယ်သို့ပြုရမည်နည်း။ စိတ်နှလုံးနှင့် လည်းကောင်း၊ ဉာဏ်နှင့် လည်းကောင်း၊ ဆုတောင်းရမည်။ စိတ်နှလုံးနှင့် လည်းကောင်း၊ ဉာဏ်နှင့် လည်းကောင်း သီချင်းဆိုရမည်။-
14:16 သို့မဟုတ် သင်သည် စိတ်နှလုံးနှင့် ကျေးဇူးတော်ကို ချီးမွမ်းသောအခါ၊ မတတ်သော လူစုအဝင်ဖြစ်သောသူသည် သင်၏စကားကို နားမလည်သောကြောင့်၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းသို့လိုက်၍၊ အာမင်ဟု အဘယ်သို့ ဝန်ခံနိုင်မည်နည်း။-
14:17 သင်သည် ကျေးဇူးတော်ကို ကောင်းမွန်စွာချီးမွမ်းသည် မှန်စေတော့။ အခြားသောသူမူကား၊ တည်ဆောက်ခြင်းအကျိုးမရှိ။-
14:18 ငါသည် သင်တို့ရှိသမျှထက်၊ အခြားသော ဘာသာစကားဖြင့် ဟောပြောသောအရာကို ထောက်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၏။-
14:19 သို့သော်လည်း၊ အသင်းတော်၌ အခြားသော ဘာသာစကားဖြင့် စကားတစ်သောင်းကို ပြောနိုင်သည်ထက်၊ သူတစ်ပါးတို့ကို သွန်သင်ခြင်းငှာ စကားငါးခွန်းကို ဉာဏ်နှင့်တကွ ပြောနိုင်သောအခွင့်ကို သာ၍အလိုရှိ၏။
14:20 ညီအစ်ကိုတို့၊ သင်တို့သည် ဉာဏ်အရာ၌ သူငယ်မဖြစ်ကြနှင့်။ မတရားသောအမှုအရာ၌ နို့စို့သူငယ်ဖြစ်ကြလော့။ ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့။-
14:21 ပညတ္တိကျမ်းစာ၌လာသည်ကား၊ အခြားတစ်ပါးသောလျှာ၊ အခြားတစ်ပါးသောနှုတ်နှင့် ဤလူမျိုးကို ငါပြောမည်။ သို့သော်လည်း သူတို့သည် နားမထောင်ကြဟု ထာဝရဘုရားမိန့်တော်မူ၏။-
14:22 သို့ဖြစ်၍ အခြားသော ဘာသာစကားတို့သည် ယုံကြည်သောသူတို့အား နိမိတ်လက္ခဏာဖြစ်သည် မဟုတ်။ မယုံကြည်သောသူတို့အား နိမိတ်လက္ခဏာ ဖြစ်သတည်း။ ပရောဖက်ပြုခြင်း အမှုမူကား၊ မယုံကြည်သော သူတို့အဖို့မဟုတ်၊ ယုံကြည်သော သူတို့အဖို့ ဖြစ်သတည်း။-
14:23 ထိုကြောင့် သင်းဝင်သူအပေါင်းတို့သည် စည်းဝေး၍ အခြားသောဘာသာဖြင့် ဟောပြောလျက် နေကြစဉ်တွင် မယုံကြည်သောသူ၊ မတတ်သောသူသည် ဝင်လာလျှင်၊ သင်တို့ကို သူရူးဖြစ်ကြသည်ဟု ပြောမည် မဟုတ်လော။-
14:24 သို့မဟုတ် သင်းဝင်သူ အပေါင်းတို့သည် ပရောဖက်ပြု၍ နေကြစဉ်တွင်၊ မယုံကြည်သောသူ၊ မတတ်သောသူသည် ဝင်လာလျှင်၊ သင်းဝင်သူအပေါင်းတို့သည် သူ၏အပြစ်ကို ဖော်ပြ၍ သူ့ကို စစ်ကြောစီရင်ကြ၏။-
14:25 ထိုသို့သူ၏ စိတ်နှလုံး၌ မထင်ရှားသောအရာတို့သည် ထင်ရှားပြန်၍ သူသည် ပျပ်ဝပ်လျက်၊ ဘုရားသခင်ကို ကိုးကွယ်လိမ့်မည်။ ဘုရားသခင်သည် သင်တို့တွင် အမှန်ရှိတော်မူသည်ဟု သက်သေခံလိမ့်မည်။
