Deuteronomy 12
12:1 သင်တို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှသော ကာလပတ်လုံးဝင်စားစေခြင်းငှာ သင်တို့ဘိုးဘေးကိုးကွယ်သော ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်၌ ကျင့်အံ့သောငှာ စောင့်ရှောက်ရသော စီရင်ထုံးဖွဲ့ချက်များဟူမူကား၊
12:2 သင်တို့ အစိုးရသောလူမျိုးတို့သည် တောင်ကြီး၊ တောင်ငယ်အပေါ်၊ စိမ်းသောသစ်ပင်အောက်၌ မိမိတို့ဘုရားများကို ဝတ်ပြုရာအရပ်ရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီးရမည်။
12:3 သူတို့ယဇ်ပလ္လင်များကိုလည်း ဖျက်ရမည်။ ရုပ်တုများကို ဖြိုချရမည်။ အာရှရပင်များကို မီးရှို့ရမည်။ ထုလုပ်သော ဘုရားဆင်းတုများကို ခုတ်လှဲရမည်။ ထိုအရပ်၌ ထိုဘုရားတို့၏နာမကိုပင် ပယ်ရှင်းရမည်။
12:4 သူတို့ပြုသကဲ့သို့၊ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားအားမပြုရဘဲ၊
12:5 သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့အမျိုးအနွယ်ရှိသမျှတို့တွင် နာမတော်ကိုတည်စေဖို့ရာ ရွေးကောက်တော်မူသော အရပ်တည်းဟူသော ကျိန်းဝပ်တော်မူရာအရပ်ကို ရှာ၍လာရကြမည်။
12:6 ထိုအရပ်သို့ သင်တို့သည် မီးရှို့ရာယဇ်အစရှိသောယဇ်များ၊ ဆယ်ဖို့တစ်ဖို့ ပူဇော်သကာ၊ ချီမြှောက်ရာပူဇော်သကာ၊ သစ္စာကတိနှင့် ဆိုင်သောပူဇော်သကာ၊ အလိုလိုပြုသောပူဇော်သကာမှစ၍၊ သိုးနွားတွင် အဦးဖွားသောသားငယ်တို့ကို ဆောင်ခဲ့ရကြမည်။
12:7 ထိုအရပ်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ စားရကြမည်။ ပြုလေရာရာ၌ သင်တို့၏ဘုရားသခင် ထာဝရဘုရား ကောင်းချီးပေးတော်မူသဖြင့်၊ ကိုယ်တိုင်မှစ၍ အိမ်သူအိမ်သားတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။
12:8 ယခုကာလ၊ ဤအရပ်၌ပြုသကဲ့သို့၊ ထိုအရပ်၌ လူတိုင်းကိုယ်ဉာဏ်ကိုလိုက်၍ မပြုရကြ။
12:9 သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးတော်မူသော အမွေခံရာချမ်းသာထဲသို့ သင်တို့သည် မဝင်ရကြသေး။
12:10 သင်တို့သည် ယော်ဒန်မြစ်တစ်ဖက်သို့ကူး၍၊ သင်တို့အမွေခံရာဖို့ သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်၌ နေကြသောအခါ၊ ရန်သူအပေါင်းတို့လက်မှ သင်တို့ကိုကယ်နုတ်တော်မူသဖြင့် ငြိမ်ဝပ်စွာနေကြသောအခါ၊
12:11 နာမတော်ကိုတည်စေဖို့ရာ၊ သင်တို့၏ဘုရားသခင်ထာဝရဘုရား ရွေးကောက်တော်မူသောအရပ် ရှိရမည်။ ထိုအရပ်သို့ ငါမှာထားသမျှအတိုင်း၊ သင်တို့မီးရှို့ရာယဇ် အစရှိသောယဇ်များ၊ ဆယ်ဖို့တစ်ဖို့ပူဇော်သကာ၊ ချီမြှောက်ရာ ပူဇော်သကာ၊ ထာဝရဘုရားအားကတိရှိသည်အတိုင်း၊ မြတ်သောပူဇော်သကာတို့ကို ဆောင်ခဲ့ရကြမည်။
12:12 ကိုယ်တိုင်မှစ၍၊ သားသမီး၊ ကျွန်ယောက်ျား မိန်းမတို့နှင့် ကိုယ်အဖို့မရှိ၊ အမွေမခံရဘဲ၊ သင်တို့၌တည်းခိုသော လေဝိသားတို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ရွှင်လန်းခြင်းကို ပြုရကြမည်။
12:13 တွေ့မြင်ရာအရပ်၌ မီးရှို့ရာယဇ်ကို မပူဇော်ရမည်အကြောင်း သတိပြုကြလော့။
12:14 သင်တို့အမျိုးတစ်မျိုးတွင် ထာဝရဘုရားရွေးကောက်တော်မူသောအရပ်၌ မီးရှို့ရာယဇ်ကိုပူဇော်၍၊ ငါမှာထားသမျှတို့ကို ပြုရကြမည်။
12:15 သို့ရာတွင် သင်၏ဘုရားသခင်ထာဝရဘုရား ကောင်းချီးပေးတော်မူသည်အတိုင်း၊ သင်တို့နေရာအရပ်ရပ်၌ စားချင်သောအလိုသို့လိုက်၍ သတ်စားရသော အခွင့်ရှိကြ၏။ သမင်၊ ဒရယ်ကိုစားသကဲ့သို့၊ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် အတူစားရကြမည်။
12:16 သို့ရာတွင် အသွေးကိုမစားရ။ ရေကိုသွန်သကဲ့သို့ မြေပေါ်မှာသွန်ရမည်။
