Deuteronomy 33
33:1 ဘုရားသခင်၏လူမောရှေသည် မသေမီ ဣသရေလအမျိုးသားတို့ကို ကောင်းချီးပေးသော မင်္ဂလာစကားဟူမူကား၊
33:2 ထာဝရဘုရားသည် သိနာတောင်ပေါ်က ကြွတော်မူ၏။ စိရအရပ်မှ ထိုလူတို့အား နေထွက်တော်မူ၏။ ပါရန်တောင်ပေါ်က ရောင်ခြည်ထွန်းပတော်မူ၍၊ သန့်ရှင်းသောသူ အထောင်အသောင်းတို့နှင့်အတူ ကြွတော်မူ၍၊ ဓမ္မမီးသည် ဣသရေလလူတို့အဖို့၊ လက်ယာလက်တော်မှ ထွက်လေ၏။
33:3 အကယ်စင်စစ် ထိုလူမျိုးကို ချစ်တော်မူ၏။ မိမိသန့်ရှင်းသူအပေါင်းတို့သည် အထံတော်ပါးတွင်ရှိကြ၏။ သူတို့သည် ခြေတော်ရင်း၌ပျပ်ဝပ်၍ စကားတော်တို့ကို နားခံကြလေ၏။
33:4 ယာကုပ်အမျိုး ပရိသတ်အမွေခံရသောဓမ္မတရားကို မောရှေသည် ငါတို့အားထား၏။
33:5 ဣသရေလအမျိုးမင်းများနှင့်တကွ၊ အမျိုးအနွယ်များတို့သည် စည်းဝေးသောအခါ၊ ထိုသူသည် ယေရှုရုန်အမျိုး၌ ရှင်ဘုရင်ဖြစ်၏။
33:6 ရုဗင်အမျိုးမသေ၊ အသက်ရှင်၍ သူ၏လူတို့သည် များပါစေသော။
33:7 ယုဒအမျိုးကိုကား၊ အိုထာဝရဘုရား၊ ယုဒစကားသံကိုနားထောင်၍ သူ့ကို အမျိုးသားချင်းတို့ရှိရာသို့ ဆောင်ခဲ့တော်မူပါ။ မိမိလက်တို့သည် မိမိအဖို့ တန်ပါစေသော။ သူ့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူပါ။
33:8 လေဝိအမျိုးကိုကား၊ သင်၏သုမိမ်နှင့်ဥရိမ်သည် မဿာအရပ်၌ သင်စုံစမ်း၍၊ မေရိဘစမ်းရေအနားမှာ သင်ဆန့်ကျင်ဘက်ပြုသော သင်၏ သန့်ရှင်းသူ၌ ရှိပါစေသော၊
33:9 ထိုသူသည် ကိုယ်မိဘဖြစ်သော်လည်း ငါမတွေ့မမြင်ဟု ဆိုတတ်၏။ ကိုယ်ညီအစ်ကိုကိုလည်း မမှတ်တတ်။ ကိုယ်သားသမီးကိုလည်း မသိတတ်။ အကြောင်းမူကား၊ စကားတော်ကိုနားထောင်၍ ပဋိညာဉ်တရားတော်ကို စောင့်ရှောက်တတ်၏။
33:10 သူတို့သည် စီရင်တော်မူချက်တို့ကို ယာကုပ်အမျိုး၌လည်းကောင်း၊ တရားတော်ကို ဣသရေလအမျိုး၌လည်းကောင်း သွန်သင်ကြလိမ့်မည်။ မီးရှို့ရာနံ့သာပေါင်းကို ရှေ့တော်၌လည်းကောင်း၊ တစ်ကိုယ်လုံး မီးရှို့ရာယဇ်ကို ယဇ်ပလ္လင်တော်ပေါ်၌လည်းကောင်း တင်ထားကြလိမ့်မည်။
33:11 အိုထာဝရဘုရား၊ သူ၏ဥစ္စာကို ကောင်းချီးပေး၍ သူလုပ်ဆောင်သောအမှုကို လက်ခံတော်မူပါ။ သူ့တစ်ဖက်၌ထ၍ သူ့ကိုမုန်းသောသူတို့သည် နောက်တစ်ဖန် မထနိုင်အောင် သူတို့ခါးကို ချိုးတော်မူပါ။
33:12 ဗင်္ယာမိန်အမျိုးကိုကား၊ ထာဝရဘုရားချစ်တော်မူသောသူသည် အထံတော်ပါးတွင် လုံခြုံစွာနေရလိမ့်မည်။ သူ့ကို အစဉ်အမြဲဖုံးလွှမ်း၍ သူ၏ပခုံးကြားမှာ နေရာချတော်မူလိမ့်မည်။
33:13 ယောသပ်အမျိုးကိုကား၊ ထိုအမျိုးနေသောပြည်သည် အထက်မိုးကောင်းကင် ဘဏ္ဍာအားဖြင့်လည်းကောင်း၊ အောက်အရပ်၌ ပုန်းကွယ်၍ နက်နဲသောအရာ အားဖြင့်လည်းကောင်း၊
33:14 နေဖြစ်စေသောဘဏ္ဍာ၊ လဖြစ်စေသောဘဏ္ဍာအားဖြင့်လည်းကောင်း၊
33:15 အသက်ကြီးသောတောင်ထိပ်၊ မြဲမြံသောတောင်ထဲကထွက်သော ဘဏ္ဍာအားဖြင့်လည်းကောင်း၊
33:16 မြေကြီးဘဏ္ဍာ စုံလင်ရာအားဖြင့်လည်းကောင်း၊ ထာဝရဘုရားပေးတော်မူရာ၌ မင်္ဂလာရှိပါစေသော။ ချုံ၌နေတော်မူသောသူ၏ ကျေးဇူးတော်သည် ယောသပ်ခေါင်းပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော။
