Deuteronomy 34
34:1 ထိုနောက်၊ မောရှေသည် မောဘလွင်ပြင်မှသွား၍ ယေရိခေါမြို့တစ်ဖက်၊ နေဗောတောင်၊ ပိသဂါထိပ်ပေါ်သို့ တက်သဖြင့်၊ ထာဝရဘုရားသည် ဒန်မြို့တိုင်အောင်၊ ဂိလဒ်ပြည်တစ်လျှောက်လုံး၊
34:2 နဿလိပြည်တစ်လျှောက်လုံး၊ ဧဖရိမ်ပြည်၊ မနာရှေပြည်နှင့်တကွ အဝေးဆုံးသော ပင်လယ်တိုင်အောင်၊ ယုဒပြည်တစ်လျှောက်လုံး၊
34:3 တောင်ပြည်နှင့်တကွ ဇောရမြို့တိုင်အောင် စွန်ပလွံမြို့တည်းဟူသော ယေရိခေါမြို့တည်သောချိုင့်နှင့် လွင်ပြင်တို့ကို ပြတော်မူ၏။
34:4 ထာဝရဘုရားကလည်း၊ ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကျိန်ဆို၍ သင်၏အမျိုးအနွယ်အားငါပေးမည်ဟု ကတိထားသောပြည်ကို ကြည့်လော့။ သင်သည် ကိုယ်မျက်စိနှင့်မြင်ရသောအခွင့်ကို ငါပေး၏။ သို့ရာတွင် ကူး၍မသွားရဟု မိန့်တော်မူ၏။
34:5 ထိုသို့ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ထာဝရဘုရား၏ကျွန် မောရှေသည် မောဘပြည်၊ ထိုအရပ်၌အနိစ္စရောက်၍၊
34:6 ဗက်ပေဂုရမြို့တစ်ဖက်၊ မောဘပြည်၊ တစ်စုံတစ်ခုသောချိုင့်၌ သင်္ဂြိုဟ်တော်မူ၏။ မောရှေ၏သင်္ချိုင်းကို ယနေ့တိုင်အောင် အဘယ်လူမျှ မသိရာ။
34:7 မောရှေသည် အနိစ္စရောက်သောအခါ အသက်တစ်ရာနှစ်ဆယ် ရှိ၏။ သူ၏မျက်စိ မမှုန်သေး။ ခွန်အားလည်း မလျော့သေး။
34:8 ဣသရေလအမျိုးသားတို့သည် မောရှေကိုအောက်မေ့၍၊ မောဘလွင်ပြင်၌ အရက်သုံးဆယ်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
34:9 မောရှေအတွက် ငိုကြွေးမြည်တမ်းသော နေ့ရက်ကာလလွန်ပြီးမှ၊ နုန်၏သားယောရှုသည် အထက်က မောရှေ၏လက်တင်မင်္ဂလာကို ခံရသဖြင့်၊ ပညာသဘောနှင့် ပြည့်စုံသောသူဖြစ်၍၊ ဣသရေလအမျိုးသားတို့သည် ယောရှု၏စကားကိုနားထောင်လျက်၊ မောရှေအား ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုကြ၏။
34:10 ထာဝရဘုရားစေလွှတ်တော်မူ၍၊ အဲဂုတ္တုပြည်တွင် ဖာရောဘုရင်နှင့် သူ၏ကျွန်မှစ၍ ပြည်သားအပေါင်းတို့၌ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှု အလုံးစုံတို့ကိုပြု၍၊ ဣသရေလ အမျိုးသားအပေါင်းတို့ရှေ့မှာ မဟာတန်ခိုးတော်နှင့် အလွန်ကြောက်မက်ဖွယ်သော အမှုအရာအပေါင်းတို့ကို ပြလေရာတွင်၊ ထာဝရဘုရား၏ မျက်နှာတော်ကို ကိုယ်တိုင်ကိုယ်ကြပ်ဖူးမြင်ရသော ပရောဖက်မောရှေကဲ့သို့ နောက်တစ်ဖန် ဣသရေလအမျိုး၌ သူနှင့်တူသော ပရောဖက်တစ်စုံတစ်ပါးမျှ မပေါ်မထွန်း။ ရှင်မောရှေစီရင်ရေးထားသော တရားဟောရာကျမ်းပြီး၏။