14:26 ညီအစ်ကိုတို့၊ အဘယ်သို့နည်း။ သင်တို့ စည်းဝေးကြသောအခါ၊ ဆာလံသီချင်းကို ရသောသူ၊ ဆုံးမဩဝါဒ စကားကို ရသောသူ၊ အခြားသော ဘာသာစကားကို ရသောသူ၊ ဗျာဒိတ်တော်ကို ရသောသူ၊ အနက်ဖော်ပြရာကို ရသောသူ၊ အသီးအသီးရှိကြသည်ဖြစ်၍၊ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်ခြင်းအလိုငှာ စီရင်ကြလော့။-
14:27 အခြားသော ဘာသာစကားဖြင့် ဟောပြောသော သူရှိလျှင်၊ နှစ်ယောက်ဖြစ်စေ၊ အများဆုံးဆိုသော် သုံးယောက်ဖြစ်စေ၊ တစ်ယောက်နောက် တစ်ယောက်ပြော၍ တစ်ယောက်သောသူသည် အနက်ကိုဖော်ပြစေ။-
14:28 စကားပြန်မရှိလျှင်၊ ဟောပြောသောသူသည် အသင်းတော်၌ တိတ်ဆိတ်စွာနေ၍ မိမိအားလည်းကောင်း၊ ဘုရားသခင်အားလည်းကောင်း ပြောစေ။-
14:29 ပရောဖက်နှစ်ယောက် ဖြစ်စေ၊ သုံးယောက် ဖြစ်စေ၊ ဟောပြော၍ အခြားသောသူတို့သည် စစ်ကြော ဆင်ခြင်ကြစေ။-
14:30 ထိုင်လျက်နေသောသူအား တစ်စုံတစ်ခုကို ဖွင့်ပြတော်မူလျှင်၊ အရင်ဟောပြောသောသူသည် တိတ်ဆိတ်စွာနေစေ။-
14:31 အကြောင်းမူကား၊ ရှိသမျှတို့သည် သင်ခြင်းငှာလည်းကောင်း၊ ရှိသမျှတို့သည် သက်သာခြင်းငှာလည်းကောင်း၊ သင်တို့ အသီးအသီး တစ်ယောက်နောက်တစ်ယောက် ပရောဖက် ပြုရသော အခွင့်ရှိကြ၏။-
14:32 ပရောဖက်တို့သည်လည်း၊ မိမိတို့စိတ်ဝိညာဉ်ကို ချုပ်တည်းနိုင်ကြ၏။-
14:33 ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုကို ပြုစုတော်မမူ။ သန့်ရှင်းသူတို့၏ အသင်းတော်အပေါင်းတို့၌ ဖြစ်သကဲ့သို့ အသင့်အတင့် ငြိမ်ဝပ်ခြင်းကို ပြုစုတော်မူ၏။
14:34 သင်တို့၏ မိန်းမတို့သည် အသင်းတော်၌ တိတ်ဆိတ်စွာ နေကြစေ။ သူတို့သည် ဟောပြောရသော အခွင့်မရှိကြ။ ပညတ်တရားစီရင်သည်အတိုင်း သူတို့သည် ယောက်ျား၏အုပ်စိုးခြင်းကို ဝန်ခံရကြမည်။-
14:35 မိန်းမတို့သည် တစ်စုံတစ်ခုကိုသင်လိုလျှင်၊ အိမ်၌ မိမိခင်ပွန်းတို့ကို မေးမြန်းကြစေ။ မိန်းမသည် အသင်းတော်၌ ဟောပြောလျှင် ရှက်ဖွယ်သောအကြောင်း ဖြစ်၏။-
14:36 ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် သင်တို့မှ ထွက်သလော။ သို့မဟုတ် သင်တို့သို့သာ ရောက်သလော။-
14:37 ငါသည်သင်တို့အား ရေး၍ပေးလိုက်သော စကားတို့သည် သခင်ဘုရား၏ ပညတ်တော်ဖြစ်ကြောင်းကို၊ ပရောဖက်ဖြစ်သောသူ၊ ဝိညာဉ်ဆုကျေးဇူးကို ခံရသောသူမည်သည်ကား ဝန်ခံပါစေ။ တစ်စုံတစ်ယောက် သောသူသည် မသိလျှင် မသိဘဲနေစေ။-
14:38 အချုပ်အခြာဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့သည် ပရောဖက်ပြုခြင်းငှာ အလွန်အလိုရှိကြလော့။-
14:39 အခြားသော ဘာသာစကားဖြင့် ဟောပြောခြင်းအမှုတို့ကိုလည်း မမြစ်တားကြနှင့်။-
14:40 ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်း စီရင်ကြလော့။