33:17 သူ၏ဘုန်းသည် နွားလားဥသဘဘုန်းကဲ့သို့လည်းကောင်း၊ သူ၏ဦးချိုတို့သည် ကြံ့ဦးချိုကဲ့သို့လည်းကောင်း ဖြစ်ကြ၏။ ထိုဦးချိုတို့နှင့် လူအမျိုးမျိုးတို့ကို မြေကြီးစွန်းတိုင်အောင် တစ်ပြိုင်နက်ထိုးခတ်လိမ့်မည်။ ဧဖရိမ်အမျိုးသား အသောင်းသောင်း၊ မနာရှေအမျိုးသား အထောင်ထောင်ပေတည်း။
33:18 ဇာဗုလုန်အမျိုးကိုကား၊ အိုဇာဗုလုန်အမျိုး၊ ထွက်သွားရာအမှု၌ ဝမ်းမြောက်လော့။ အိုဣသခါအမျိုး၊ မိမိတဲ၌နေလျက် ဝမ်းမြောက်လော့။
33:19 ထိုအမျိုးတို့သည် လူများတို့ကို တောင်တော်သို့ခေါ်၍၊ တောင်တော်၌ တရားသဖြင့် ယဇ်ပူဇော်ကြလိမ့်မည်။ ပင်လယ်စည်းစိမ်၊ သဲ၌ဝှက်ထားလျက်ရှိသော ဘဏ္ဍာကိုနို့စို့ကြလိမ့်မည်။
33:20 ဂဒ်အမျိုးကိုကား၊ ဂဒ်အမျိုးကို ကျယ်ဝန်းစေသောသူသည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုအမျိုးသည် ခြင်္သေ့ကဲ့သို့နေ၍၊ လက်ရုံးနှင့်ဦးထိပ်ကို ဆုတ်ဖဲ့တတ်၏။
33:21 ရှေ့ဦးစွာသောအဖို့ကို မိမိအဖို့ရွေးယူ၍၊ တရားမင်းခွဲဝေရာ ထိုအရပ်၌ လုံခြုံရ၏။ လူများတို့၏ အကဲအမှူးပြုလျက် လိုက်လာ၍၊ ထာဝရဘုရား၏တရားမှု၊ ဣသရေလအမျိုး၌ စီရင်တော်မူချက်တို့ကို ပြုလေ၏။
33:22 ဒန်အမျိုးကိုကား၊ ဒန်အမျိုးသည် ခြင်္သေ့သငယ်ဖြစ်၍ ဗာရှန်ပြည်မှ ခုန်လိမ့်မည်။
33:23 နဿလိအမျိုးကိုကား၊ အိုနဿလိအမျိုး၊ ကျေးဇူးတော်နှင့်ကြွယ်ဝ၍၊ ထာဝရဘုရားပေးတော်မူသောမင်္ဂလာနှင့်ပြည့်စုံလျက်၊ အနောက်ပိုင်း၊ တောင်ပိုင်းကိုဝင်စားလော့။
33:24 အာရှာအမျိုးကိုကား၊ အာရှာအမျိုးသည် သားသမီးကိုရ၍ မင်္ဂလာရှိပါစေသော။ ညီအစ်ကိုချင်း၏ စိတ်နှင့်တွေ့ခြင်း၊ မိမိခြေကိုဆီ၌နှစ်ခြင်း ရှိပါစေသော။
33:25 သင်၏တံခါးကန့်လန့်ကျင်တို့သည် သံနှင့်ကြေးဝါဖြင့် ပြီးကြလိမ့်မည်။ သင်၏နေ့ရက်ကာလဖြစ်သည်အတိုင်း သင့်အစွမ်းသတ္တိ ဖြစ်လိမ့်မည်။
33:26 သင့်ကိုပြုစုစေခြင်းငှာ ဘုန်းအာနုဘော်နှင့် ပြည့်စုံလျက်၊ မိုးကောင်းကင်ကို စီးတော်မူသော ယေရှုရုန်အမျိုး၏ ဘုရားသခင်နှင့်တူသောသူ မရှိ။
33:27 ရှေ့ဦးစွာသောဘုရားသခင်သည် သင့်ခိုလှုံရာဖြစ်၍၊ နိစ္စထာဝရ လက်ရုံးတော်ဖြင့် သင့်ကိုထောက်မတော်မူ၏။ ရန်သူတို့ကို သင့်ရှေ့မှနှင်ထုတ်၍ သူတို့ကိုဖျက်ဆီးသောအခွင့် ပေးတော်မူမည်။
33:28 ဣသရေလအမျိုးသည် ဘေးလွတ်၍ တစ်မျိုးတည်း နေရလိမ့်မည်။ ယာကုပ်အနွယ်သည် စပါး၊ စပျစ်ရည်နှင့်ပြည့်စုံသောပြည်၌ နေရာကျ၍၊ မိုးနှင်းရည်လည်း စက်စက်ကျလိမ့်မည်။
33:29 အိုဣသရေလအမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရားကယ်တင်တော်မူသောအမျိုး၊ သင်နှင့်အဘယ်သူ တူသနည်း။ ထိုဘုရားသည် သင့်ကို ကွယ်ကာသောဒိုင်းလွှား၊ သင့်ကို ချီးမြှောက်သော ဓားလက်နက်ဖြစ်တော်မူ၏။ သင်၏ရန်သူတို့သည် သင့်ရှေ့မှာရှုံး၍၊ သင်သည် သူတို့၏မြင့်မြတ်သောအရပ်တို့၌ နင်းရလိမ့်မည်ဟု မြွက်ဆို၏။