Joshua 2
2:1 နုန်၏သားယောရှုသည် သူလျှိုနှစ်ယောက်ကို ရှိတ္တိမ်မြို့မှ တိတ်ဆိတ်စွာစေလွှတ်လျက်၊ ခါနာန်ပြည် ယေရိခေါမြို့ကိုသွား၍ ကြည့်ရှုကြလော့ဟု မှာထားလိုက်သည်အတိုင်း၊ သူတို့သည်သွားပြီးလျှင် ရာခပ်အမည်ရှိသော ပြည့်တန်ဆာမိန်းမအိမ်သို့ ဝင်၍နေလေ၏။
2:2 ပြည်သားအချို့တို့ကလည်း၊ ဤပြည်ကို စူးစမ်းခြင်းငှာ ဣသရေလအမျိုးသား အချို့တို့သည် ယနေ့ညမှာ မြို့တွင်းသို့ ဝင်ပါပြီဟု ယေရိခေါမင်းကြီးအား လျှောက်ကြားကြသည် ရှိသော်၊
2:3 ယေရိခေါမင်းကြီးသည် ရာခပ်အား သင့်ဆီသို့ ရောက်လာ၍၊ သင့်အိမ်သို့ဝင်သောသူတို့ကို အပ်လော့။ သူတို့သည် တစ်ပြည်လုံးကိုစူးစမ်းခြင်းငှာ ရောက်လာပြီဟု အမိန့်တော်နှင့် စေလွှတ်လေ၏။
2:4 ရာခပ်သည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထားနှင့်ပြီးမှ ကျွန်မဆီသို့ လူရောက်သည်မှန်ပါ၏။ သို့ရာတွင် အဘယ်အရပ်ကလာသည်ကို မသိပါ။
2:5 မိုးချုပ်၍ တံခါးပိတ်ချိန်ရှိသောအခါ၊ သူတို့သည် ထွက်သွားကြပါ၏။ အဘယ်အရပ်သို့ ထွက်သွားသည်ကို မသိပါ။ အလျင်အမြန် လိုက်ကြလော့။ မီကောင်း မီပါလိမ့်မည်ဟု ပြန်ပြော၏။
2:6 သို့ဆိုသော်လည်း ထိုသူတို့ကို အိမ်အပေါ်သို့ တက်စေ၍၊ အမိုးပေါ်မှာဖြန့်ထားသော ပိုက်ဆန်ရိုးထဲ၌ ဝှက်ထားနှင့်ပြီ။
2:7 မင်းလုလင်တို့သည် ယော်ဒန်မြစ်ကူးရာလမ်းသို့ လိုက်ကြ၏။ မြို့ပြင်သို့ရောက်ကြပြီးမှ မြို့တံခါးများကို ပိတ်ကြ၏။
2:8 သူလျှိုတို့သည် မအိပ်မီ မိန်းမသည် သူတို့ရှိရာ အိမ်မိုးပေါ်သို့တက်၍၊
2:9 ထာဝရဘုရားသည် သင်တို့အား ဤပြည်ကို ပေးတော်မူကြောင်းကိုလည်းကောင်း၊ သင်တို့ကို ငါတို့ကြောက်လန့်အားကြီး၍ သင်တို့ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက်ကြောင်းကိုလည်းကောင်း ကျွန်မသိပါ၏။
2:10 သင်တို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ၊ ဧဒုံပင်လယ်ရေကို ထာဝရဘုရား ခန်းခြောက်စေတော်မူကြောင်းကိုလည်းကောင်း၊ ယော်ဒန်မြစ်တစ်ဖက်၌နေ၍ သင်တို့ ရှင်းရှင်းဖျက်ဆီးသော အာမောရိရှင်ဘုရင်ရှိဟုန်နှင့် ဩဃတို့၌ သင်တို့ပြုသောအမှုကိုလည်းကောင်း၊ အကျွန်ုပ်တို့ကြားရကြပြီ။
2:11 ထိုသတင်းကိုကြားသောအခါ၊ အကျွန်ုပ်တို့သည် စိတ်ပျက်၍ သင်တို့ကြောင့် တစ်စုံတစ်ယောက်သောသူ၌မျှ ရဲရင့်ခြင်းသတ္တိ အလျှင်းမကျန်ကြွင်းပါ။ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် အထက် ကောင်းကင်ဘုံ၌လည်းကောင်း၊ အောက်အရပ် မြေကြီး၌လည်းကောင်း၊ အစိုးရသော ဘုရားသခင်ဖြစ်တော်မူ၏။
