Deuteronomy 6
6:1 သင်တို့နှင့် သားမြေးတို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့၍၊
6:2 ငါပေးထားသော ပညတ်တရားတော်ရှိသမျှတို့ကို တစ်သက်လုံး စောင့်ရှောက်မည်အကြောင်းနှင့် သင်တို့၏အသက်တာ ရှည်စေမည်အကြောင်း၊ သင်တို့သွား၍ ဝင်စားလတ္တံ့သောပြည်၌ကျင့်ဖို့ရာ သင်တို့အား ငါသွန်သင်စိမ့်သောငှာ၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ်တရားဟူမူကား၊
6:3 အိုဣသရေလအမျိုး၊ ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း၊ သင်သည် နို့နှင့်ပျားရည်စီးသောပြည်၌ ချမ်းသာရ၍ အလွန်ပွားများမည်အကြောင်း နားထောင်လော့။ သတိနှင့် ကျင့်စောင့်လော့။
6:4 အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင်ထာဝရဘုရားသည် တစ်ဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။
6:5 သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။
6:6 ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရမည်။
6:7 ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။
6:8 ထိုစကားကိုလည်း သင်၏လက်၌ လက္ခဏာသက်သေဖို့ရာလည်းကောင်း၊ သင်၏မျက်စိကြားမှာ သင်းကျစ်ကဲ့သို့လည်းကောင်း ချည်ထားရမည်။
6:9 အိမ်တံခါး၊ မြို့တံခါးတို့၌ လည်းရေးထားရမည်။
6:10 သင်မတည်သော မြို့ကြီးမြို့မြတ်တို့ကိုလည်းကောင်း၊ သင်မဖြည့်ဘဲ ကောင်းသောအရာနှင့် ပြည့်သောအိမ်တို့ကိုလည်းကောင်း၊
6:11 သင်မတူးသော ရေတွင်းတို့ကိုလည်းကောင်း၊ သင်မစိုက်မပျိုးသော စပျစ်ဥယျာဉ်နှင့် သံလွင်ပင်တို့ကိုလည်းကောင်း၊ သင့်အားပေးခြင်းငှာ၊ သင်၏အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်သို့ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုဆောင်သွင်းတော်မူ၍၊ သင်သည် ဝစွာစားလျက်နေရသောအခါ၊
6:12 ကျွန်ခံနေရာအဲဂုတ္တုပြည်မှ သင့်ကိုကယ်နုတ်ဆောင်ယူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြုလော့။
6:13 သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ နာမတော်အားဖြင့်လည်း ကျိန်ဆိုခြင်းကိုပြုရမည်။
6:14 အခြားတစ်ပါးသောဘုရား၊ သင့်ပတ်လည်၌နေသော လူမျိုးတို့၏ဘုရားကို မဆည်းမကပ်ရ။
6:15 သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား ဖြစ်တော်မူ၏။ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကို အမျက်ထွက်၍ မြေကြီးပြင်မှာ သုတ်သင်ပယ်ရှင်းတော်မူမည်ဟု စိုးရိမ်စရာရှိ၏။
6:16 သင်သည် မဿာအရပ်၌ပြုသကဲ့သို့၊ သင်၏ဘုရားသခင်ထာဝရဘုရားကို အစုံအစမ်းမပြုရ။
6:17 သင်၏ ဘုရားသခင်ထာဝရဘုရား ထားတော်မူသောသက်သေခံချက်၊ စီရင်ချက်၊ ပညတ်တရားတို့ကို ကြိုးစား၍စောင့်ရှောက်ရမည်။
6:18 သင်သည် ချမ်းသာရခြင်းငှာလည်းကောင်း၊
6:19 ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း ရန်သူအပေါင်းတို့ကို သင့်ရှေ့မှနှင်ထုတ်သဖြင့်၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်မြတ်ကို ဝင်စား၍နေခြင်းငှာလည်းကောင်း၊ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ်လျောက်ပတ်သော အမှုတို့ကိုပြုရမည်။
6:20 နောင်ကာလ၌ သင်၏သားက၊ ငါတို့ဘုရားသခင် ထာဝရဘုရားထားတော်မူသော ဤသက်သေခံချက်၊ စီရင်ထုံးဖွဲ့ချက်တို့သည် အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းလျှင်၊
6:21 သင်က၊ ငါတို့သည်အဲဂုတ္တုပြည်၌ ဖာရောဘုရင်၏ကျွန်ဖြစ်၍နေစဉ်အခါ၊ ထာဝရဘုရားသည် အားကြီးသောလက်တော်နှင့် ငါတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူ၏။
6:22 ထာဝရဘုရားသည်လည်း၊ ကြီးမားခက်ထန်သောနိမိတ်လက္ခဏာ အံ့ဖွယ်သရဲတို့ကို အဲဂုတ္တုပြည်အပေါ်မှာလည်းကောင်း၊ ဖာရောဘုရင်နှင့် နန်းတော်သားတို့အပေါ်မှာလည်းကောင်း၊ ငါတို့မျက်မှောက်၌ ပြုတော်မူပြီးလျှင်၊
6:23 ငါတို့ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့သွင်း၍ နေရာချခြင်းအလို့ငှာ၊ ထိုပြည်မှနုတ်ဆောင်တော်မူ၏။
6:24 ထာဝရဘုရားသည် ယနေ့တိုင်အောင် ကျေးဇူးပြုတော်မူသကဲ့သို့၊ ငါတို့အသက်ကိုစောင့်တော်မူမည်အကြောင်း၊ ငါတို့သည် ကိုယ်အကျိုးကိုထောက်၍၊ ငါတို့ဘုရားသခင် ထာဝရဘုရားကိုကြောက်ရွံ့လျက်၊ ဤပညတ်အလုံးစုံတို့ကို ကျင့်စေခြင်းငှာ မှာထားတော်မူ၏။
6:25 သို့ဖြစ်၍ ငါတို့ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဤပညတ်အလုံးစုံတို့ကို ရှေ့တော်၌ကျင့်စောင့်ခြင်းငှာ သတိပြုလျှင်၊ ဖြောင့်မတ်ရာသို့ ရောက်ရကြလိမ့်မည်ဟု ပြန်ပြောရမည်။