Joshua 13
13:1 ယောရှုသည် အို၍အသက်ကြီးရင့်သောအခါ၊ ထာဝရဘုရားက၊ သင်သည်အို၍အသက်ကြီးရင့်ပြီ။ သိမ်းယူရမည့်မြေလည်း အများကျန်သေး၏။
13:2 ကျန်သောမြေဟူမူကား၊ ဖိလိတ္တိပြည်မှစ၍ ဂေရှုရိပြည်တစ်လျှောက်လုံး၊
13:3 အဲဂုတ္တုပြည်အရှေ့၊ ရှိဟောရမြစ်မှစ၍ မြောက်မျက်နှာ၌ ဧကြုန်မြို့နယ်တိုင်အောင်၊ ခါနနိလူနေသောပြည်၊ ဖိလိတ္တိမင်းငါးပါးတည်းဟူသော ဂါဇသိလူ၊ အာဇောတိလူ၊ ဧရှကလောနိလူ၊ ဂိတ္တိလူ၊ ဧကြောနိလူနှင့်တကွ၊ အာဝိလူနေသောပြည်၊
13:4 တောင်မျက်နှာမှစ၍ အာမောရိပြည် အာဖက်မြို့တိုင်အောင်၊ ခါနနိပြည်တစ်လျှောက်လုံးနှင့် ဇိဒုန်ပြည်အနားမှာရှိသော မာရာပြည်၊
13:5 နေထွက်ရာဘက်၊ ဟေရမုန်တောင်ခြေရင်း၌ ဗာလဂဒ်မြို့မှစ၍ ဟာမတ်ပြည်အဝင်တိုင်အောင် ဂေဗလပြည်၊ လေဗနုန်ပြည် တစ်လျှောက်လုံး ကျန်သတည်း။
13:6 လေဗနုန်တောင်မှစ၍ မိသရဖောသမိမ်မြို့တိုင်အောင်၊ တောင်ပေါ်၌နေသောသူနှင့် ဇိဒေါနိလူအပေါင်းတို့ကို ဣသရေလအမျိုးသားရှေ့မှ ငါနှင်ထုတ်မည်။ သို့ဖြစ်၍ ငါမှာထားသည်အတိုင်း စာရေးတံပြုလျက် ထိုမြေကို ဣသရေလလူတို့အား အမွေဝေဖန်လော့။
13:7 ယခုမှာ ဤပြည်ကို ဣသရေလအမျိုးကိုးမျိုးနှင့် မနာရှေအမျိုးတစ်ဝက်တို့အား အမွေဝေဖန်လော့။
13:8 ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက်၊ မောရှေပေးသည်အတိုင်း မိမိတို့အမွေမြေကိုခံကြပြီဟု မိန့်တော်မူ၏။
13:9 ထာဝရဘုရား၏ကျွန် မောရှေပေးသောမြေဟူမူကား၊ အာနုန်မြစ်နား၌ရှိသော အာရော်မြို့၊ မြစ်အကွေ့၌ ရှိသမျှသောမြို့တို့နှင့်တကွ၊ ဒိဘုန်မြို့တိုင်အောင် မေဒဘလွင်ပြင်တစ်လျှောက်လုံး၊
13:10 အမ္မုန်ပြည်စွန်းတိုင်အောင်၊ ဟေရှဘုန်မြို့၌ မင်းပြုသော အာမောရိရှင်ဘုရင်ရှိဟုန် အစိုးရသောမြို့ရှိသမျှ၊
13:11 ဂိလဒ်ပြည်၊ ဂေရှုရိလူ၊ မာခါသိလူနေသောပြည်၊ ဟေရမုန်တောင်ရှိသမျှ၊ သာလကပြည်တိုင်အောင် ဗာရှန်ပြည်တစ်လျှောက်လုံး၊
13:12 အလွန်ကြီးမားသောလူမျိုးထဲက ကျန်ကြွင်းသောသူ၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌မင်းပြုသော ဗာရှန်ရှင်ဘုရင်ဩဃ၏ နိုင်ငံတစ်လျှောက်လုံး ပါသတည်း။ ထိုမင်းတို့ကို မောရှေသည် လုပ်ကြံ၍ပယ်ရှားလေ၏။
13:13 သို့ရာတွင် ဣသရေလလူတို့သည် ဂေရှုရိလူ၊ မာခါသိလူတို့ကို မနှင်ထုတ်ကြ။ ထိုလူမျိုးတို့သည် ယနေ့တိုင်အောင် ဣသရေလအမျိုးသားတို့နှင့် အတူနေကြ၏။
13:14 လေဝိအမျိုးအား အမွေကိုမပေး။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားအား မီးဖြင့်ပူဇော်သောယဇ်တို့သည် အမိန့်တော်ရှိသည်အတိုင်း သူတို့အမွေဖြစ်သတည်း။
13:15 မောရှေသည်၊ ရုဗင်အမျိုးသားအဆွေအမျိုး အသီးအသီးတို့အား အမွေပေးသောပြည်များဟူမူကား၊
13:16 အာနုန်မြစ်နား၌ရှိသော အာရော်မြို့၊ မြစ်အကွေ့၌ ရှိသမျှသောမြို့တို့နှင့်တကွ၊ မေဒဘလွင်ပြင်တစ်လျှောက်လုံး၊
