2 Corinthians 12
12:1 ငါသည် ဝါကြွားခြင်းကိုမပြုသင့်လျှင်၊ သခင်ဘုရားပြတော်မူသော ထူးဆန်းသောရူပါရုံနှင့် ဗျာဒိတ်တော်များကို တစ်ဖန် ပြောဦးမည်။-
12:2 တစ်ဆယ်လေးနှစ်အထက်က၊ ခရစ်တော်၏ တပည့်ဖြစ်သော လူတစ်ယောက်ကို တတိယကောင်းကင်သို့တိုင်အောင် ချီဆောင်သည်အကြောင်းကို ငါသိ၏။ ထိုအခါသူ၌ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ။ ဘုရားသခင် သိတော်မူ၏။-
12:3 ထိုသူသည် ပရဒိသုဘုံသို့ ချီဆောင်ခြင်းကိုခံရ၍၊ လူမပြောအပ် မပြောနိုင်သောစကားကို ကြားသည် အကြောင်းကိုငါသိ၏။ ထိုအခါ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ၊ ဘုရားသခင် သိတော်မူ၏။-
12:5 ထိုသို့သောသူကို ဝါကြွားမည်။ နွမ်းရိအားနည်းခြင်းမှတစ်ပါး ကိုယ်ဂုဏ်ကို မဝါကြွား။-
12:6 ဝါကြွားခြင်းငှာ အလိုရှိလျှင်လည်း၊ သူရူးဖြစ်သည်မဟုတ်။ အကြောင်းမူကား၊ ငါသည်ဟုတ်မှန်စွာ ပြောတတ်၏။ တစ်စုံတစ်ယောက်သောသူသည် ငါ့ကိုမြင်သည်ထက်၊ ငါ့သတင်းကို ကြားသည်ထက်၊ ငါ့ကို သာ၍ မထင်စေခြင်းငှာ ငါမပြောဘဲနေ၏။-
12:7 ငါခံရသောဗျာဒိတ်တော် အလွန်ထူးမြတ်၍ ငါသည် ထောင်လွှားသောစိတ်မရှိစေခြင်းငှာ၊ ငါ့ကို ဒဏ်ခတ်သော စာတန်၏တမန်တည်းဟူသော ငါ့ကိုယ်၌ စူးသောဆူးကို ပေးတော်မူ၏။-
12:8 ထိုဆင်းရဲခြင်းနှင့် ကင်းလွတ်မည်အကြောင်း သုံးကြိမ်မြောက်အောင် သခင်ဘုရားကို ငါဆုတောင်း၍ အသနားတော်ခံပြီးလျှင်၊-
12:9 ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါ့ကိုယ်၌ အားနည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှာ သာ၍ ငါအလိုရှိ၏။-
12:10 သို့ဖြစ်၍ ခရစ်တော်ကြောင့်ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ ကျပ်တည်းစွာသော ဒုက္ခဝေဒနာခံခြင်းတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား၊ ငါသည် အားနည်းသောအခါ တန်ခိုးနှင့် ပြည့်စုံလျက်ရှိ၏။
12:11 ငါသည် ဝါကြွားတတ်သော သူရူးဖြစ်သလော။ ထိုသို့ဖြစ်လျှင်၊ သင်တို့သည် ငါ့ကို အနိုင်အထက်ဖြစ်စေကြပြီ။ အဘယ်သို့နည်း ဟူမူကား၊ သင်တို့ချီးမွမ်းခြင်းကို ငါခံသင့်၏။ ငါသည် ဘာမျှမဟုတ်သော်လည်း၊ အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်မညံ့။-
12:12 အကယ်စင်စစ် သည်းခံခြင်းနှင့်တကွ နိမိတ်လက္ခဏာ အံဖွယ်သောအမှု၊ ထူးဆန်းသော တန်ခိုးများအားဖြင့် တမန်တော်၏လက္ခဏာတို့ကို သင်တို့တွင် ထင်ရှားစွာပြပြီ။-
