Deuteronomy 19
19:1 သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည်၌နေသော လူမျိုးတို့ကို သင်၏ဘုရားသခင်ထာဝရဘုရား ပယ်ဖြတ်တော်မူသဖြင့်၊ သင်သည် သူတို့အရာ၌ ဝင်စား၍၊ သူတို့မြို့၊ သူတို့အိမ်၌နေသောအခါ၊
19:2 သင်၏ဘုရားသခင် ထာဝရဘုရားသည် အပိုင်ပေးတော်မူသော ထိုပြည်အတွင်း၌ မြို့သုံးမြို့တို့ကို ခွဲထားရမည်။
19:3 လူအသက်ကို သတ်မိသောသူအပေါင်းတို့သည် ထိုမြို့သို့ ပြေးနိုင်မည်အကြောင်း၊ သင့်အမွေခံစရာဖို့ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သုံးပိုင်းပိုင်း၍ လမ်းခရီးကိုလည်း ပြင်ဆင်ရမည်။
19:4 လူအသက်ကိုသတ်မိ၍၊ ကိုယ်အသက် ချမ်းသာစေခြင်းငှာ၊ ထိုမြို့သို့ပြေးရသော သူ၏အမှုဟူကား၊ လူသည် ထင်းခုတ်ခြင်းငှာ အဖော်နှင့်တောသို့သွား၍ သစ်ပင်ကို ခုတ်လှဲစဉ်အခါ၊ ပုဆိန်သည် အရိုးကျွတ်၍ အဖော်ကို ထိသောကြောင့်၊ မိမိအဖော်သေအောင် ပြုမိသောသူနှင့်တူ၍၊ ရန်ငြိုးဖွဲ့ခြင်းမရှိဘဲ မိမိအဖော်ကို အမှတ်တမဲ့သတ်မိသောသူသည်၊ ထိုမြို့တစ်စုံတစ်မြို့သို့ပြေး၍ အသက်ချမ်းသာရလိမ့်မည်။
19:6 သို့မဟုတ် သေစားသေစေသောသူသည် စိတ်မာန်ထစဉ်အခါ၊ လူသတ်ကိုလိုက်လျက် ခရီးဝေးသောကြောင့် မီ၍သတ်လိမ့်မည်။ ထိုသို့ မသတ်သင့်။ အကြောင်းမူကား၊ ထိုသူသည် မိမိအဖော်ကို ရန်ငြိုးဖွဲ့ခြင်းမရှိသောကြောင့် အသေသတ်ခြင်းကို မခံထိုက်။
19:7 ထိုကြောင့် မြို့သုံးမြို့ကို ခွဲထားရမည်ဟု ငါမှာထား၏။
19:8 ယနေ့ ငါမှာထားသမျှသော ဤပညတ်တော်တို့ကို ကျင့်စောင့်၍၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ချစ်သောစိတ်နှင့် အစဉ်အမြဲ လမ်းတော်သို့လိုက်လျှင်လည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏ ဘိုးဘေးတို့အားပေးခြင်းငှာ ကတိထားသော ပြည်ရှိသမျှကို သင့်အားပေးတော်မူ၍၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုသည်အတိုင်း၊ သင့်နေရာပြည်ကို ကျယ်ဝန်းစေတော်မူလျှင်လည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဖို့ ပေးတော်မူသောပြည်၌ အသေမခံထိုက်သောသူသည် အသေခံ၍ လူ့အသက်ကို သတ်သောအပြစ်သည် သင့်အပေါ်မှာ မရောက်မည်အကြောင်း၊ ယခုဆိုခဲ့ပြီးသော မြို့သုံးမြို့မှတစ်ပါး၊ အခြားသော မြို့သုံးမြို့ကို ထပ်၍ခွဲထားရမည်။
19:11 တစ်နည်းကား၊ မိမိအဖော်ကိုရန်ငြိုးဖွဲ့သဖြင့် ချောင်းမြောင်း၍ သေအောင်တိုက်သောသူသည် ထိုမြို့ တစ်စုံတစ်မြို့သို့ပြေး၍ ရောက်သော်လည်း၊
19:12 သူ့နေရာမြို့၌ အသက်ကြီးသူတို့သည် လူကိုစေလွှတ်၍ ထိုသူကိုဆောင်ခဲ့သဖြင့်၊ သေစေခြင်းငှာ သေစားသေစေသောသူ၏လက်၌ အပ်လိုက်ရကြမည်။
19:13 သင်၏မျက်စိသည် သူ့ကိုမသနားရ၊ သင်သည် ချမ်းသာရမည်အကြောင်း၊ လူအသက်သတ်ခြင်းအပြစ်ကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည်။
19:14 သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အား အပိုင်ပေးတော်မူသောပြည်မှာ အမွေခံရာမြေ၌ ရှေးလူဟောင်းတို့သည် စိုက်ထားနှင့်သော အိမ်နီးချင်း၏ မြေမှတ်တိုင်ကိုမရွှေ့ရ။
19:15 လူသည် ပြုမိသောဒုစရိုက်၊ ပြစ်မှားမိသောအပြစ်ကို စစ်ကြောသောအခါ၊ သက်သေခံတစ်ဦးတည်းရှိလျှင် သူ၏စကားမတည်ရ။ သက်သေခံနှစ်ဦး၊ သုံးဦးအားဖြင့် စကားရှိသမျှတို့သည် တည်ရလိမ့်မည်။
19:16 မမှန်သော သက်သေခံတစ်ယောက်သည်၊ သူတစ်ပါးတစ်ဖက်၌ မမှန်သောသက်သေကိုခံလျှင်၊
19:17 တရားတွေ့သောသူနှစ်ယောက်တို့သည် ထာဝရဘုရား ရှေ့တော်သို့လည်းကောင်း၊ ထိုကာလ၌ရှိသော ယဇ်ပုရောဟိတ်၊ တရားသူကြီးရှေ့သို့လည်းကောင်းလာသဖြင့်၊
19:18 တရားသူကြီးတို့သည် စေ့စေ့စစ်ကြော၍ ထိုသက်သေခံသောသူသည် မိမိအဖော်တစ်ဖက်၌ မမှန်သောသက်သေကိုခံပြီးလျှင်၊
19:19 မိမိအဖော်၌ပြုမည်ဟု အကြံရှိသည်အတိုင်း သူ၌ပြုရမည်။ ဒုစရိုက်အပြစ်ကို သင်တို့အထဲက ထိုသို့ပယ်ရှားရမည်။
19:20 ကြွင်းသောသူတို့သည်လည်း ထိုသတင်းကိုကြား၍ ကြောက်သောကြောင့်၊ နောက်တစ်ဖန် ထိုသို့သော ဒုစရိုက်ကို မပြုဘဲနေကြလိမ့်မည်။
19:21 သင်၏မျက်စိသည် မသနားရ။ အသက်အတွက် အသက်ကိုလည်းကောင်း၊ မျက်စိအတွက် မျက်စိကိုလည်းကောင်း၊ သွားအတွက် သွားကိုလည်းကောင်း၊ လက်အတွက် လက်ကိုလည်းကောင်း၊ ခြေအတွက် ခြေကိုလည်းကောင်း ဒဏ်ပေးရမည်။