Joshua 1
1:1 ထာဝရဘုရား၏ကျွန်မောရှေသည် အနိစ္စရောက်သောနောက်၊ မောရှေလက်ထောက်၊ နုန်၏သားယောရှုအား ထာဝရဘုရားက၊
1:2 ငါ၏ကျွန်မောရှေသည် အနိစ္စရောက်လေပြီ။ သို့ဖြစ်၍၊ သင်နှင့် သင်၌ပါသော ဤလူအပေါင်းတို့သည် ယခုထ၍ ယော်ဒန်မြစ်တစ်ဖက်သို့ ကူးကြလော့။ ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်ကို ဝင်စားကြလော့။
1:3 မောရှေအား ငါကတိရှိသည်အတိုင်း သင်တို့နင်းသမျှသောမြေကို သင်တို့အားငါပေးမည်။
1:4 တောကြီးမှစ၍ လေဗနုန်တောင်တိုင်အောင်လည်းကောင်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ဟိတ္တိပြည်တစ်လျှောက်လုံးပါလျက်၊ နေဝင်ရာဘက် ပင်လယ်ကြီးတိုင်အောင်လည်းကောင်း၊ သင်တို့နယ် အပိုင်းအခြား ဖြစ်ရမည်။
1:5 သင့်အသက်တည်သည်ကာလပတ်လုံး သင့်ရှေ့မှာ အဘယ်သူမျှမခံမရပ်နိုင်ရာ။ မောရှေနှင့်အတူ ငါရှိသကဲ့သို့ သင်နှင့် အတူငါရှိလိမ့်မည်။ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုပစ်၍မထား။
1:6 အားယူ၍ ရဲရင့်ခြင်းရှိလော့။ ဘိုးဘေးတို့အားပေးမည်ဟု ငါကျိန်ဆိုသောပြည်ကို သင်သည် ဤလူတို့အားဝေ၍ အမွေပေးရမည်။
1:7 သို့ဖြစ်၍ ငါ၏ကျွန်မောရှေမှာထားသော တရားအတိုင်းကျင့်မည်ဟု စောင့်ရှောက်ခြင်းငှာ အားယူ၍ အလွန်ရဲရင့်ခြင်းရှိလော့။ ကြံစည်လေသမျှတို့၌ အောင်မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲနှင့်။
1:8 ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်းကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှာ ကျမ်းစာကို မဖတ်မရွတ်ဘဲမနေ၊ နေ့ညမပြတ် ကြည့်ရှုဖတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည်အကြံထမြောက်၍ အောင်မြင်လိမ့်မည်။
1:9 သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏။
1:10 ထိုအခါ ယောရှုသည် ဗိုလ်မင်းများတို့ကိုခေါ်၍၊
1:11 တပ်တစ်လျှောက်လုံးသို့ သွားကြလော့။ သင်တို့၏ ဘုရားသခင်ထာဝရဘုရား အပိုင်ပေးတော်မူသောပြည်ကို ဝင်စားခြင်းငှာ၊ သုံးရက်အတွင်းတွင် ဤယော်ဒန်မြစ်တစ်ဖက်သို့ ကူးရသောကြောင့် ရိက္ခာကို ပြင်ဆင်ရကြမည်အကြောင်း၊ လူများတို့အား ဆင့်ဆိုကြလော့ဟု မှာထားလေ၏။
1:12 တစ်ဖန် ယောရှုသည် ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေအမျိုးသားတစ်ဝက်တို့ကိုခေါ်၍၊
1:13 ထာဝရဘုရား၏ကျွန်မောရှေသည်၊ သင်တို့အားမှာထားသောစကားဟူမူကား၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို ဤပြည်၌နေရာချတော်မူပြီ။
1:14 သင်တို့သားမယား၊ သူငယ်များနှင့် တိရစ္ဆာန်များတို့သည် ယော်ဒန်မြစ်အရှေ့ဘက် မောရှေပေးသောပြည်၌ နေရစ်ရကြမည်။
1:15 ထာဝရဘုရားသည် သင်တို့အားနေရာချသည်အတိုင်း၊ ညီအစ်ကိုတို့အား နေရာချတော်မမူမီ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သူတို့သည် မသိမ်းမယူမီတိုင်အောင်၊ သင်တို့တွင် ခွန်အားကြီးသော စစ်သူရဲအပေါင်းတို့သည် လက်နက်ကိုင်လျက်၊ သင်တို့ညီအစ်ကိုများရှေ့မှာ ကူး၍မစရကြမည်ဟူသော စကားကို အောက်မေ့ကြလော့။ ထိုနောက်မှ ထာဝရဘုရား၏ကျွန်မောရှေသည် ယော်ဒန်မြစ် နေထွက်ရာဘက်၌ပေး၍၊ သင်တို့ပိုင်သောပြည်သို့ ပြန်၍ဝင်စားရကြမည်ဟု ပြောဆို၏။
1:16 ထိုသူတို့ကလည်း၊ ကိုယ်တော်မှာထားတော်မူသမျှကို ကျွန်တော်တို့ပြုပါမည်။ စေလွှတ်တော်မူသမျှသော အရပ်သို့ သွားပါမည်။
1:17 အရာရာတို့၌ မောရှေ၏စကားကိုနားထောင်သည်နည်းတူ ကိုယ်တော်စကားကိုလည်း နားထောင်ပါမည်။ သို့ဖြစ်၍ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် မောရှေနှင့်အတူရှိသကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။
1:18 အာဏာတော်ကိုဆန်၍၊ မှာထားတော်မူသမျှသောစကားကို နားမထောင်သောသူ မည်သည်ကား၊ အသေသတ်ခြင်းကို ခံစေရမည်။ သို့ဖြစ်၍ အားယူတော်မူပါ။ ရဲရင့်ခြင်းရှိတော်မူပါဟု ယောရှုအားပြန်လျှောက်ကြ၏။