Deuteronomy 31
31:1 တစ်ဖန် မောရှေသည်သွား၍ ဣသရေလအမျိုးသားအပေါင်းတို့အား ဟောပြောသည်ကား၊
31:2 ငါသည် ယနေ့ အသက်တစ်ရာနှစ်ဆယ်စေ့ပြီ။ သင်တို့ရှေ့မှာ ထွက်ဝင်ခြင်းငှာ နောက်တစ်ဖန် မတတ်နိုင်။ ထာဝရဘုရားကလည်း၊ သင်သည် ယော်ဒန်မြစ်ကို မကူးရဟု မိန့်တော်မူပြီ။
31:3 သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ရှေ့မှာကူး၍၊ ထိုပြည်သား အမျိုးမျိုးတို့ကို ဖျက်ဆီးတော်မူသဖြင့်၊ သူတို့နေရာကို သင်တို့ဝင်စားရကြလိမ့်မည်။ ထာဝရဘုရားအမိန့်တော်အတိုင်း၊ ယောရှုသည်လည်း သင်တို့ရှေ့မှာ ကူးရလိမ့်မည်။
31:4 ထာဝရဘုရားသည်လည်း၊ အာမောရိရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့၌လည်းကောင်း၊ ဖျက်ဆီးတော်မူသော သူတို့ပြည်၌လည်းကောင်း ပြုသကဲ့သို့၊ ထိုပြည်သား အမျိုးမျိုးတို့၌ ပြုတော်မူလိမ့်မည်။
31:5 ထာဝရဘုရားသည် သူတို့ကို သင်တို့၌ အပ်တော်မူသဖြင့်၊ ငါမှာထားသမျှသော ပညတ်တို့အတိုင်း၊ သူတို့၌ ပြုရကြလိမ့်မည်။
31:6 အားယူ၍ ရဲရင့်ခြင်းရှိကြလော့။ မစိုးရိမ်ကြနှင့်။ သူတို့ကို မကြောက်ကြနှင့်။ ထာဝရဘုရားသည် သင်တို့ဘုရားသခင်ဖြစ်၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူ မည်။ သင်တို့ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူဟု ဟောပြော၏။
31:7 တစ်ဖန် ယောရှုကိုခေါ်၍၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဤလူတို့အားပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့ သင်သည် သူတို့နှင့်အတူသွား၍ အမွေခံစေရမည်။
31:8 သင့်ရှေ့မှာ ထာဝရဘုရားသည် ကိုယ်တိုင်ကြွ၍ သင်နှင့်ရှိတော်မူလိမ့်မည်။ သင့်ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူ။ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်ဟု ဣသရေလ အမျိုးသားအပေါင်းတို့ရှေ့မှာ ပြောဆို၏။
31:9 ဤပညတ်တရားကို မောရှေသည်ရေးထား၍ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုထမ်းသော လေဝိသားယဇ်ပုရောဟိတ်များ၊ ဣသရေလအမျိုး အသက်ကြီးသူများ အပေါင်းတို့၌အပ်၍၊
31:10 မှာထားသည်ကား၊ ခုနစ်နှစ်စေ့၍ ကျွန်များကိုလွှတ်ခြင်းငှာ ချိန်းချက်သောနှစ်၊ သကေနေပွဲခံချိန်ရောက်မှ၊
31:11 သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူလတ္တံ့သော အရပ်တွင် ဣသရေလအမျိုးသားအပေါင်းတို့သည် ရှေ့တော်၌ ကိုယ်ကိုပြခြင်းငှာ လာကြသောအခါ၊ ဤပညတ်တရားကို ထိုပရိသတ်အပေါင်းတို့ရှေ့မှာ ဖတ်ရွတ်ရမည်။
31:12 ယောက်ျား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသော တစ်ပါးအမျိုးသားများတို့သည် ကြား၍ နားလည်သဖြင့်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့၍၊ ဤပညတ်တရား စကားအလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့။
31:13 ထိုသို့ပြုလျှင်၊ နားမလည်သေးသော သူငယ်တို့သည် ကြားသဖြင့်၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတ္တံ့သောပြည်၌ နေသည်ကာလပတ်လုံး၊ သင်တို့ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့စေခြင်းငှာ သင်ကြလိမ့်မည်ဟု မှာထားသတည်း။
31:14 ထာဝရဘုရားကလည်း၊ သင်သည် သေရသောအချိန်နီးပြီ။ ယောရှုကိုခေါ်၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ်လော့။ သူ့ကိုငါမှာထားမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေနှင့် ယောရှုသည်သွား၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ်ကြ၏။
31:15 ထာဝရဘုရားသည် တဲတော်တွင် မိုးတိမ်တိုင်၌ ထင်ရှားတော်မူ၍၊ မိုးတိမ်တိုင်သည် တဲတော်တံခါးဝအပေါ်မှာ တည်နေ၏။
