Deuteronomy 13
13:1 သင်တို့တွင် ပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သောသူသည် ပေါ်လာ၍၊
13:2 သင်တို့မသိသော အခြားတစ်ပါးသောဘုရားကို ဆည်းကပ်၍ ဝတ်ပြုကြစို့ဟု ပြောဆိုလျက်၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုကိုပေး၍၊ ထိုနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုသည် ပြည့်စုံသော်လည်း၊
13:3 ထိုပရောဖက်ပြုသောသူ၊ အိပ်မက်ကိုမြင်သော သူတို့၏စကားကို နားမထောင်ရ။ အကြောင်းမူကား၊ သင်တို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့ ချစ်သည်မချစ်သည်ကို၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် စုံစမ်းတော်မူ၏။
13:4 သင်တို့၏ ဘုရားသခင်ထာဝရဘုရား နောက်တော်သို့ လိုက်ရကြမည်။ ကြောက်ရွံ့သောစိတ်နှင့် ပညတ်တော်တို့ကို စောင့်ရကြမည်။ စကားတော်ကို နားထောင်လျက် ဝတ်ပြု၍၊ ကိုယ်တော်၌ ဆည်းကပ်မှီဝဲရကြမည်။
13:5 ကျွန်ခံနေရာ အဲဂုတ္တပြည်မှ သင်တို့ကို ကယ်နုတ်ဆောင်ယူခဲ့တော်မူသော သင်တို့၏ ဘုရားသခင်ထာဝရဘုရားထံတော်မှ လွဲစေခြင်းငှာလည်းကောင်း၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည်၊ သင်တို့လိုက်စရာဖို့ မှာထားတော်မူသောလမ်းမှ ထွက်စေခြင်းငှာလည်းကောင်း ဟောပြောသောကြောင့်၊ ထိုပရောဖက်ပြုသူနှင့် အိပ်မက်မြင်သူတို့သည် အသေသတ်ခြင်းကို ခံရကြမည်။ ထိုသို့ ဒုစရိုက်အပြစ်ကို သင်တို့အထဲက ပယ်ရှင်းရကြမည်။
13:6 သင်၏ညီအစ်ကိုရင်း၊ သင်၏သားသမီး၊ သင်၏ရင်ခွင်၌နေသောမယား၊ ကိုယ်ကဲ့သို့မှတ်တတ်သော အဆွေခင်ပွန်း တစ်စုံတစ်ယောက်က၊ သွားကြစို့။ သင်လည်း မသိ၊ ဘိုးဘေးတို့လည်းမသိသော အခြားတစ်ပါးသောဘုရား၊
13:7 သင့်ပတ်လည်အနီးအဝေး၌ နေသောသူ၊ မြေကြီးစွန်းတစ်ဖက်မှသည် တစ်ဖက်တိုင်အောင်၊ ကိုးကွယ်သောဘုရားကို ဝတ်ပြုကြစို့ဟု တိတ်ဆိတ်စွာ သွေးဆောင်လျှင်၊
13:8 သင်သည် ဝန်မခံရ။ သူ၏စကားကို နားမထောင်ရ။ သူ့ကို မြင်သောအခါ မသနားရ။ နှမြောသဖြင့် ဝှက်၍မထားရဘဲ၊ သူ့ကို အမှန်သတ်ရမည်။
13:9 သူသည် အသေသတ်ခြင်းကို ခံစိမ့်သောငှာ၊ သင်သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။
13:10 ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင်တို့ကို နုတ်ဆောင်တော်မူသော သင်၏ဘုရားသခင် ထာဝရဘုရားထံတော်မှလွဲစေခြင်းငှာ ကြံစည်သောကြောင့်၊ ထိုသူကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။
13:11 ထိုသတင်းကို ဣသရေလအမျိုးသားအပေါင်းတို့သည် ကြား၍၊ ထိုသို့သော အဓမ္မအမှုကို သင်တို့တွင် နောက်တစ်ဖန်မပြုဝံ့ဘဲ နေကြလိမ့်မည်။
13:12 အဓမ္မလူတို့သည် သင်တို့အထဲကထွက်၍၊ သင်တို့မသိသော၊
13:13 အခြားတစ်ပါးသောဘုရားထံသို့ သွား၍ ဝတ်ပြုကြစို့ဟု ပြောဆိုလျက်၊ သူတို့မြို့သူမြို့သားတို့ကို သွေးဆောင်ကြောင်းကို၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်နေစရာဖို့ပေးတော်မူသော မြို့တစ်စုံတစ်မြို့၌ သင်သည် သတင်းကြားလျှင်၊ ထိုအမှုကို စေ့စေ့မေးမြန်း စစ်ကြောရမည်။
13:14 သတင်းကြားသည်အတိုင်း ထင်ရှားစွာ ဧကန်မှန်၍၊ ထိုသို့သော စက်ဆုပ်ဖွယ်အမှုကို သင်တို့တွင် အမှန်ပြုမိလျှင်၊
13:15 ထိုမြို့သူမြို့သားတို့ကို ဓားနှင့် လုပ်ကြံရမည်။ မြို့မှစ၍ မြို့၌ရှိသော လူနှင့်တိရစ္ဆာန်အပေါင်းတို့ကို ဓားနှင့် ရှင်းရှင်းဖျက်ဆီးရမည်။
13:16 လုယူရာဥစ္စာရှိသမျှကို မြို့လမ်းမအလယ်၌စုပုံ၍၊ ထိုမြို့နှင့်တကွ လုယူရာဥစ္စာရှိသမျှကို သင်၏ဘုရားသခင် ထာဝရဘုရားအဖို့ မီးရှို့ရမည်။ ထိုမြို့သည် အစဉ်အမြဲ အမှိုက်ပုံဖြစ်ရမည်။ နောက်တစ်ဖန် မတည်မဆောက်ရ။
13:17 ထာဝရဘုရားသည် အမျက်တော်အရှိန်ကိုငြိမ်းစေ၍၊ သင်၏ဘိုးဘေးတို့အား ကတိတော်ရှိသည်အတိုင်း၊ သင့်ကို ကယ်မသနားတော်မူသဖြင့် များပြားစေတော်မူမည်အကြောင်း၊ ကျိန်အပ်သောဥစ္စာ တစ်စုံတစ်ခုကိုမျှ မသိမ်းမယူဘဲ၊ အလုံးစုံတို့ကို စွန့်ပစ်ရမည်။
13:18 ယနေ့ ငါမှာထားသည်အတိုင်း သင်၏ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို နားထောင်၍ ပညတ်တော်အလုံးစုံတို့ကို ကျင့်သဖြင့်၊ သင်၏ ဘုရားသခင်ထာဝရဘုရား နှစ်သက်တော်မူဖွယ်ပြုသောအခါ၊ ရှေးကတိတော်အတိုင်း ပြုတော်မူမည်။