Deuteronomy 5
5:1 တစ်ဖန် မောရှေသည် ဣသရေလ အမျိုးသားအပေါင်းတို့ကိုခေါ်၍၊ အို ဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့အားငါဟောပြောသော စီရင်ထုံးဖွဲ့ချက်တို့ကို သင်တို့သည် သွန်သင်၍ကျင့်ခြင်းငှာ သတိပြုမည်အကြောင်း နားထောင်ကြလော့။
5:2 ငါတို့ ဘုရားသခင်ထာဝရဘုရားသည် ဟောရပ်တောင်၌ ငါတို့နှင့် ပဋိညာဉ်ပြုတော်မူ၏။
5:3 ထိုပဋိညာဉ်တရားကို ထာဝရဘုရားသည် ငါတို့ဘိုးဘေးများနှင့်သာ ပြုတော်မူသည်မဟုတ်။ ယနေ့ပင်အသက်ရှင်၍ ဤအရပ်၌ရှိသမျှသော ငါတို့နှင့် ပြုတော်မူ၏။
5:4 ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲကသင်တို့နှင့် မျက်နှာချင်းဆိုင်၍ မိန့်မြွက်တော်မူ၏။
5:5 ထိုအခါ သင်တို့သည် မီးကိုကြောက်၍ တောင်ပေါ်သို့မတက်ဝံ့သောကြောင့်၊ ငါသည် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုခြင်းငှာ၊ ထာဝရဘုရားနှင့် သင်တို့ စပ်ကြားမှာရပ်နေ၏။
5:6 မိန့်မြွက်တော်မူသောစကားဟူမူကား၊ ငါသည် သင့်ကို ကျွန်ခံနေရာအဲဂုတ္တုပြည်မှ ကယ်နုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
5:7 ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။
5:8 အထက် မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ် မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက် ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူစွာ ရုပ်တုဆင်းတုကို ကိုယ်အဖို့မလုပ်နှင့်။
5:9 ဦးမချ၊ ဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင်၊ ငါထာဝရဘုရားသည် သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သောဘုရား၊
5:10 ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကိုကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ကရုဏာကိုပြသောဘုရားဖြစ်၏။
5:11 သင်၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ကို မုသားနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသားနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။
5:12 သင်၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကိုစောင့်လော့။
5:13 ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍လုပ်ဆောင်လော့။
5:14 သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ နွားမြည်းအစရှိသော သင်၏တိရစ္ဆာန်၊ သင်၏တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။ သင်သည် ငြိမ်ဝပ်စွာနေသကဲ့သို့၊ သင်၏ကျွန်ယောက်ျား မိန်းမတို့သည် ငြိမ်ဝပ်စွာနေရကြမည်။
5:15 သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံကြောင်းကိုလည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် အားကြီးသော လက်ရုံးတော်ကိုဆန့်၍၊ ထိုပြည်မှ သင့်ကိုနုတ်ဆောင်တော်မူကြောင်းကိုလည်းကောင်း အောက်မေ့လော့။ ထိုအကြောင်းကြောင့်၊ သင်သည် ဥပုသ်နေ့ကိုစောင့်ရမည်ဟု သင်၏ ဘုရားသခင်ထာဝရဘုရားမှာထားတော်မူ၏။
5:16 သင်၏ ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်သည် အသက်တာရှည်၍ ကောင်းစားရမည်အကြောင်း၊ သင်၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်၏မိဘကို ရိုသေစွာပြုလော့။
5:17 လူအသက်ကို မသတ်နှင့်။
5:18 သူ့မယားကို မပြစ်မှားနှင့်။
5:19 သူ့ဥစ္စာကို မခိုးနှင့်။