13:17 ဟေရှဘုန်မြို့နှင့်တကွ လွင်ပြင်၌ ရှိသမျှသောမြို့၊ ဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမောင်မြို့၊
13:18 ယဟာဇမြို့၊ ကေဒမုတ်မြို့၊ မေဖတ်မြို့၊
13:19 ကိရယသိမ်မြို့၊ စိဗမာမြို့၊ ချိုင့်တွင်တောင်ပေါ်မှာရှိသော ဇာရက်ရှာဟာမြို့၊
13:20 ဗက်ပေဂုရမြို့၊ အာဇုတ်ပိသကာမြို့၊ ဗက်ယေရှိမုတ်မြို့၊
13:21 လွင်ပြင်၌ရှိသမျှသော မြို့တို့နှင့်တကွ၊ ဟေရှဘုန်မြို့၌မင်းပြုရသော အာမောရိရှင်ဘုရင် ရှိဟုန်၏နိုင်ငံတစ်လျှောက်လုံးကို ပေးသတည်း။ ထိုရှင်ဘုရင်ကိုလည်းကောင်း၊ ထိုရှင်ဘုရင်ချီးမြှောက်၍ သူ့ပြည်၌နေသောမိဒျန်မင်းကြီးငါးပါး၊ ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတို့ကိုလည်းကောင်း မောရှေသည် လုပ်ကြံလေ၏။
13:22 ပရောဖက်လုပ်သော ဗောရသားဗာလမ်ကိုလည်း၊ အသေခံရသောသူတို့နှင့်ရော၍ ဣသရေလလူတို့သည် ဓားနှင့်ကွပ်မျက်ကြ၏။
13:23 ရုဗင်အမျိုးသားနေရာအပိုင်းအခြားကား၊ ယော်ဒန်မြစ်နှင့် မြစ်ကမ်းပါးတည်း။ ဤရွေ့ကား၊ ရုဗင်အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသော မြို့ရွာများပေတည်း။
13:24 မောရှေသည် ဂဒ်အမျိုးသား အဆွေအမျိုးအသီးအသီးတို့အား အမွေပေးသော ပြည်များဟူမူကား၊
13:25 ယာဇာမြို့မှစ၍ ဂိလဒ်မြို့ရှိသမျှတို့နှင့်တကွ၊ ရဗ္ဗာမြို့ရှေ့၌ရှိသော အာရော်မြို့တိုင်အောင် အမ္မုန်ပြည်တစ်ဝက်၊
13:26 ဟေရှဘုန်မြို့မှစ၍ ရာမတ်မိဇပါမြို့၊ ဗေတောနိမ်မြို့တိုင်အောင်လည်းကောင်း၊ မဟာနိမ်မြို့မှစ၍ ဒေဗိရမြို့နယ်တိုင်အောင်လည်းကောင်းပါသောပြည်၊
13:27 ချိုင့်၌လည်း၊ ဗေသာရံမြို့၊ ဗက်နိမရမြို့၊ သုကုတ်မြို့၊ ဇာဖုန်မြို့အစရှိသော ယော်ဒန်မြစ်အရှေ့ဘက် ယော်ဒန်မြစ်အပိုင်းအခြား၊ ဂင်္နေသရက်အိုင်နားတိုင်အောင်၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်ပိုင်သော နိုင်ငံကျန်ကြွင်းသမျှကို ပေးသတည်း။
13:28 ဤရွေ့ကား၊ ဂဒ်အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသော မြို့ရွာများပေတည်း။
13:29 မောရှေသည် မနာရှေအမျိုးတစ်ဝက်အားအမွေပေး၍၊ မနာရှေအမျိုးသားတစ်ဝက်သည် အဆွေအမျိုးအလိုက် အမွေခံရသော ပြည်များဟူမူကား၊
13:30 မဟာနိမ်မြို့မှစ၍ ဗာရှန်ပြည်တည်းဟူသော ဗာရှန်ရှင်ဘုရင်ဩဃ၏ နိုင်ငံတစ်လျှောက်လုံး၊ ဗာရှန်ပြည်၌ပါသော ယာဣရမြို့ခြောက်ဆယ်ကို အမွေခံရသတည်း။
13:31 ဂိလဒ်ပြည်တစ်ဝက်၊ ဗာရှန်ပြည်၌ ဩဃ၏နိုင်ငံအဝင်၊ အာရှတရုတ်မြို့နှင့် ဧဒြိမြို့တို့ကို မနာရှေသား မာခိရ၏သားမြေးတစ်ဝက် အဆွေအမျိုးအလိုက် ပိုင်ရကြ၏။
13:32 ဤရွေ့ကား၊ မောရှေသည် ယော်ဒန်မြစ်အရှေ့၊ ယေရိခေါမြို့တစ်ဖက်၊ မောဘလွင်ပြင်၌ အမွေဝေဖန်သောပြည်များပေတည်း။
13:33 လေဝိအမျိုးအား အမွေကိုမပေး။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း သူတို့အမွေဖြစ်တော်မူသတည်း။