Joshua 14
14:1 ခါနာန်ပြည်၌လည်း ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုအစရှိသော ဣသရေလအမျိုးအနွယ်တို့၌ မင်းဖြစ်သောသူတို့သည် အမွေဝေဖန်၍ ဣသရေလ အမျိုးသားတို့သည် အမွေခံရကြ၏။
14:2 ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးကိုးမျိုးနှင့် တစ်ဝက်တို့သည် စာရေးတံပြု၍ အမွေခံရကြ၏။
14:3 မောရှေသည် ဣသရေလအမျိုးနှစ်မျိုးနှင့် တစ်ဝက်တို့အား၊ ယော်ဒန်မြစ်အရှေ့ဘက်၌ အမွေပေးနှင့်ပြီ။ လေဝိသားတို့အား အခြားသောအမျိုးနှင့်ရော၍ အမွေမပေး။
14:4 ယောသပ်အမျိုးသားတို့သည် မနာရှေအမျိုး၊ ဧဖရိမ်အမျိုး နှစ်မျိုးဖြစ်၍၊ လေဝိသားတို့နေစရာမြို့၊ သူတို့တိရစ္ဆာန်နှင့် ဥစ္စာကိုထားစရာမြို့နယ်မှတစ်ပါး အခြားသောမြေကို မပေး။
14:5 မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည်ပြု၍ မြေကိုဝေဖန်ကြ၏။
14:6 ထိုအခါ ယုဒအမျိုးသားတို့သည်၊ ဂိလဂါလမြို့၌ ယောရှုထံသို့လာ၍၊ ကေနက်အမျိုး ယေဖုန္နာ၏သားကာလက်က၊ ထာဝရဘုရားသည် ကာဒေရှဗာနာအရပ်၌ ကိုယ်တော်နှင့် အကျွန်ုပ်ကိုရည်ဆောင်၍၊ ဘုရားသခင်၏လူမောရှေအား မိန့်တော်မူသောစကားကို ကိုယ်တော်သိပါ၏။
14:7 ဤပြည်ကိုစူးစမ်းစေခြင်းငှာ ဘုရားသခင်၏ကျွန် မောရှေသည် အကျွန်ုပ်ကို ကာဒေရှဗာနာအရပ်မှ စေလွှတ်သောအခါ၊ အကျွန်ုပ်သည် အသက်လေးဆယ်ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်စိတ်ထင်သည်အတိုင်း ပြန်ကြားလျှောက်ထားပါ၏။
14:8 အကျွန်ုပ်နှင့်အတူသွားသော ညီအစ်ကိုတို့သည်၊ လူများစိတ်ပျက်စရာကို ပြုသော်လည်း၊ အကျွန်ုပ်သည် အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်ပါ၏။
14:9 ထိုနေ့ရက်၌ မောရှေက၊ သင်သည် ငါ၏ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သောကြောင့်၊ အကယ်၍ သင်နင်းပြီးသောမြေသည် အစဉ်အဆက် သင်၏အမွေ၊ သင်၏သားမြေးတို့၏အမွေ ဖြစ်ရလိမ့်မည်ဟု ကျိန်ဆိုလေ၏။
14:10 ဣသရေလအမျိုးသည် တော၌လှည့်လည်စဉ်အခါ၊ ထာဝရဘုရားသည် ထိုသို့မောရှေအား မိန့်တော်မူသောနေ့မှစ၍ ယခုတိုင်အောင် အမိန့်တော်ရှိသည်အတိုင်း၊ အနှစ်လေးဆယ်ငါးနှစ်ပတ်လုံး အကျွန်ုပ်အသက်ကို ရှင်စေတော်မူသဖြင့်၊ ယနေ့မှာ အကျွန်ုပ်သည် အသက်ရှစ်ဆယ်ငါးနှစ်ရှိပါပြီ။
14:11 သို့ရာတွင် မောရှေစေလွှတ်သောနေ့၌ ခွန်အားရှိသကဲ့သို့ ယနေ့၌ရှိပါ၏။ ထိုအခါ ထွက်ဝင်ခြင်းအမှု၊ စစ်တိုက်ခြင်းအမှုကို ဆောင်ရွက်ခြင်းငှာ တတ်စွမ်းနိုင်သကဲ့သို့ ယခုလည်းတတ်စွမ်းနိုင်ပါ၏။
14:12 သို့ဖြစ်၍ ထိုနေ့၌ ထာဝရဘုရားမိန့်တော်မူသော ဤတောင်ကို အကျွန်ုပ်အားပေးပါ။ ဤတောင်ပေါ်မှာ အာနကလူရှိကြောင်းကိုလည်းကောင်း၊ ကြီးမားခိုင်ခံ့သောမြို့တို့နှင့် ပြည့်စုံကြောင်းကိုလည်းကောင်း၊ ထိုနေ့၌ ကိုယ်တော်သည်ကြားရပြီ။ သို့ရာတွင် ထာဝရဘုရားသည် အကျွန်ုပ်နှင့် အတူရှိတော်မူလျှင်၊ အမိန့်တော်ရှိသည်အတိုင်း ထိုသူတို့ကိုနှင်ထုတ်ခြင်းငှာ အကျွန်ုပ်တတ်စွမ်းနိုင်ပါသည်ဟု လျှောက်ဆို၏။
14:13 ထိုအခါ ယောရှုသည် ကောင်းချီးပေး၏။ ဟေဗြုန်ပြည်ကိုလည်း၊ ယေဖုန္နာ၏သားကာလက် အမွေခံစရာဖို့ အပ်ပေးလေ၏။
14:14 သို့ဖြစ်၍ ကေနက်အမျိုး ယေဖုန္နာ၏သားကာလက်သည်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သောကြောင့်၊ ဟေဗြုန်ပြည်သည် ယနေ့တိုင်အောင် ကာလက်၏အမွေမြေဖြစ်သတည်း။
14:15 ဟေဗြုန်မြို့သည် အထက်က ကိရယသာဘအမည်ရှိ၏။ အာဗသည် အာနကအမျိုးသားတို့တွင်လူကြီးဖြစ်၏။ ထိုအခါ တစ်ပြည်လုံးစစ်ငြိမ်းလေ၏။