5:20 ကိုယ်နှင့်စပ်ဆိုင်သောသူတစ်ဖက်၌ မမှန်သောသက်သေကို မခံနှင့်။
5:21 ကိုယ်နှင့်စပ်ဆိုင်သောသူ၏မယားကို တပ်မက်သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်၊ လယ်ယာ၊ ကျွန်ယောက်ျား မိန်းမ၊ နွားမြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ဥစ္စာ တစ်စုံတစ်ခုကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ၏။
5:22 ထိုစကားတော်ကို ထာဝရဘုရားသည် တောင်ပေါ်မှာမီး၊ မိုးတိမ်၊ ထူထပ်သောမှောင်မိုက်ထဲက ကြီးစွာသောအသံနှင့် သင်တို့စည်းဝေးရာ ပရိသတ်အပေါင်းတို့အားမိန့်မြွက်တော်မူ၏။ ထပ်၍ မိန့်မြွက်တော်မမူ။ ထိုစကားတော်ကိုလည်း ကျောက်ပြားနှစ်ပြားပေါ်မှာရေး၍ ငါ၌အပ်တော်မူ၏။
5:23 သင်တို့သည် မှောင်မိုက်ထဲကစကားသံကို ကြား၍၊ တောင်ထိပ်သည် မီးလောင်လျက်ရှိသောအခါ၊ သင်တို့အမျိုးအနွယ်တို့၌ မင်းဖြစ်သောသူ၊ အသက်ကြီးသူတို့သည် ငါ့ထံသို့ချဉ်းကပ်၍၊
5:24 အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရားသည် ဘုန်းတန်ခိုးအာနုဘော်တော်ကို အကျွန်ုပ်တို့အား ပြတော်မူပြီ။ မီးထဲကစကားတော်အသံကို အကျွန်ုပ်တို့သည် ကြားရပါပြီ။ ဘုရားသခင်သည် လူနှင့် နှုတ်ဆက်တော်မူသော်လည်း၊ လူသည် အသက်ရှင်သေးသည်ကို၊ ယနေ့၌ အကျွန်ုပ်တို့သည် သိမြင်ရပါပြီ။
5:25 အကျွန်ုပ်တို့သည် အဘယ်ကြောင့် ယခုသေရပါမည်နည်း။ ဤကြီးစွာသောမီးဖြင့် အကျွန်ုပ်တို့သည် ဆုံးရှုံးပါလိမ့်မည်။ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသောအသံတော်ကို တစ်ဖန်ကြားရလျှင် သေရပါလိမ့်မည်။
5:26 အသက်ရှင်တော်မူသော ဘုရားသခင်သည် မီးထဲကမိန့်မြွက်တော်မူသော အသံတော်ကို အကျွန်ုပ်တို့ကြားရသကဲ့သို့ အဘယ်လူသတ္တဝါသည်ကြား၍ အသက်ရှင်သနည်း။
5:27 ကိုယ်တော်သည် အနီးအပါးသို့ ချဉ်းသွား၍၊ အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသမျှကို နားထောင်တော်မူပါ။ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အားမိန့်တော်မူသမျှကို ဆင့်ဆိုတော်မူပါ။ အကျွန်ုပ်တို့သည်နားထောင်၍ ပြုပါမည်ဟု လျှောက်ဆိုကြ၏။
5:28 ထိုသို့သင်တို့သည် ငါ့အားလျှောက်သောစကားကို ထာဝရဘုရား ကြားတော်မူ၏။ ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် သင့်အားလျှောက်သော စကားသံကိုငါကြားရပြီ။ လျှောက်လေသမျှသောစကားသည် လျောက်ပတ်ပေ၏။
5:29 သူတို့နှင့် သားမြေးအစဉ်အဆက်တို့သည် ချမ်းသာရမည်အကြောင်း၊ ငါ့ကို ကြောက်ရွံ့၍ ငါပညတ်သမျှတို့ကို အစဉ်စောင့်ရှောက်ချင်သောစိတ်နှင့် ပြည့်စုံကြပါစေသော။
5:30 တဲများသို့ပြန်သွားကြလော့ဟု သူတို့အားပြောလော့။
5:31 သင်မှာမူကား၊ ဤအရပ်၌ ငါ့အနားမှာရပ်နေလော့။ သူတို့အား ငါအပိုင်ပေးသောပြည်၌ သူတို့ကျင့်ဖို့ရာ သင်သည်သူတို့အားသွန်သင်ရသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားအလုံးစုံတို့ကို ငါမြွက်ဆိုမည်ဟု ငါ့အားမိန့်တော်မူ၏။
5:32 သို့ဖြစ်၍ သင်တို့၏ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်တို့သည်ကျင့်အံ့သောငှာ စောင့်နေရကြမည်။ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲမရှောင်ရကြ။
5:33 သင်တို့ဝင်စားလတ္တံ့သောပြည်၌ သင်တို့သည် သေဘေးလွတ်လျက် ချမ်းသာရ၍၊ အသက်တာရှည်မည်အကြောင်း၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသော လမ်းအပေါင်းတို့၌ လျှောက်သွားရကြမည်။