12:13 ငါသည်သင်တို့ကို မနှောင့်ယှက်သော အရာတစ်ခုကို ထားလျှင်၊ သင်တို့သည် အခြားသော အသင်းတော်ထက် အဘယ်သို့ယုတ်ညံ့သနည်း။ ထိုသို့ ငါပြစ်မှားသောအပြစ်ကို သည်းခံကြလော့။-
12:14 ဤတတိယအကြိမ် သင်တို့ဆီသို့သွားခြင်းငှာ ငါသည်အသင့်ရှိ၏။ သင်တို့ကို နှောင့်ယှက်မည်ဟု အကြံမရှိ။ သင်တို့ဥစ္စာကို ငါရှာသည်မဟုတ်။ သင်တို့ကိုသာ ရှာ၏။ သားသမီးတို့သည် မိဘအတွက် ဥစ္စာကို ဆည်းပူးရသည်မဟုတ်။ မိဘတို့သည် သားသမီးတို့အတွက် ဆည်းပူးရ၏။-
12:15 ငါသည်သင်တို့ကို ချစ်ခြင်းမေတ္တာစိတ် တိုးပွားသည်အတိုင်း သင်တို့သည် ငါ့ကိုချစ်ခြင်းမေတ္တာစိတ် ဆုတ်ယုတ်သော်လည်း၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှာ ငါသည် ကိုယ်ဥစ္စာကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်း၊ ကုန်စေခြင်းငှာ အလွန်စေတနာရှိ၏။
12:16 သင်တို့ကို ငါမနှောင့်ယှက်သည် မှန်စေတော့။ သို့သော်လည်း၊ လိမ္မာသောသူဖြစ်၍ ပရိယာယ်အားဖြင့် သင်တို့ကိုဖမ်းဆီးပြီဟုဆိုလျှင်၊-
12:17 တစ်စုံတစ်ယောက်သောသူကို သင်တို့ဆီသို့ စေလွှတ်၍၊ သင်တို့၏ဥစ္စာကို ပရိယာယ်အားဖြင့် ငါယူသလော။-
12:18 တိတုသည် သင်တို့ဆီသို့ သွားမည်အကြောင်း ငါတောင်းပန်၍၊ သူနှင့်တကွ အခြားသော ညီတစ်ယောက်ကို စေလွှတ်၏။ တိတုသည် ပရိယာယ်အားဖြင့် သင်တို့၏ဥစ္စာကို ယူသလော။ ငါတို့သည် စိတ်သဘောချင်းတူ၍ ကျင့်ကြသည် မဟုတ်လော။ တစ်လမ်းတည်း လိုက်ကြသည် မဟုတ်လော။
12:19 တစ်ဖန်တုံ၊ ငါတို့သည် သင်တို့ရှေ့၌ ကိုယ်အပြစ်ဖြေရာစကားကို ပြောသည်ဟု ထင်ကြသလော။ ခရစ်တော်ကိုထောက်၍ ဘုရားသခင်ရှေ့၌ ငါတို့ ပြောကြ၏။ ချစ်သူတို့၊ ငါတို့ပြုသမျှမှာ သင်တို့ကို တည်ဆောက်ခြင်းအလိုငှာ ပြုကြ၏။-
12:20 ငါရောက်လာသောအခါ၊ သင်တို့သည် ငါနှစ်သက်သောသူ မဖြစ်၊ ငါသည်လည်း သင်တို့ မနှစ်သက်သောသူ ဖြစ်မည်ဟူ၍လည်းကောင်း၊ သင်တို့၌ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ သူ့အသရေကိုရှုတ်ချခြင်း၊ ချောစားခြင်း၊ မာနထောင်လွှားခြင်း၊ အချင်းချင်းအမှုလုပ်ခြင်း ဖြစ်မည်ဟူလည်းကောင်း၊-
12:21 အထက်ကပြစ်မှား၍ ညစ်ညူးစွာကျင့်ခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ ကိလေသာ လွန်ကျူးခြင်းအမှုတို့ကို ပြုမိ၍၊ ယခုတိုင်အောင် နောင်တမရသောသူအများကြောင့် ငါစိတ်မသာ ညည်းတွားရသဖြင့်၊ သင်တို့ရှေ့၌ ဘုရားသခင်သည် ငါ့ကိုနှိမ့်ချတော်မူမည် ဟူ၍လည်းကောင်း စိုးရိမ်ခြင်းရှိ၏။