Deuteronomy 25
25:1 လူချင်းအမှုရှိ၍ မင်းထံ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ၊ ဖြောင့်မတ်သောသူကို အပြစ်လွတ်စေခြင်းငှာလည်းကောင်း၊ ဆိုးသောသူကို အရှုံးခံစေခြင်းငှာလည်းကောင်း စီရင်ရမည်။
25:2 ဆိုးသောသူသည် အရိုက်ခံထိုက်လျှင်၊ တရားသူကြီးသည် ကိုယ်မျက်မှောက်၌ သူ့ကိုချ၍၊ အပြစ်နှင့်အလျောက် ညီမျှသောဒဏ်ချက်ဖြင့် ရိုက်စေရမည်။
25:3 သို့သော်လည်း ဒဏ်ချက်လေးဆယ်ထက် မလွန်စေရ။ လွန်၍ များစွာသော ဒဏ်ချက်ဖြင့်ရိုက်လျှင်၊ သင်၏အမျိုးသားချင်းသည် ယုတ်ညံ့သောသူ ဖြစ်ဟန်ရှိမည်ဟု စိုးရိမ်စရာရှိ၏။
25:4 စပါးနင်းနယ်သော နွား၏နှုတ်ကို မချုပ်တည်းရ။
25:5 အတူနေသော ညီအစ်ကိုတို့တွင်၊ တစ်စုံတစ်ယောက်သောသူသည် သားမရှိဘဲသေလျှင်၊ သေသောသူ၏မယားသည် အခြားတစ်ပါးသောလူစိမ်းနှင့် စုံဖက်ခြင်းကို မပြုရ။ သူ၏လင်ညီသည် သူ့ကိုသိမ်းယူဆက်ဆံ၍ မရီး၌ ပြုအပ်သောဝတ်ကိုပြုရမည်။
25:6 ဣသရေလအမျိုး၌ အစ်ကိုအမည်ကို မပျောက်စေခြင်းငှာ၊ အဦးဖွားသောသားသည် သေသောဘကြီး၏ အရိုက်အရာကို ခံရမည်။
25:7 ညီသည် အစ်ကိုမယားကို မယူလိုလျှင်၊ မိန်းမသည် အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့သွား၍၊ ကျွန်မ၏လင်ညီသည် အစ်ကိုအမည်ကို ဣသရေလအမျိုး၌ မတည်စေလိုပါ။ သူပြုအပ်သောဝတ်ကို မပြုလိုပါဟု လျှောက်လျှင်၊
25:8 မြို့၌ အသက်ကြီးသူတို့သည် ထိုသူကိုခေါ်၍ မေးမြန်းရကြမည်။ သူကလည်း၊ ထိုမိန်းမကို အကျွန်ုပ်မယူလိုပါဟုဆို၍ ခိုင်မာစွာနေလျှင်၊
25:9 သူ၏မရီးသည် အသက်ကြီးသူတို့ရှေ့မှာ သူ့အပါးသို့ချဉ်း၍ သူ၏ခြေနင်းကို ချွတ်လျက်၊ သူ၏မျက်နှာ၌ တံတွေးထွေးလျက်၊ မိမိအစ်ကိုအိမ်ကို မဆောက်လိုသောသူ၌ ဤသို့ပြုသင့်သည်ဟု သူ့အားပြန်ပြောရမည်။
25:10 နောက်မှ၊ ထိုသူကို ခြေနင်းချွတ်ရသောအမျိုးဟူ၍ ဣသရေလအမျိုး၌ ခေါ်ဝေါ်သမုတ်ရမည်။
25:11 လူချင်းခိုက်ရန်ပြုကြစဉ်တွင်၊ တစ်ယောက်သော သူ၏မယားသည် အပါးသို့ချဉ်း၍ မိမိလင်ကို ကူညီလိုသောငှာ ခိုက်ရန်ပြုသောသူ၏ ယောက်ျားတန်ဆာကို ကိုင်ဆွဲမိလျှင်၊
25:12 ထိုမိန်းမလက်ကို ဖြတ်ရမည်။ သင်၏မျက်စိသည် သူ့ကိုမသနားရ။
25:13 သင့်အိတ်၌ ကြီးသောအလေး၊ ငယ်သောအလေးတည်းဟူသော ခြားနားသောအလေးကို မရှိစေရ။
25:14 သင့်အိမ်၌ ခြားနားသောခြင်စရာ တန်ဆာအကြီးအငယ်ကို မရှိစေရ။
25:15 သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်၌ သင်၏အသက်တာ ရှည်မည်အကြောင်း၊ မှန်ကန်သောအလေး၊ မှန်ကန်သောခြင်စရာ၊ တန်ဆာများကိုသာ သုံးရမည်။
25:16 အထက်ဆိုခဲ့ပြီးသောအမှုကို ပြုသောသူအပေါင်းတို့နှင့် မတရားသဖြင့် ပြုသောသူအပေါင်းတို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။
25:17 သင်သည် အဲဂုတ္တုပြည်မှထွက်၍ ခရီးသွားသောအခါ၊
25:18 သင်သည် အားကုန်၍ မောလျက်နေစဉ်တွင်၊ သင့်နောက်၌ လိုက်သောသူ၊ အားနည်းသောသူတို့ကို အာမလက် အမျိုးသားတို့သည် လမ်း၌ဆီးကြို၍ လုပ်ကြံကြောင်းကိုလည်းကောင်း၊ ဘုရားသခင်ကို မကြောက်ရွံ့ကြောင်းကိုလည်းကောင်း အောက်မေ့လော့။
25:19 သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဖို့ အပိုင်ပေးတော်မူသောပြည်၌ သင့်ပတ်လည်၌နေသော ရန်သူအပေါင်းတို့၏လက်မှ ကယ်လွှတ်၍ ချမ်းသာပေးတော်မူသောအခါ၊ အာမလက်အမျိုးကို အောက်မေ့စရာ မရှိစေခြင်းငှာ၊ ကောင်းကင်အောက်၌ သုတ်သင်ပယ်ရှင်းရမည်။ ထိုအမှုကို မမေ့မလျော့ရ။