Deuteronomy 24
24:1 တစ်စုံတစ်ယောက်သောသူသည် မယားနှင့်ထိမ်းမြား၍ ဆက်ဆံပြီးမှ တစ်ဖန် အပြစ်တင်စရာ အကြောင်းရှိသောကြောင့် စိတ်မတွေ့လျှင်၊ ဖြတ်စာကိုရေး၍ သူ၌အပ်ပေးသဖြင့် လွှတ်လိုက်ရမည်။
24:2 ထိုမိန်းမသည် လင်အိမ်မှထွက်သွားသောနောက်၊ အခြားသောသူ၏မယား ဖြစ်ရသောအခွင့်ရှိ၏။
24:3 နောက်နေသောလင်သည်လည်း သူ့ကိုမုန်းလျှင်၊ ဖြတ်စာကိုရေး၍ သူ၌အပ်သဖြင့် လွှတ်လိုက်သည် ဖြစ်စေ၊ ထိုလင်သေသည်ဖြစ်စေ၊
24:4 အရင်လွှတ်လိုက်သောလင်ဟောင်းသည် ညစ်ညူးခြင်းရှိသော ထိုမိန်းမကို နောက်တစ်ဖန်မသိမ်းရ။ ထာဝရဘုရားရှေ့တော်၌ စက်ဆုပ်ဖွယ်သောအမှု ဖြစ်၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဖို့ ပေးတော်မူသောပြည်၌ အပြစ်မရောက်စေရ။
24:5 အိမ်ထောင်ဖက်ပြုစရှိသောသူသည် စစ်တိုက်မသွားရ။ မင်းအမှုကို မဆောင်ရ။ တစ်နှစ်ပတ်လုံး ကိုယ်အိမ်၌အလွတ်နေ၍ မယားကို ကျွေးမွေးပြုစုရမည်။
24:6 ကြိတ်ဆုံအပေါ် ကျောက်ပြားကိုဖြစ်စေ၊ အောက်ကျောက်ပြားကို ဖြစ်စေ၊ အဘယ်သူမျှ အပေါင်မယူရ။ ထိုသို့ယူလျှင်၊ သူ့အသက်ကို အပေါင်ယူသည်နှင့်တူ၏။
24:7 လူသည် မိမိအမျိုးသားချင်းဖြစ်သော ဣသရေလအမျိုးသားကိုခိုး၍ ကျွန်အရာ၌ ထားသည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ ထိုသူခိုးကိုတွေ့မိလျှင် အသေသတ်ရမည်။ သင်တို့တွင် ဒုစရိုက်အပြစ်ကို ထိုသို့ပယ်ရှားရကြမည်။
24:8 နူနာဘေးရောက်သောအခါ၊ လေဝိသား ယဇ်ပုရောဟိတ်တို့ သွန်သင်သမျှအတိုင်း သတိပြု၍ စေ့စေ့စောင့်ရှောက်လော့။ သူတို့ကို ငါမှာထားသည်အတိုင်း ကျင့်စောင့်ကြလော့။
24:9 သင်တို့သည် အဲဂုတ္တုပြည်မှထွက်၍ ခရီးသွားကြစဉ်တွင်၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ မိရိအံ၌ ပြုတော်မူသောအမှုကို အောက်မေ့ကြလော့။
24:10 သင်သည် အမျိုးသားချင်း၌ တစ်စုံတစ်ခုကို ချေးငှားလျှင်၊ အပေါင်ထားသောဥစ္စာကို ယူခြင်းငှာ သူ့အိမ်ထဲသို့ မဝင်ရ။
24:11 သင်သည် အိမ်ပြင်မှာရပ်နေ၍၊ ထိုသူသည် အပေါင်ထားသောဥစ္စာကို သင့်ရှိရာအိမ်ပြင်သို့ ဆောင်ခဲ့ရမည်။
24:12 ထိုသူသည် ဆင်းရဲလျှင်၊ ပေါင်၍ထားသောဥစ္စာကို ပြန်မအပ်ဘဲ ညကိုမလွန်စေရ။
24:13 သူသည် မိမိအဝတ်ကိုဝတ်ခြုံလျက် အိပ်ပျော်၍ သင့်ကိုကောင်းချီးပေးမည် အကြောင်း၊ သူပေါင်၍ထားသော ဥစ္စာကို နေဝင်လျှင် ဆက်ဆက်ပြန်အပ်ရမည်။ ထိုသို့ပြုသောအမှုသည် သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ်သောအမှု ဖြစ်လိမ့်မည်။
24:14 အမျိုးသားချင်းဖြစ်စေ၊ သင့်နေရာမြို့ရွာတို့၌ တည်းခိုသော တစ်ပါးအမျိုးသားဖြစ်စေ၊ ဆင်းရဲငတ်မွတ်သောသူငှားကို မညှဉ်းဆဲရ။
24:15 နေ့စဉ်မပြတ် သူ့အခကို ပေးရမည်။ မပေးဘဲ နေမဝင်စေနှင့်။ သူသည် ဆင်းရဲသောကြောင့် ရထိုက်သောအခကိုလည်း စိတ်စွဲလမ်းလျက် ရှိလိမ့်မည်။ မပေးဘဲနေလျှင် သူသည် သင့်ကိုအပြစ်တင်၍ ထာဝရဘုရားကို အော်ဟစ်သဖြင့် သင်၌အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။
24:16 အဘသည် သား၏အပြစ်ကြောင့်လည်းကောင်း၊ သားသည် အဘ၏အပြစ်ကြောင့်လည်းကောင်း အသေမခံရ။ လူတိုင်း မိမိအပြစ်ကြောင့်သာ အသေခံရမည်။
24:17 တရားရှာတွေ့ခြင်းအမှုမှာ တစ်ပါးအမျိုးသားနှင့် မိဘမရှိသောသူကို အရှုံးမပေးရ။ မုဆိုးမအဝတ်ကို အပေါင်မယူရ။
24:18 သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဖူးကြောင်းကိုလည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ထိုပြည်မှ ရွေးနုတ်တော်မူကြောင်းကိုလည်းကောင်း အောက်မေ့ရမည်။ ထိုကြောင့် ဤပညတ်ကို ငါထား၏။
24:19 သင်သည် ကိုယ်လယ်၌ အသီးအနှံကို ရိတ်သောအခါ၊ မေ့လျော့သောကောက်လှိုင်းကို ပြန်၍မယူရ။ သင်ပြုလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ကောင်းချီးပေးတော်မူမည်အကြောင်း၊ ထိုကောက်လှိုင်းကို တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမအဖို့ ထားရမည်။
24:20 သင်၏သံလွင်သီးကို ရိုက်ချွေသောအခါ၊ ကျန်ကြွင်းသောအသီးကို ပြန်၍ မရိုက်ချွေရ။ တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမအဖို့ ထားရမည်။
24:21 သင်၏စပျစ်ဥယျာဉ်၌ စပျစ်သီးကို ဆွတ်ယူသောအခါ ပြန်၍ ကောက်သိမ်းခြင်းကို မပြုရ။ ကျန်ကြွင်းသောအသီးသည် တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမအဖို့ ဖြစ်ရမည်။
24:22 သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဖူးကြောင်းကို အောက်မေ့ရမည်။ ထိုကြောင့် ဤပညတ်ကို ငါထား၏။