2:12 သို့ဖြစ်၍ သင်တို့၌ ကျွန်မသည်ကျေးဇူးပြုသောကြောင့် သင်တို့သည် ကျွန်မပေါက်ဖော်တို့၌ ကျေးဇူးပြု၍၊
2:13 ကျွန်မမိဘ၊ ညီအစ်မ၊ မောင်အစရှိသော သူတို့နှင့်ဆိုင်သမျှသော သူတို့ကိုမသတ်ဘဲ အသက်ချမ်းသာပေးမည်ဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုကြပါ။ မှန်သောလက္ခဏာသက်သေကိုလည်း ပေးခဲ့ကြပါဟုဆိုလျှင်၊
2:14 ထိုသူတို့က၊ သင်သည် ငါတို့အမှုကိုမဖော်မပြလျှင် သင့်အသက်အတွက် ငါတို့အသက်သည် အာမခံဖြစ်စေတော့။ ဤပြည်ကို ထာဝရဘုရား ပေးတော်မူသောအခါ၊ သင်၌သစ္စာစောင့်၍ ကျေးဇူးပြုမည်ဟု ဝန်ခံကြ၏။
2:15 ထိုမိန်းမနေရာအိမ်သည် မြို့ရိုးနားမှာရှိသောကြောင့်၊ ထိုသူတို့ကို ပြူတင်းပေါက်ကကြိုးနှင့် လျှော့ချလျက်၊
2:16 သင်တို့သည် လိုက်၍ရှာသောသူတို့နှင့် လွတ်မည်အကြောင်း တောင်ပေါ်သို့ပြေး၍ သုံးရက်ပုန်းနေကြပါ။ ရှာသောသူတို့သည် ပြန်သောနောက်မှသွားကြပါဟုဆိုလျှင်၊
2:17 ထိုသူတို့က၊ သင်သည် ကျိန်ဆိုစေသောအကျိန်ကြောင့်၊ ငါတို့၌ အပြစ်မရောက်ပါစေနှင့်။
2:18 ဤပြည်သို့ ငါတို့ရောက်လာသောအခါ၊ ယခုလျှော့ချသော ပြူတင်းပေါက်၌ ဤကြိုးနီကို ချည်ထား၍၊ သင့်မိဘ၊ သင့်မောင်များနှင့် ပေါက်ဖော်များအပေါင်းတို့ကို သင့်အိမ်၌ခေါ်ထားရမည်။
2:19 ထိုအခါ သင့်အိမ်ထဲက လမ်းသို့ထွက်သွားသောသူ မည်သည်ကား၊ သေလျှင်သေပြစ်ကို ကိုယ်တိုင်ခံစေ၊ ငါတို့သည် အပြစ်လွတ်စေ။ သင့်အိမ်၌ ရှိသောသူမည်သည်ကို အသေသတ်လျှင် သေပြစ်ကို ငါတို့သည်ခံစေ။
2:20 ငါတို့အမှုကိုလည်း သင်သည်ဖော်ပြလျှင်၊ သင်ယခုကျိန်ဆိုစေသော အကျိန်နှင့် ငါတို့သည် လွတ်စေဟုဆိုလျှင်၊
2:21 မိန်းမက၊ သင်တို့စကားရှိသည်အတိုင်း ဖြစ်ပါစေတော့ဟုဝန်ခံလျက် လွှတ်လိုက်၍ သူတို့သည် သွားကြ၏။ မိန်းမသည်လည်း ထိုကြိုးနီကို ပြူတင်းပေါက်၌ ချည်ထားလေ၏။
2:22 ထိုသူတို့သည် တောင်ပေါ်သို့ရောက်အောင်သွား၍ လိုက်ရှာသောသူတို့ မပြန်မီတိုင်အောင် သုံးရက်နေကြ၏။ ရှာသောသူတို့သည်လည်း လမ်းတစ်လျှောက်လုံး ရှာ၍မတွေ့ကြ။
2:23 ထိုလူနှစ်ယောက်တို့သည် လှည့်၍ တောင်ပေါ်ကဆင်းပြီးမှ မြစ်ကိုကူးသဖြင့်၊ နုန်၏သားယောရှုထံသို့ ရောက်၍၊ မိမိတို့၌ ဖြစ်သမျှတို့ကို ပြန်ကြားလျက်၊
2:24 အကယ်စင်စစ် ထာဝရဘုရားသည် ထိုပြည်တစ်လျှောက်လုံးကို ငါတို့လက်သို့ အပ်တော်မူပြီ။ ငါတို့ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက်လျက်ရှိကြပါ၏ဟု ယောရှုအားလျှောက်ဆို၏။