1 Corinthians 15
15:1 ညီအစ်ကိုတို့၊ ငါသည်သင်တို့အား ဟောပြောဖူးသည်နှင့်အညီ၊ သင်တို့သည် ခံယူ၍ မှီဝဲဆည်းကပ်သော ဧဝံဂေလိတရားကို သင်တို့အား တစ်ဖန်ငါကြားလိုက်၏။-
15:2 အထက်ကငါဟောပြောသည် အကြောင်းများကို သင်တို့သည် အကျိုးမဲ့မယုံဘဲ စိတ်စွဲလမ်းလျှင်၊ ထိုဧဝံဂေလိတရားအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။-
15:3 ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အား ရှေ့ဦးစွာ အပ်ပေးသောအကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။-
15:4 သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။-
15:5 ကေဖသည်ကိုယ်တော်ကို မြင်ပြီးမှ၊ တစ်ကျိပ်နှစ်ပါးသော သူတို့သည် မြင်ရကြ၏။-
15:6 ထိုနောက် ညီအစ်ကိုငါးရာမက၊ တစ်ပြိုင်နက် မြင်ရကြ၏။ ထိုသူတို့တွင် အများသောသူတို့သည် ယခုတိုင်အောင် အသက်ရှင်ကြသေး၏။ အချို့တို့သည် အိပ်ပျော်ကြပြီ။-
15:7 ထိုနောက် ယာကုပ်မြင်ရ၏။ ထိုနောက် တမန်တော်အပေါင်းတို့သည် မြင်ရကြ၏။-
15:8 နောက်ဆုံး၌ အချိန်မတော်မတန် ဖွားသောသူကဲ့သို့ဖြစ်သော ငါပင်မြင်ရ၏။-
15:9 ငါသည် အထက်က ဘုရားသခင်၏ အသင်းတော်ကို ညှဉ်းဆဲသောကြောင့်၊ အညံ့ဆုံးသော တမန်တော်ဖြစ်၏။ တမန်တော်ဟု ခေါ်ဝေါ်ခြင်းကို မခံထိုက်။-
15:10 သို့သော်လည်း ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်သာ ငါဖြစ်သည်အတိုင်း ငါဖြစ်၏။ ငါခံရသော ကျေးဇူးတော်ကိုလည်း အကျိုးမဲ့ခံရသည်မဟုတ်။ အခြားသော တမန်တော်အပေါင်းတို့ထက်၊ ငါသည် သာ၍ ကြိုးစားခြင်းကိုပြု၏။ ထိုသို့ဆိုသော်လည်း၊ ငါကြိုးစားသည်မဟုတ်။ ငါနှင့်အတူရှိသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြိုးစားတော်မူ၏။-
15:11 ထိုကြောင့်၊ ငါဖြစ်စေ၊ သူတို့ဖြစ်စေ၊ ဤသို့ ငါတို့သည် ဟောပြောကြ၏။ ဤသို့လည်း သင်တို့သည် ယုံကြည်ကြ၏။
15:12 ယခုမှာ၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူကြောင်းကို ဟောပြောရသည်ဖြစ်၍၊ သေသောသူတို့သည် ထမြောက်ခြင်းမရှိဟု သင်တို့တွင် အချို့သောသူတို့သည် အဘယ်ကြောင့် ဆိုရကြသနည်း။-
15:13 သေသောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။-
15:14 ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ။ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။-
15:15 ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏အမှုမှာ မမှန်သော သက်သေခံဖြစ်ကြ၏။-
15:16 အကြောင်းမူကား၊ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက်စေတော်မမူ၊ ယခုမှာ၊ ခရစ်တော်ကို ထမြောက်စေတော်မူပြီဟု ငါတို့သည် ဘုရားသခင်၏အကြောင်းကို သက်သေခံကြ၏။ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။-
15:17 ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက်အပြစ်အောက်၌ ရှိကြသေး၏။-
15:18 ထိုမှတစ်ပါး၊ ခရစ်တော်ကို ယုံကြည်၍ အိပ်ပျော်သောသူတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြပြီ။-
15:19 ငါတို့သည် ခရစ်တော်ကို အမှီပြု၍ ယခုဘဝ၌သာ မျှော်လင့်စရာရှိလျှင်၊ အခြားသော သူအပေါင်းတို့ထက် သာ၍ ဆင်းရဲသောသူ ဖြစ်ကြ၏။
15:20 ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီးသောအသီး ဖြစ်တော်မူပြီ။-
15:21 သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊ သေသောသူတို့၏ ထမြောက်ခြင်းတရားသည် လူအားဖြင့် တည်လျက်ရှိ၏။-
