Joshua 17
17:1 ယောသပ်၏သားဦးမနာရှေအမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသော မြေဟူမူကား၊ မနာရှေ၏ သားတည်းဟူသော ဂိလဒ်၏အဘ မာခိရသည် စစ်သူရဲဖြစ်၍၊ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်ကိုရ၏။
17:2 ယောသပ်၏သား မနာရှေ၏သားယောက်ျား အခြားတည်းဟူသော အဗျေဇာသား၊ ဟေလက်သား၊ အသရေလသား၊ ရှေခင်သား၊ ဟေဖာသား၊ ရှမိဒသားတို့သည် အဆွေအမျိုးအလိုက်စာရေးတံပြု၍ ရကြသေး၏။
17:3 သို့ရာတွင် မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖာတို့မှဆင်းသက်သော ဇလောဖဒ်၌ သားယောက်ျားမရှိ၊ သမီးသက်သက်သာ ရှိ၏။ သူ၏သမီးတို့အမည်ကား၊ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။
17:4 ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ မင်းများရှေ့သို့ ချဉ်းကပ်၍ အကျွန်ုပ်တို့ပေါက်ဖော်နှင့်အတူ အမွေခံရသောအခွင့်ကို အကျွန်ုပ် တို့အားပေးစေခြင်းငှာ ထာဝရဘုရားသည် မောရှေကိုမှာထားတော်မူပြီဟု လျှောက်၍၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း သူတို့အဘ၏ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို ပေး၏။
17:5 ထိုသို့ မနာရှေ၏သမီးတို့သည် သားတို့နှင့်အတူ အမွေကိုခံရ၍၊ မနာရှေ၏သားအချို့တို့သည် ဂိလဒ်ပြည်ကို ရသောကြောင့်၊ ယော်ဒန်မြစ်အရှေ့ဘက် ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်မှတစ်ပါး၊ မနာရှေအမျိုးသည် ဆယ်ဖို့ကို ရသေး၏။
17:7 မနာရှေခရိုင်အပိုင်းအခြားသည် အာရှာခရိုင်မှ ရှေခင်မြို့ရှေ့တွင်ရှိသော မိတ်မေသမြို့သို့သွား၍ လက်ယာဘက်၌ အင်တာပွါမြို့သို့ လိုက်လေ၏။
17:8 တာပွါမြို့နယ်ကို မနာရှေပိုင်သော်လည်း၊ မနာရှေခရိုင်စွန်းမှာရှိသော တာပွါမြို့ကို ဧဖရိမ်သားတို့သည် ပိုင်ကြ၏။
17:9 တစ်ဖန် အပိုင်းအခြားသည် ကာနမြစ်တောင်ဘက်သို့လိုက်၍၊ မနာရှေမြို့တို့တွင် ဧဖရိမ်မြို့အချို့ပါသော်လည်း၊ မြစ်မြောက်ဘက်မြေသည် မနာရှေမြေဖြစ်၍ ပင်လယ်၌ဆုံးလေ၏။
17:10 တောင်ဘက်၌ ဧဖရိမ်မြေ၊ မြောက်ဘက်၌ မနာရှေမြေဖြစ်လျက်၊ ပင်လယ်ကန့်ကွက်၍ မြောက်ဘက်၌ အာရှာခရိုင်၊ အရှေ့ဘက်၌ ဣသခါခရိုင်ရှိ၏။
17:11 ထိုခရိုင်၌ မနာရှေအမျိုးရသော ပြည်သုံးပြည်ဟူမူကား၊ ဗက်ရှန်မြို့နှင့် သူ့မြို့ရွာများ၊ ဣဗလံမြို့နှင့် သူ့မြို့ရွာများ၊ ဒေါရမြို့နှင့် သူ့မြို့ရွာများ၊ အင်္ဒေါရမြို့နှင့် သူ့မြို့ရွာများ၊ တာနက်မြို့နှင့် သူ့မြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် သူ့မြို့ရွာများတို့ကို ရသေး၏။
17:12 သို့ရာတွင် မနာရှေအမျိုးသားတို့သည် ထိုမြို့တို့ကိုမသိမ်းမယူနိုင်ဘဲ၊ ခါနနိလူတို့သည် ထိုအရပ်၌ အနိုင်နေကြ၏။
17:13 ဣသရေလလူတို့သည် အားတိုးပွားသောအခါ၊ ထိုခါနနိလူတို့ကို အကုန်အစင်မနှင်ထုတ်ဘဲ အခွန်ပေးစေကြ၏။
17:14 ယောသပ်အမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့သည် ထာဝရဘုရားပေးတော်မူသော ကောင်းချီးမင်္ဂလာကိုခံရသဖြင့် အမျိုးကြီးဖြစ်၍၊ ကိုယ်တော်သည် တစ်ဖို့တစ်ခရိုင်တည်းကိုသာ အဘယ်ကြောင့်ပေးပါသနည်းဟု ယောရှုအားမေးလျှောက်ကြသော်၊
17:15 ယောရှုက၊ သင်တို့သည်အမျိုးကြီးဖြစ်၍ ဧဖရိမ်တောင်ကျဉ်းမြောင်းလျှင်၊ တောအရပ်သို့သွား၍ ဖေရဇိပြည်၊ ရေဖိမ်ပြည်၌ ခုတ်လှဲကြလော့ဟု ပြန်ပြော၏။
17:16 ယောသပ်အမျိုးသားတို့ကလည်း၊ ဧဖရိမ်တောင်သည် အကျွန်ုပ်တို့အဖို့ မလောက်ပါ။ ချိုင့်အရပ် ဗက်ရှန်မြို့ရွာတို့၌လည်းကောင်း၊ ယေဇရေလချိုင့်၌လည်းကောင်းနေသော ခါနနိလူအပေါင်းတို့သည် သံရထားနှင့် ပြည့်စုံပါသည်ဟု လျှောက်ပြန်လျှင်၊
17:17 ယောရှုက၊ သင်တို့သည် အမျိုးကြီးဖြစ်၍ ခွန်အားကြီးသောကြောင့်၊ တစ်ဖို့တည်းကိုသာ မယူရ။
17:18 တောင်သည်လည်း သင်တို့အဖို့ ဖြစ်လိမ့်မည်။ သစ်ပင်များလျှင် ခုတ်လှဲရမည်။ ထွက်ရာလမ်းတို့သည်လည်း သင်တို့အဖို့ ဖြစ်လိမ့်မည်။ ခါနနိလူတို့သည် ခွန်အားကြီး၍ သံရထားနှင့် ပြည့်စုံသော်လည်း၊ သူတို့ကို နှင်ထုတ်ကြလိမ့်မည်ဟု ဧဖရိမ်အမျိုး၊ မနာရှေအမျိုးတည်းဟူသော ယောသပ်အမျိုးသားတို့အား ပြောဆို၏။