Deuteronomy 30
30:1 သင့်ရှေ့၌ ငါထား၍ အထက်ဆိုခဲ့ပြီးသမျှသော အရာတည်းဟူသော ကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းအမင်္ဂလာတို့သည် သင့်အပေါ်မှာရောက်၍၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုနှင်ထုတ်တော်မူရာ အပြည်ပြည်တို့၌ ထိုအရာတို့ကိုအောက်မေ့လျက်၊
30:2 သင်၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ၍၊ ယနေ့ ငါမှာထားသမျှအတိုင်း၊ သင်နှင့်သားသမီးတို့သည် စကားတော်ကို စိတ်နှလုံးအကြွင်းမဲ့ နားထောင်လျှင်၊
30:3 သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်ခံရသော သိမ်းသွားခြင်းအမှုကို ကုန်စေမည်အကြောင်း၊ သင့်ကိုသနားသဖြင့် တစ်ဖန်ပြန်လာ၍၊ အထက်က အရပ်ရပ်နှင်ထုတ်ရာ အပြည်ပြည်တို့မှ သိမ်းယူတော်မူလိမ့်မည်။
30:4 သင်၏လူအချို့တို့သည် မိုးကောင်းကင်အောက် အဝေးဆုံးသောအရပ်သို့ နှင်ထုတ်ခြင်းကို ခံရသော်လည်း၊ ထိုအရပ်မှ သင်၏ဘုရားသခင် ထာဝရဘုရား သိမ်းယူဆောင်ခဲ့တော်မူလိမ့်မည်။
30:5 ဘိုးဘေးတို့ ဝင်စားသောပြည်သို့ တစ်ဖန်ဆောင်ခဲ့တော်မူသဖြင့်၊ သင်သည် ဝင်စားရလိမ့်မည်။ ထိုအခါကျေးဇူးပြုတော်မူပြန်သဖြင့်၊ ဘိုးဘေးများတို့ထက် သင့်ကိုသာ၍ များစေတော်မူလိမ့်မည်။
30:6 သင်သည် အသက်ရှင်မည်အကြောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်စေခြင်းငှာ၊ သင့်နှလုံးနှင့် သင့်အမျိုး၏ နှလုံးအရေဖျားကို လှီးဖြတ်တော်မူလိမ့်မည်။
30:7 သင်၏ရန်သူတည်းဟူသော သင့်ကိုမုန်း၍ ညှဉ်းဆဲသောသူတို့အပေါ်၌လည်း၊ အထက်ဆိုခဲ့ပြီးသော ကျိန်ခြင်းအမင်္ဂလာရှိသမျှတို့ကို သက်ရောက်စေတော်မူလိမ့်မည်။
30:8 သင်သည်ပြန်လာလျက် ထာဝရဘုရား၏စကားတော်ကို နားထောင်၍၊ ယနေ့ ငါမှာထားသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်လိမ့်မည်။
30:9 သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကိုနားထောင်၍၊
30:10 ဤပညတ္တိကျမ်းစာ၌ ရေးထားသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို စောင့်ရှောက်လျှင်လည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ စိတ်နှလုံးအကြွင်းမဲ့ ပြန်လာလျှင်လည်းကောင်း၊ သင်ပြုလေရာရာ၌ အောင်မည်အကြောင်းနှင့် သင်၏သားသမီး၊ တိရစ္ဆာန်၊ အသီးအနှံတိုးပွားများပြားမည်အကြောင်းကို စီရင်၍ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည်။ ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့၌ အားရဝမ်းမြောက်သကဲ့သို့ သင်၌အားရဝမ်းမြောက်၍၊ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည်။
30:11 ယနေ့ငါမှာထားသော ပညတ်တရားတော်သည် သင်နားမလည်နိုင်သော တရားမဟုတ်။
30:12 သင်နှင့်ဝေးသည်မဟုတ်။ တရားတော်ကိုငါတို့သည် နားထောင်၍ စောင့်ရှောက်မည်အကြောင်း၊ ကောင်းကင်သို့ အဘယ်သူတက်၍ ငါတို့ထံသို့ ဆောင်ခဲ့လိမ့်မည်နည်းဟု မေးစေခြင်းငှာကောင်းကင်၌ ရှိသည်မဟုတ်။
30:13 တရားတော်ကို ငါတို့သည် နားထောင်၍ စောင့်ရှောက်မည်အကြောင်း၊ ပင်လယ်ကို အဘယ်သူကူး၍ ငါတို့ထံသို့ဆောင်ခဲ့လိမ့်မည်နည်းဟု မေးစေခြင်းငှာ၊ ပင်လယ်တစ်ဖက်၌ ရှိသည်မဟုတ်။
30:14 တရားတော်သည် သင်စောင့်ရှောက်ဖို့ရာ သင်နှင့်အလွန်နီး၏။ သင်၏နှုတ်၌လည်းကောင်း၊ သင်၏နှလုံး၌လည်းကောင်းရှိ၏။
30:15 ကြည့်ပါတော့၊ အသက်ရှင်ခြင်းချမ်းသာနှင့် သေခြင်းဆင်းရဲတို့ကို သင့်ရှေ့မှာ ယနေ့ငါထား၏။
30:16 သင်သည် အသက်ရှင်၍ တိုးပွားမည်အကြောင်းနှင့် သင်ဝင်စားလတ္တံ့သောပြည်၌၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို ကောင်းချီးပေးတော်မူမည်အကြောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကိုချစ်သဖြင့် နောက်တော်သို့လိုက်၍၊ စီရင်ထုံးဖွဲ့တော်မူချက် ပညတ်တရားတော်တို့ကို စောင့်ရှောက်လော့ဟု ငါမှာထား၏။
30:17 သို့မဟုတ် သင့်နှလုံးလွဲသွားသဖြင့်၊ သင်သည် နားမထောင်ဘဲ သူတစ်ပါး သွေးဆောင်ရာသို့ လိုက်၍၊ အခြားတစ်ပါးသောဘုရားတို့ကို ဝတ်ပြုကိုးကွယ်လျှင်၊
30:18 ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတ္တံ့သောပြည်၌ အသက်တာမရှည်၊ ဧကန်အမှန် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်ဟု ယနေ့ငါသတိပေး၏။
30:19 အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ ငါထားသည်ဟု သင့်တစ်ဖက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်၏။
30:20 သို့ဖြစ်၍၊ သင်နှင့် သင့်အမျိုးအနွယ်သည် အသက်ရှင်မည် အကြောင်းနှင့်လည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကိုချစ်၍ စကားတော်ကို နားထောင်သဖြင့်၊ အသက်ရှင်ခြင်းအကျိုး၊ အသက်တာရှည်ခြင်းအကျိုးကို ပေးတော်မူသော ကိုယ်တော်ကို ဆည်းကပ်မှီဝဲမည် အကြောင်းနှင့်လည်းကောင်း၊ ထာဝရဘုရားသည် သင်၏ဘိုးဘေး အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်၌ နေမည်အကြောင်းနှင့် ယှဉ်သောအသက်တရားကို ရွေးယူလော့ဟု ဣသရေလအမျိုးအား ဟောပြော၏။