15:22 လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတ္တံ့။-
15:23 သို့ရာတွင် လူအသီးအသီးတို့သည် မိမိတို့ အလှည့်အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးသီးသောအသီး ဖြစ်တော်မူ၏၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ တပည့်တော်ဖြစ်သော သူတို့သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။
15:24 ထိုအခါ ခရစ်တော်သည် အထွဋ်အမြတ် အာဏာတန်ခိုးအမျိုးမျိုးကို ပယ်ရှင်း၍၊ မိမိနိုင်ငံကို ဘုရားသခင်တည်းဟူသော ခမည်းတော်၌ အပ်ပြန်တော်မူပြီးမှ ကမ္ဘာကုန်ရလတ္တံ့။-
15:25 ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဖဝါးတော်အောက်၌ ချထားတော်မမူမီတိုင်အောင် အုပ်စိုးတော်မူရမည်။-
15:26 နောက်ဆုံးသော ရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတ္တံ့။-
15:27 ခပ်သိမ်းသောအရာတို့ကို လူသား၏ခြေအောက်၌ ချထားတော်မူသည်ဟု ကျမ်းစာလာ၏။ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိကြောင်းကို ဆိုသော်၊ ခပ်သိမ်းသောအရာတို့ကို လူသားအောက်၌ ချထားတော်မူသောသူသည် ကြွင်းတော်မူကြောင်း ထင်ရှားသတည်း။-
15:28 ခပ်သိမ်းသော အရာတို့သည် လူသားအောက်၌ ချထားလျက် ရှိသောအခါ၊ ခပ်သိမ်းသောအရာတို့ကို သူ့အောက်၌ ချထားတော်မူသော သူ၏အုပ်စိုးတော်မူခြင်းကို သားတော်သည် ကိုယ်တိုင်ဝန်ခံလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် အလုံးစုံ ဖြစ်တော်မူမည် အကြောင်းတည်း။
15:29 သေလွန်သောသူတို့သည် ထမြောက်ခြင်း အလျှင်းမရှိလျှင်၊ သေလွန်သော သူတို့၏ ကိုယ်စား ဗတ္တိဇံကိုခံသော သူတို့သည် အဘယ်သို့ ပြုရမည်နည်း။ သေလွန်သော သူတို့၏ကိုယ်စား အဘယ်ကြောင့် ဗတ္တိဇံကို ခံရကြသနည်း။-
15:30 ငါတို့သည်လည်း ဘေးရောက်အံ့သော အခြင်းအရာနှင့် အဘယ်ကြောင့် တွေ့ရကြသနည်း။-
15:31 ငါသည် နေ့တိုင်းအသေခံရ၏ဟု ငါတို့သခင်ယေရှုခရစ်၌ သင်တို့အကြောင်းကြောင့် ငါဝါကြွား ဝမ်းမြောက်ခြင်းကို တိုင်တည်၍ ငါဆိုဝံ့၏။-
15:32 သေလွန်သောသူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဧဖက်မြို့၌ လောကီဝေါဟာရအားဖြင့်၊ အထက်က ငါသည်သားရဲတို့နှင့် တိုက်သော်လည်း၊ အဘယ်အကျိုးရှိသနည်း။ စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်။-
15:33 အလွဲမယူကြနှင့်။ မကောင်းသော သူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏။-
15:34 တရားသဖြင့် နိုးကြလော့။ ဒုစရိုက်ကိုမပြုကြနှင့်။ အချို့သောသူတို့သည် ဘုရားသခင်ကို မသိကြ။ ထိုသို့ဆိုသော်၊ သင်တို့ကို ရှက်ကြောက်စေခြင်းငှာ ငါဆို၏။
15:35 သေလွန်သောသူတို့သည် အဘယ်သို့ ထမြောက်ကြမည်နည်း။ အဘယ်သို့သော ကိုယ်နှင့် ပေါ်လာကြမည်နည်းဟု တစ်စုံတစ်ယောက်သောသူ မေးလိမ့်မည်။-
15:36 အချင်းလူမိုက်၊ သင်စိုက်သောမျိုးစေ့မပျက်လျှင် မရှင်တတ်။-
15:37 ထိုမှတစ်ပါး မျိုးစေ့ကို စိုက်သောအခါ၊ နောက်ဖြစ်လတ္တံ့သော ကိုယ်ကို မစိုက်၊ ဂျုံစပါးဖြစ်စေ၊ အခြားသောစပါးဖြစ်စေ၊ အစေ့သက်သက်ကို စိုက်တတ်၏။-
15:38 ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း ကိုယ်ကို ပေးတော်မူ၏။ မျိုးစေ့အသီးအသီးတို့အားလည်း၊ မိမိတို့မျိုးအတိုင်း ကိုယ်ကိုပေးတော်မူ၏။-
15:39 အသားရှိသမျှတို့သည် တစ်မျိုးတည်းမဟုတ်။ လူသားတစ်မျိုး၊ အမဲသားတစ်မျိုး၊ ငါးသားတစ်မျိုး၊ ငှက်သားတစ်မျိုး၊ အသီးအသီးရှိကြ၏။-
