Deuteronomy 26
26:1 သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင့်အမွေခံစရာဖို့ ပေးတော်မူသောပြည်သို့ သင်သည်ဝင်စား၍ နေသောအခါ၊
26:2 သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်၌ အဦးသီးသော အသီးအမျိုးမျိုးကိုယူ၍ ခြင်းတောင်း၌ထည့်ပြီးမှ သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်တည်စရာဖို့ ရွေးကောက်တော်မူသော အရပ်သို့ သွား၍၊
26:3 ထိုကာလ၌ ယဇ်ပုရောဟိတ်လုပ်သော သူထံသို့ချဉ်းလျက်၊ ထာဝရဘုရားသည် ငါ့အားပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့ အကျွန်ုပ်ရောက်ပါပြီဟု ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားအား ယနေ့အကျွန်ုပ်ဝန်ခံပါသည်ဟု ယဇ်ပုရောဟိတ်အား ပြောဆိုရမည်။
26:4 ယဇ်ပုရောဟိတ်သည်လည်း ခြင်းတောင်းကို သင့်လက်မှယူ၍ သင်၏ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်ရှေ့မှာ ချထားရမည်။
26:5 သင်ကလည်း၊ အရပ်ရပ်သို့ လှည့်လည်သော ရှုရိအမျိုးသားသည် အကျွန်ုပ်အဘ ဖြစ်ပါ၏။ သူသည် အဲဂုတ္တုပြည်သို့သွား၍ လူအနည်းငယ်နှင့်တကွ တည်းခိုစဉ်တွင် ကြီးမားများပြားသော လူမျိုးဖြစ်ပါ၏။
26:6 အဲဂုတ္တုလူတို့သည် အကျွန်ုပ်တို့ကို ညှဉ်းဆဲနှိပ်စက်၍ ကျပ်တည်းစွာ ကျွန်ခံစေကြ၏။
26:7 ဘိုးဘေးတို့ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားကို အော်ဟစ်၍ လျှောက်ကြသောအခါ၊ ထာဝရဘုရားသည် နားထောင်တော်မူသဖြင့်၊ အကျွန်ုပ်တို့ခံရသော ညှဉ်းဆဲနှိပ်စက်ခြင်း၊ ပင်ပန်းခြင်းတို့ကို ကြည့်ရှုတော်မူ၏။
26:8 ထိုအခါ ထာဝရဘုရားသည် တန်ခိုးကြီးသော လက်ရုံးတော်ကို ဆန့်၍ ကြောက်မက်ဖွယ်သော နိမိတ်လက္ခဏာ အံ့ဖွယ်သောအမှုတို့ဖြင့် အကျွန်ုပ်တို့ကို အဲဂုတ္တုပြည်မှ နုတ်ပြီးလျှင်၊
26:9 နို့နှင့်ပျားရည်စီးသော ဤပြည်သို့ ပို့ဆောင်၍ ပေးသနားတော်မူ၏။
26:10 ယခုမှာ အိုထာဝရဘုရား၊ ကိုယ်တော်ပေးသနားတော်မူသောပြည်၌ အဦးသီးသောအသီးကို အကျွန်ုပ်ဆောင်ခဲ့ပါပြီဟု သင်၏ဘုရားသခင် ထာဝရဘုရားအား လျှောက်ဆိုလျက်၊ ထိုအသီးကို သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ထားရမည်။ ရှေ့တော်၌လည်း ကိုးကွယ်ခြင်းကို ပြုရမည်။
26:11 သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်နှင့် သင်၏အိမ်သူအိမ်သားတို့အား ပြုတော်မူသမျှသောကျေးဇူး၌၊ သင်သည် သင်နှင့်အတူ တည်းခိုသော လေဝိသားမှစ၍ တစ်ပါးအမျိုးသားတို့နှင့်တကွ ပျော်မွေ့ခြင်းကို ပြုရမည်။
26:12 သုံးနှစ်တွင် ဆယ်ဖို့တစ်ဖို့ပေးရသော တတိယနှစ် ရောက်သောအခါ၊ အစီးအပွားရှိသမျှတို့ကို ဆယ်ဖို့တစ်ဖို့ကောက်ယူ၍၊ လေဝိသား၊ တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမတို့ကို သင့်နေရာမြို့များ၌ ဝစွာကျွေးမွေးပြီးမှ၊
26:13 သင်၏ဘုရားသခင် ထာဝရဘုရားအား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မှာထားတော်မူသမျှအတိုင်း၊ သန့်ရှင်းသောဥစ္စာတို့ကို အိမ်မှထုတ်၍ လေဝိသား၊ တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမတို့အားပေးပါပြီ။ ပညတ်တော်တို့ကို မလွန်ကျူး၊ မမေ့လျော့ပါ။
26:14 မသာအမှုကို ဆောင်စဉ်အခါ ထိုဥစ္စာကို အကျွန်ုပ်မစားပါ။ မစင်ကြယ်သော အသုံးအဆောင်ဖို့ အနည်းငယ်ကိုမျှ မယူပါ။ သေသောသူတို့အဖို့ အနည်းငယ်ကိုမျှ မပေးပါ။ အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားထောင်ပါပြီ။ ကိုယ်တော်မှာထားတော်မူသမျှအတိုင်း ပြုပါပြီ။
26:15 ကိုယ်တော်၏ သန့်ရှင်းသော နေရာကောင်းကင်ဘုံမှ ငုံ့ကြည့်၍၊ ကိုယ်တော်၏ လူဣသရေလအမျိုးကိုလည်းကောင်း၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည်အတိုင်း၊ အကျွန်ုပ်တို့အား ပေးတော်မူသောပြည်၊ နို့နှင့်ပျားရည် စီးသောပြည်ကိုလည်းကောင်း ကောင်းချီးပေးတော်မူပါဟု လျှောက်ဆိုရမည်။
26:16 ယခုစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်ရမည်ဟု သင်၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်ဖြစ်၍ စိတ်နှလုံးအကြွင်းမဲ့ ကျင့်စောင့်ရမည်။
26:17 ထာဝရဘုရားသည် သင်၏ဘုရားသခင် ဖြစ်တော်မူသည်ဟူ၍လည်းကောင်း၊ လမ်းတော်သို့ လိုက်ပါမည်၊ စီရင်ထုံးဖွဲ့တော်မူသော ပညတ်တရားတော်ကို စောင့်ရှောက်ပါမည်၊ စကားတော်ကို နားထောင်ပါမည်ဟူ၍လည်းကောင်း ယနေ့သင်သည် ဝန်ခံပြီ။
26:18 ထာဝရဘုရားသည်လည်း ကတိထားတော်မူသမျှအတိုင်း၊ သင်သည် ပညတ်တော် အလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ၊ အထူးသဖြင့် ကိုယ်တော်၏ လူမျိုးဖြစ်သည်ဟူ၍လည်းကောင်း၊
26:19 ဖန်ဆင်းတော်မူသော လူမျိုးတကာတို့ထက် သင်၏ဂုဏ်အသရေ ကျော်စောကိတ္တိကို လွန်ကဲစေတော်မူမည်ဟူ၍လည်းကောင်း ကတိတော်ရှိသည်အတိုင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်စေခြင်းငှာလည်းကောင်း ယနေ့ ဝန်ခံတော်မူပြီဟု ဣသရေလအမျိုးသားတို့အား ဟောပြောလေ၏။