12:17 စပါး၊ စပျစ်ရည်၊ ဆီဆယ်ဖို့တွင် ပူဇော်သောတစ်ဖို့၊ သိုးနွားတွင် အဦးဖွားသောသားငယ်၊ သစ္စာကတိနှင့်ဆိုင်သော ပူဇော်သကာ၊ အလိုလိုပြုသော ပူဇော်သကာ၊ ချီမြှောက်ရာပူဇော်သကာ တစ်စုံတစ်ခုကိုမျှ၊ သင်တို့သည် ကိုယ်နေရာအရပ်၌ မစားရကြ။
12:18 သင်တို့၏ ဘုရားသခင်ထာဝရဘုရားရွေးကောက်တော်မူသောအရပ်၌၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားရှေ့မှာ ကိုယ်တိုင်မှစ၍သားသမီး၊ ကျွန်ယောက်ျားမိန်းမ၊ တည်းခိုသောလေဝိသားတို့သည် စားရကြမည်။ ပြုလေရာရာ၌ သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်မှာ ရွှင်လန်းခြင်းကိုပြုရကြမည်။
12:19 မြေကြီးပေါ်မှာ အသက်ရှင်သမျှသော ကာလပတ်လုံး၊ လေဝိသားတို့ကို မမေ့လျော့မည်အကြောင်း သတိပြုကြလော့။
12:20 သင်၏ ဘုရားသခင်ထာဝရဘုရားသည် ကတိတော်ရှိသည်အတိုင်း၊ သင်၏နေရာပြည်ကို ကျယ်စေတော်မူသောအခါ၊ သင်သည် အမဲသားကိုစားချင်သောစိတ်ရှိ၍၊ အမဲသားကို ငါစားမည်ဟုဆိုလျှင်၊ စားချင်တိုင်းစားရသော အခွင့်ရှိ၏။
12:21 သင်၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိုတည်စေဖို့ရာ ရွေးကောက်တော်မူသောအရပ်သည် သင့်နေရာနှင့် ဝေးလွန်းလျှင်၊ ထာဝရဘုရားပေးတော်မူသောသိုးနွားကို၊ ငါမှာထားသည်အတိုင်းသတ်၍၊ သင့်နေရာအရပ်၌ စားချင်တိုင်းစားရသော အခွင့်ရှိ၏။
12:22 သမင်၊ ဒရယ်ကိုစားသကဲ့သို့ စားရမည်။ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် ရောနှော၍စားရသောအခွင့် ရှိကြ၏။
12:23 သို့ရာတွင်၊ အသွေးကိုမစားမည်အကြောင်း၊ သတိပြုလော့။ အသက်သည် အသွေး၌တည်၏။ အသားနှင့်တကွ အသက်ကိုမစားရ။
12:24 ထိုကြောင့် အသွေးကိုမစားရ။ ရေကိုသွန်သကဲ့သို့ မြေပေါ်မှာသွန်ရမည်။
12:25 သင်သည် ထာဝရဘုရား နှစ်သက်တော်မူဖွယ်သောအမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှစ၍ သားမြေးတို့သည် ချမ်းသာစွာနေရမည်အကြောင်း၊ အသွေးကိုရှောင်ရမည်။
12:26 သင်၌ သန့်ရှင်းသောပူဇော်သကာ၊ သစ္စာကတိအတိုင်းပြုသော ပူဇော်သကာတို့ကိုယူ၍၊ ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်သို့ သွားရမည်။
12:27 အသားနှင့် အသွေးကိုရောနှော၍၊ မီးရှို့ရာယဇ်တို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရမည်။ ယဇ်ကောင်အသွေးကို၊ သင်၏ ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်မှာ သွန်းလောင်း၍၊ အသားကိုစားရမည်။
12:28 သင်၏ ဘုရားသခင်ထာဝရဘုရား နှစ်သက်မြတ်နိုးတော်မူဖွယ်သောအမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှစ၍ သားမြေးအစဉ်အဆက်တို့သည် ချမ်းသာစွာ နေရမည်အကြောင်း၊ ငါမှာထားသမျှသော ဤစကားတို့ကိုစေ့စေ့နားထောင်၍ စောင့်ရှောက်လော့။
12:29 သင်သွား၍ ဝင်စားလတ္တံ့သောပြည်၌ ရှိသောလူမျိုးတို့ကို၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ရှေ့မှာပယ်ရှင်းတော်မူသဖြင့်၊ သူတို့နေရာပြည်၌ သင်သည် ဝင်၍နေသောအခါ၊
12:30 သူတို့သည် သင့်ရှေ့မှာပျက်စီးသောနောက်၊ သူတို့အကျင့်အတိုင်း သင်ကျင့်၍ အပြစ်မရောက်မည်အကြောင်း၊ ထိုလူမျိုးတို့သည် သူတို့ဘုရားများကို အဘယ်သို့ဝတ်ပြုသနည်း။ ထိုနည်းတူ ငါပြုမည်ဟု သူတို့ဘုရားဝတ်ကို မမေးမြန်းမည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြုလော့။
12:31 သူတို့ပြုသကဲ့သို့၊ သင်၏ ဘုရားသခင်ထာဝရဘုရားအား သင်မပြုရ။ သူတို့သည်၊ ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူသမျှတို့ကို သူတို့ဘုရား၌ ပြုကြပြီ။ ကိုယ်သားသမီးကိုပင် သူတို့ဘုရားအားဝတ်ပြု၍ မီးရှို့ကြပြီ။
12:32 ငါမှာထားသမျှတို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်လော့။ ထပ်၍ မပိုရ၊ နုတ်၍ မလျော့စေရ။