31:16 တစ်ဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်သောအခါ၊ ဤလူမျိုးသည်ထ၍ ယခုသွားသောပြည်၌နေသော တစ်ပါးအမျိုးသား ကိုးကွယ်သောဘုရားတို့နှင့် မှားယွင်း၍ ငါ့ကိုစွန့်လျက်၊ ငါဖွဲ့ထားသော ပဋိညာဉ်တရားကို ဖျက်လိမ့်မည်။
31:17 ထိုအခါ ငါသည်အမျက်တော်ထွက်၍ သူတို့ကိုစွန့်မည်။ သူတို့မှ ငါ့မျက်နှာကို လွှဲသဖြင့်၊ သူတို့သည်ပျက်စီး၍ ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံကြလိမ့်မည်။ ထိုအခါ သူတို့က၊ ငါတို့ဘုရားသခင်သည် ငါတို့တွင် ရှိတော်မမူသောကြောင့်၊ ဤဘေးဒဏ်တို့သည် ငါတို့အပေါ်မှာ ရောက်သည်မဟုတ်လောဟု ဆိုကြလိမ့်မည်။
31:18 သူတို့သည် အခြားတစ်ပါးသော ဘုရားတို့နောက်သို့လွှဲသွား၍ ပြုသော ဒုစရိုက်အပေါင်းတို့ကြောင့်၊ ထိုအခါ ငါသည် ကိုယ်မျက်နှာကို ဧကန်အမှန်လွှဲမည်။
31:19 ယခုမှာ ဓမ္မသီချင်းကို ရေးထားကြလော့။ ထိုသီချင်းကို ဣသရေလအမျိုးတစ်ဖက်၌ ငါ့အဖို့ သက်သေဖြစ်စေခြင်းငှာ၊ သူတို့သည် နှုတ်ကျက်ရအောင် သင်စေကြလော့။
31:20 အကြောင်းမူကား၊ သူတို့၏ဘိုးဘေးတို့အား ငါကျိန်ဆို၍ နို့နှင့်ပျားရည်စီးသောပြည်သို့ သူတို့ကို ငါဆောင်သွင်းသဖြင့် သူတို့သည် ဝစွာစားရ၍ ဆူဖြိုးသောအခါ၊ အခြားတစ်ပါးသော ဘုရားတို့ထံသို့လွှဲသွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကိုပုန်ကန်၍ ငါ့ပဋိညာဉ်တရားကို ဖျက်ကြလိမ့်မည်။
31:21 ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံသောအခါ၊ ထိုသီချင်းသည် သူတို့တစ်ဖက်၌ သက်သေခံလိမ့်မည်။ သူတို့အမျိုးအနွယ်သည် နှုတ်ကျက်မမေ့လျော့ရ။ ငါကျိန်ဆိုသောပြည်သို့ ငါဆောင်၍မသွင်းမီ၊ ယခုပင် သူတို့ကြံစည်သော အကြံအစည်ကိုငါသိ၏ဟု မိန့်တော်မူ၏။
31:22 မောရှေသည်လည်း၊ ထိုနေ့၌ ဓမ္မသီချင်းကိုရေးထား၍ ဣသရေလအမျိုးသားတို့အား သင်လေ၏။
31:23 တစ်ဖန် နုန်၏သားယောရှုအား ထာဝရဘုရားက၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ ငါကျိန်ဆိုသောပြည်သို့ ဣသရေလအမျိုးသားတို့ကို ဆောင်သွင်းရမည်။ ငါသည် သင်နှင့်အတူရှိမည်ဟု မှာထားတော်မူ၏။
31:24 မောရှေသည် ဤပညတ်တရား စကားတော်အလုံးစုံတို့ကို အကုန်အစင်ရေးထားပြီးမှ၊
31:25 ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသော လေဝိသားတို့ကိုခေါ်၍၊
31:26 ဤပညတ္တိကျမ်းစာသည် သင်တို့အမျိုးတစ်ဖက်၌ သက်သေဖြစ်မည်အကြောင်း၊ ထိုစာကိုယူ၍ သင်တို့ဘုရားသခင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော် အနားမှာတင်ထားကြလော့။
31:27 သင်တို့အမျိုးသည် ပုန်ကန်တတ်သောသဘော၊ ခိုင်မာသောသဘောရှိကြောင်းကို ငါသိ၏။ ငါအသက်ရှင်၍၊ သင်တို့တွင်နေစဉ်အခါ၊ ယနေ့ပင် သင်တို့သည် ထာဝရဘုရားကို ပုန်ကန်ကြပြီ။ ငါသေသောနောက် ထိုမျှမကပြုကြလိမ့်မည်။
31:28 သင်တို့အမျိုးအနွယ် အသက်ကြီးသူ၊ အရာရှိသူအပေါင်းတို့ကို ငါ့ထံမှာ စုဝေးစေကြလော့။ ဤစကားတို့ကို သူတို့အားဟောပြော၍ သူတို့တစ်ဖက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်မည်။
31:29 အကြောင်းမူကား၊ ငါသေသောနောက်၊ သင်တို့သည် လုံးလုံးဖောက်ပြန်၍ ငါမှာထားသောလမ်းမှ လွှဲသွားကြလိမ့်မည်ကို ငါသိ၏။ နောင်ကာလတွင်၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ကိုယ်လက်နှင့် လုပ်ဆောင်သောအားဖြင့် အမျက်တော်ကို နှိုးဆော်သောကြောင့်၊ သင်တို့သည် ဘေးဥပဒ်နှင့် တွေ့ကြုံကြလိမ့်မည်ဟု သတိပေးလေ၏။
31:30 မောရှေသည် ဣသရေလပရိသတ်အပေါင်းတို့အား အကုန်အစင်မြွက်ဆိုသော သီချင်းစကားဟူမူကား၊