Deuteronomy 20
20:1 သင်သည် ရန်သူတို့ကို စစ်တိုက်ခြင်းငှာ ချီသွားသောအခါ၊ ကိုယ်ထက်သာ၍များသောမြင်း၊ ရထား၊ လူတို့ကိုမြင်သော်လည်း မကြောက်နှင့်။ သင့်ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ဘက်၌ရှိတော်မူ၏။
20:2 စစ်တိုက်ချိန်နီးသောအခါ၊ ယဇ်ပုရောဟိတ်တို့သည်ချဉ်း၍၊
20:3 အိုဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့သည် စစ်တိုက်ခြင်းငှာ ရန်သူတို့ကိုချဉ်းကြပြီ။ သူတို့ကြောင့် စိတ်ပျက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ထိတ်လန့်ခြင်း မရှိကြနှင့်။
20:4 အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ရန်သူတို့ကိုစစ်တိုက်၍ သင်တို့ကို ကယ်တင်ခြင်းအလိုငှာ၊ သင်တို့နှင့်အတူ ကြွတော်မူသည်ဟု လူတို့အားပြောဆိုရကြမည်။
20:5 ဗိုလ်တို့ကလည်း၊ အိမ်သစ်ကိုဆောက်၍ ဘုရားသခင်၌ မအပ်ရသေးသောသူရှိလျှင်၊ မိမိအိမ်သို့ပြန်၍ အပ်ပါလေစေ။ သို့မဟုတ် စစ်တိုက်ရာတွင်သေ၍ အခြားသောသူသည် ထိုအိမ်ကိုအပ်လိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
20:6 စပျစ်ဥယျာဉ်ကိုစိုက်၍ စပျစ်သီးကို မစားရသေးသောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ် စစ်တိုက်ရာတွင်သေ၍ အခြားသောသူသည် ထိုစပျစ်သီးကို စားလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
20:7 မိန်းမနှင့် လက်ထပ်၍ မသိမ်းရသေးသောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ် စစ်တိုက်ရာတွင်သေ၍ အခြားသောသူသည် ထိုမိန်းမကိုသိမ်းလိမ့်မည်ဟု စိုးရိမ်စရာရှိသည်ဟု လူများတို့အား ပြောရကြမည်။
20:8 တစ်ဖန်လည်း၊ ဗိုလ်တို့က ကြောက်တတ်သော သဘောရှိ၍ စိတ်ပျက်သောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ်လျှင် ထိုသူစိတ်ပျက်သကဲ့သို့ သူ၏အဖော်တို့သည် စိတ်ပျက်ကြလိမ့်မည်ဟု စိုးရိမ်စရာရှိသည်ဟု လူများတို့အား ပြောရကြမည်။
20:9 ဗိုလ်တို့သည် လူများတို့အား ထိုသို့ပြောပြီးမှ တပ်မှူးတို့သည် လူများကို စစ်ချီစေရကြမည်။
20:10 သင်သည် မြို့တစ်စုံတစ်မြို့ကို တိုက်ခြင်းငှာ ချဉ်းသောအခါ၊ စစ်ငြိမ်းမည်အကြောင်းကို ဟစ်ကြော်ရမည်။
20:11 ထိုမြို့သည် စစ်ငြိမ်းရာစကားပြေကို ပြန်ပြော၍ မြို့တံခါးကို ဖွင့်ထားလျှင်၊ ထိုမြို့၌ရှိသောသူ အပေါင်းတို့သည် သင့်အားအခွန်ပေး၍ သင့်အမှုကိုထမ်းရကြမည်။
20:12 သို့မဟုတ် စကားပြေမပြောဘဲ သင့်ကိုစစ်တိုက်လျှင်၊ ထိုမြို့ကိုဝိုင်းထား၍၊
20:13 သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်လက်၌ အပ်တော်မူသောအခါ၊ ယောက်ျားရှိသမျှတို့ကို ဓားနှင့်လုပ်ကြံရမည်။
20:14 မိန်းမ၊ သူငယ်၊ တိရစ္ဆာန်အစရှိသော မြို့၌တွေ့သော ဥစ္စာရှိသမျှကို ကိုယ်ဖို့သိမ်း၍၊ သင်၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသော သင်၏ရန်သူလက်မှရသော ဥစ္စာကိုစားရမည်။
20:15 ဤလူမျိုးနေသော မြို့မှတစ်ပါး သင်နှင့်ဝေးသော မြို့ရှိသမျှတို့အား ထိုသို့ပြုရမည်။
20:16 သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဖို့၊ ဤလူမျိုးနေရာမြို့တို့၌ အသက်ရှူသော လူသတ္တဝါတစ်စုံတစ်ယောက်ကိုမျှ အသက်မရှင်စေရ။
20:17 ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့သည် မိမိတို့ဘုရားများ၌ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို သင့်အားသွန်သင်၍၊ သင်သည် သင်၏ ဘုရားသခင်ထာဝရဘုရားကို မပြစ်မှားမည်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ထိုလူမျိုးအပေါင်းတို့ကို ရှင်းရှင်းဖျက်ဆီးရမည်။
20:19 သင်သည် မြို့တစ်စုံတစ်မြို့ကို တိုက်ယူခြင်းငှာ ကြာမြင့်စွာဝိုင်းထားလျှင်၊ သစ်ပင်များကို မခုတ်မဖြတ်ရ။ မြေ၌ပေါက်သော အပင်တို့သည် လူအသက်မွေးဖို့ရာ ဖြစ်သောကြောင့် အသီးကိုသာစားရမည်။ မြို့ကိုဝိုင်းထားရာ အမှုကိုဆောင်၍ အပင်ကိုမလှဲရ။
20:20 သို့ရာတွင် မစားရသောသစ်ပင်တို့ကို ခုတ်လှဲ၍၊ သင်နှင့်စစ်တိုက်သောမြို့ကို မအောင်မီတိုင်အောင်၊ စစ်တိုက်ရာတန်ဆာတို့ကို ဆောက်လုပ်ရသောအခွင့်ရှိ၏။