2 Corinthians 13
13:1 ဤတတိယအကြိမ်တွင် သင်တို့ဆီသို့ ငါလာမည်ဖြစ်၍၊ သက်သေခံ နှစ်ဦးသုံးဦးအားဖြင့် စကားရှိသမျှတို့သည် တည်ရလိမ့်မည်။-
13:2 တစ်ဖန် ငါရောက်လာလျှင် သင်တို့ကိုမသနားရဟု ပြစ်မှားသောသူမှစ၍ ကြွင်းသောသူအပေါင်းတို့အား အထက်က ငါပြောသည်သာမက၊ ယခုပင်သင်တို့နှင့်အတူ မရှိသော်လည်း၊ တစ်ဖန် ရှိဘိသကဲ့သို့ ငါပြောနှင့်၏။-
13:3 သင်တို့တွင် အားနည်းတော်မမူ၊ အားကြီးတော်မူသော ခရစ်တော်သည် ငါ၌ဗျာဒိတ်ပြတော်မူခြင်း သက်သေကို သင်တို့သည် ရှာသောကြောင့်၊ ငါရောက်လာသောအခါ မသနားရ။-
13:4 အကြောင်းမူကား၊ ထိုခရစ်တော်သည် အားနည်းခြင်းနှင့် လက်ဝါးကပ်တိုင်မှာ အသေခံသော်လည်း၊ ဘုရားသခင်၏တန်ခိုးတော်နှင့် အသက်ရှင်တော်မူ၏။ ငါတို့သည်လည်း ခရစ်တော်၏နည်းတူ အားနည်းသော်လည်း၊ သင်တို့တွင်ပြသော ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ခရစ်တော်နှင့်အတူ အသက်ရှင်ခြင်း ရှိကြလိမ့်မည်။-
13:5 သင်တို့သည် ယုံကြည်ခြင်း၌ တည်သလော၊ မတည်လောဟု ကိုယ်ကိုကိုယ် စစ်ကြောကြလော့။ ကိုယ်ကိုကိုယ် စုံစမ်းကြလော့။ အစစ်မခံနိုင်သော သူမမှန်လျှင်၊ ယေရှုခရစ်သည် သင်တို့၌ တည်တော်မူသည်ဟု ကိုယ်အကြောင်းကို ကိုယ်မသိကြသလော။-
13:6 ငါတို့သည် အစစ်ခံနိုင်သောသူဖြစ်သည်ကို သင်တို့ သိကြလိမ့်မည်ဟု ငါထင်မှတ်မျှော်လင့်ခြင်းရှိ၏။-
13:7 ငါတို့သည် အစစ်ခံနိုင်ကြောင်းကို ထင်ရှားစေခြင်းငှာ ငါအလိုရှိသည်မဟုတ်။ အစစ်မခံနိုင်သော သူကဲ့သို့ထင်သော်လည်း၊ သင်တို့သည် ကောင်းမွန်စွာ ကျင့်စေခြင်းငှာ၊ မကောင်းသောအကျင့် တစ်စုံတစ်ခုကိုမျှ မကျင့်မည်အကြောင်း၊ ငါသည် ဘုရားသခင်ကို ဆုတောင်းပတ္ထနာပြု၏။-
13:8 ငါတို့သည် သမ္မာတရားကို ဆီးတားခြင်းငှာ အလျှင်းမတတ်နိုင်ကြ။-
13:9 သမ္မာတရားဘက်၌နေ၍သာ တတ်နိုင်ကြ၏။ ငါတို့သည် အားနည်း၍ သင်တို့သည် အားကြီးသောအခါ၊ ငါတို့သည် ဝမ်းမြောက်ခြင်းရှိကြ၏။ သင်တို့သည် စုံလင်မည်အကြောင်းကိုသာ အလိုရှိကြ၏။-
13:10 ထိုကြောင့် ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှာ မဟုတ်၊ တည်ဆောက်ခြင်းအလိုငှာ သခင်ဘုရားသည် ငါ၌ အပ်ပေးတော်မူသော တန်ခိုးရှိသည်အတိုင်း ငါသည် ရောက်လာသောအခါ ပြင်းစွာသောဒဏ်ကို မပေးလို၍၊ ယခုသင်တို့နှင့် ကွာဝေးသေးသည်ကာလ ဤသို့ ငါရေးလိုက်၏။
13:11 ကြွင်းသေးသောစကား ဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့၌ မင်္ဂလာရှိပါစေသော။ စုံလင်ခြင်း၊ သက်သာဝမ်းမြောက်ခြင်း ရှိကြလော့။ စိတ်တညီတညွတ်တည်း ဖြစ်၍၊ အချင်းချင်း အသင့်အတင့်နေကြလော့။ သို့ဖြစ်၍ မေတ္တာကိုလည်းကောင်း၊ အသင့်အတင့်နေခြင်း ချမ်းသာကိုလည်းကောင်း ပေးတော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလတ္တံ့။-
13:12 အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။-
13:13 သန့်ရှင်းသူအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။-
13:14 သခင်ယေရှုခရစ်၏ ကျေးဇူးတော်လည်းကောင်း၊ ဘုရားသခင်၏ မေတ္တာတော်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မိတ်သဟာယတော်လည်းကောင်း၊ သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။ ကောရိန်သုဩဝါဒစာဒုတိယစောင်ပြီး၏။