15:40 ကောင်းကင် အကောင်အထည်လည်းရှိ၏။ မြေကြီး အကောင်အထည်လည်း ရှိ၏။ ကောင်းကင် အကောင်အထည်၏ ဂုဏ်အသရေလည်းတစ်မျိုး၊ မြေကြီး အကောင်အထည်၏ ဂုဏ်အသရေလည်း တစ်မျိုးဖြစ်၏။-
15:41 နေ၏ဂုဏ်အသရေတစ်မျိုး၊ လ၏ဂုဏ်အသရေတစ်မျိုး၊ ကြယ်တို့၏ ဂုဏ်အသရေတစ်မျိုး အသီးအသီး ရှိကြ၏။ ကြယ်တို့၏ ဂုဏ်အသရေသည်လည်း အသီးသီး အခြားခြား ဖြစ်ကြ၏။-
15:42 ထိုနည်းတူ၊ သေသောသူတို့၏ ထမြောက်ခြင်း အကြောင်းအရာဖြစ်၏။ ကိုယ်သည် စိုက်သောအခါ၊ ပုပ်တတ်သောသဘောရှိ၏။ ထမြောက်သောအခါ မပုပ်နိုင်သောအဖြစ်၌ တည်၏။-
15:43 စိုက်သောအခါ ဂုဏ်အသရေပျက်၏။ ထမြောက်သောအခါ ဂုဏ်အသရေနှင့် ပြည့်စုံ၏။ စိုက်သောအခါ အစွမ်းမရှိ။ ထမြောက်သောအခါ အစွမ်းနှင့် ပြည့်စုံ၏။-
15:44 စိုက်သောအခါ ဇာတိပကတိ ကိုယ်ဖြစ်၏။ ထမြောက်သောအခါ ဝိညာဏကိုယ်ဖြစ်၏။ ဇာတိပကတိ ကိုယ်တစ်မျိုး၊ ဝိညာဏကိုယ်တစ်မျိုးရှိ၏။-
15:45 ကျမ်းစာလာသည်ကား၊ ရှေ့ဦးစွာသော လူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ်၏ဟု လာသတည်း။ ယခုတွင် နောက်ဆုံးဖြစ်သော အာဒံမူကား၊ အသက်ရှင်စေတတ်သော ဝိညာဉ်ဖြစ်၏။-
15:46 ဝိညာဏကိုယ်သည် ရှေ့ဦးစွာဖြစ်သည်မဟုတ်၊ ဇာတိပကတိကိုယ်သည် ရှေ့ဦးစွာဖြစ်၏။ နောက်မှ ဝိညာဏကိုယ်ဖြစ်၏။-
15:47 ရှေ့ဦးစွာသော လူသည် မြေကြီးကဖြစ်သောကြောင့် မြေသားဖြစ်၏။ ဒုတိယလူမူကား၊ ကောင်းကင်ဘုံက ဖြစ်တော်မူသော သခင်ပေတည်း။-
15:48 မြေသားတို့သည် ထိုမြေသားကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင်သားတို့သည် ထိုကောင်းကင်သားကဲ့သို့ ဖြစ်ကြလိမ့်မည်။-
15:49 ငါတို့သည် မြေသား၏ ပုံသဏ္ဌာန်ကိုဆောင်သကဲ့သို့၊ ကောင်းကင်သား၏ပုံသဏ္ဌာန်ကို ဆောင်ကြလိမ့်မည်။
15:50 ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ လူအသွေးအသားသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံနိုင်၊ ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်ကို အမွေမခံနိုင်။-
15:51 နက်နဲသော အရာတစ်ခုကို ငါပြဦးမည်။ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။-
15:52 သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တစ်ခဏချင်းတွင် မျက်စိတစ်မှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန် ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။-
15:53 ယခုမျက်မှောက် ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက် သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။-
15:54 ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့လည်းကောင်း၊ ဤသေတတ်သောအရာသည် မသေနိုင် သောအဖြစ်သို့လည်းကောင်း၊ ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌နစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက် ပြည့်စုံလိမ့်မည်။-
15:55 အို သေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။ အို မရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။-
15:56 သေမင်း၏လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း။ ဒုစရိုက်အပြစ်၏ တန်ခိုးကား၊ ပညတ်တရား ပေတည်း။-
15:57 ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။-
15:58 ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်၍ အကျိုးကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သောစိတ်နှင့် ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။