Joshua 18
18:1 ဣသရေလအမျိုး ပရိသတ်အပေါင်းတို့သည်၊ ရှိလောမြို့မှာစည်းဝေး၍ ပရိသတ်စည်းဝေးရာတဲတော်ကို တည်ထောင်ကြ၏။ သူတို့ရှေ့မှာ တစ်ပြည်လုံးနှိမ့်ချလျက်ရှိ၏။
18:2 ထိုအခါ ဣသရေလအမျိုးခုနစ်မျိုးတို့သည်၊ အမွေမြေကိုမခံရသေးသည်ဖြစ်၍၊
18:3 ယောရှုက၊ သင်တို့ဘိုးဘေးများ၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောမြေကို သင်တို့သည် မသိမ်းမယူဘဲ အဘယ်မျှကာလပတ်လုံး နေကြလိမ့်မည်နည်း။
18:4 သင်တို့တွင် အမျိုးတစ်မျိုးလျှင် လူသုံးယောက်စီရွေးကောက်၍ ငါစေလွှတ်သဖြင့်၊ သူတို့သည် တစ်ပြည်လုံးသို့ထသွား၍ အမွေခံသင့်သည်အတိုင်း ရေးသားပြီးမှ ငါ့ထံသို့ပြန်လာရကြမည်။
18:5 သူတို့သည် ပြည်ကို ခုနစ်ပိုင်းပိုင်းခြားရကြမည်။ ယုဒအမျိုးသည် တောင်ဘက်မိမိနေရာ၌ နေရမည်။ ယောသပ်အမျိုးသည် မြောက်ဘက်မိမိနေရာ၌ နေရမည်။
18:6 ပြည်ကို ခုနစ်ပိုင်းပိုင်းခြားပြီးမှ၊ ပြည်ပုံကို ငါ့ထံသို့ဆောင်ခဲ့၍၊ ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ သင်တို့အဖို့ စာရေးတံပြုမည်။
18:7 လေဝိသားတို့သည် သင်တို့နှင့်ရော၍ အဖို့ကိုမယူရ။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်အရာသည် သူတို့အမွေဖြစ်၏။ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုး တစ်ဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက် ထာဝရဘုရား၏ကျွန် မောရှေပေးသည်အတိုင်း၊ အမွေမြေကိုခံယူကြပြီဟု ဣသရေလလူတို့အား ပြောဆို၏။
18:8 ထိုလူတို့သည် ထ၍သွားသဖြင့်၊ ယောရှုကလည်း၊ တစ်ပြည်လုံးသို့ လျှောက်၍ရေးသားပြီးလျှင် ငါ့ထံသို့ပြန်လာကြလော့။ ရှိလောမြို့မှာ ထာဝရဘုရားရှေ့တော်၌ သင်တို့အဖို့ စာရေးတံပြုမည်ဟု ပြည်ပုံကို ရေးသားခြင်းငှာ သွားသောသူတို့ကို မှာထားသည်နှင့်အညီ၊
18:9 သူတို့သည် တစ်ပြည်လုံးသို့ လျှောက်သွားသဖြင့်၊ မြို့ရွာရှိသည်အတိုင်း စာ၌ခုနစ်ပိုင်းပိုင်း၍ ရေးသားပြီးမှ ယောရှုနေရာ ရှိလောတပ်သို့ ရောက်လာကြ၏။
18:10 ယောရှုသည် ရှိလောမြို့မှာ ထာဝရဘုရားရှေ့တော်၌ စာရေးတံပြု၍ ဣသရေလအမျိုးသားအသီးအသီးတို့အား မြေကိုပိုင်းခြားလေ၏။
18:11 ဗင်္ယာမိန်အမျိုးသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက်ခံရသောမြေသည် ယုဒအမျိုးသားတို့နှင့် ယောသပ်အမျိုးသားတို့စပ်ကြားမှာကျ၏။
18:12 မြေအပိုင်းအခြားသည် မြောက်မျက်နှာ၌ ယော်ဒန်မြစ်မှထွက်၍ ယေရိခေါမြို့ မြောက်ဘက်နား၌လည်းကောင်း၊ အနောက်ဘက် တောင်ပေါ်၌လည်းကောင်း လျှောက်လျက် ဗေသဝင်တောသို့ထွက်သွား၏။
18:13 တစ်ဖန် တောင်မျက်နှာသို့သွား၍ ဗေသလလုဇမြို့နား၌ လျှောက်သဖြင့်၊ အောက်ဗက်ဟောရုန်မြို့ တောင်ဘက်မှာရှိသော တောင်ခြေရင်း အတရုတ်အဒ္ဒါမြို့သို့ ရောက်ပြီးလျှင်၊
18:14 ထိုတောင်မှထွက်၍ အိုင်တောင်ကွေ့ကို ဝိုင်းသဖြင့်၊ ယုဒအမျိုးသားနေသော ကိရယတ်ယာရိမ် မြို့တည်းဟူသော ကိရယတ်ဗာလမြို့သို့ ထွက်သွား၏။ ဤရွေ့ကား အနောက်ဘက်အပိုင်းအခြားတည်း။
18:15 တောင်ဘက်အပိုင်းအခြားသည် ကိရယတ်ယာရိမ်မြို့စွန်းမှ အနောက်ဘက်နား၌ နေဖတောရေတွင်းသို့ ရောက်ပြီးလျှင်၊
18:16 ဟိန္နုံသား၏ချိုင့်ရှေ့မှာ၊ ရေဖိမ်ချိုင့်မြောက်ဘက်၌ရှိသော တောင်ခြေရင်းသို့လာ၍ ယေဗုသိမြို့တောင်ဘက် ဟိန္နုံချိုင့်သို့လည်းကောင်း၊ အင်္ရောဂေလရွာသို့လည်းကောင်း၊
18:17 မြောက်ဘက်နား၌ အင်ရှေမက်ရွာသို့လည်းကောင်း၊ အဒုမ္မိမ်ကုန်းတစ်ဖက် ဂေလိလုတ်ရွာသို့လည်းကောင်း၊ ရုဗင်သားဗောဟန်၏ ကျောက်သို့လည်းကောင်း ရောက်လေ၏။
18:18 တစ်ဖန် အရာဗမြို့ မြောက်မျက်နှာတစ်ဖက် လွင်ပြင်နားမှာလျှောက်၍ အရာဗမြို့သို့ရောက်သဖြင့်၊
18:19 ဗက်ဟောဂလမြို့ မြောက်ဘက်နားမှာလျှောက်၍ သောဒုံအိုင်မြောက်ကွေ့၊ ယော်ဒန်မြစ်ဝ၌ ဆုံးလေ၏။ ဤရွေ့ကား တောင်ဘက်အပိုင်းအခြားတည်း။
18:20 ယော်ဒန်မြစ်သည် အရှေ့ဘက်ပိုင်းခြားလျက်ရှိ၏။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရသောမြေနယ် ဖြစ်သတည်း။
18:21 ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက်ရသော မြို့များဟူမူကား၊ ယေရိခေါမြို့၊ ဗေသောဂလမြို့၊ ဧမက္ကေဇဇ်မြို့၊
18:22 ဗေသရာဗမြို့၊ ဇေမရိမ်မြို့၊ ဗေသလမြို့၊
18:23 အာဝိမ်မြို့၊ ပါရမြို့၊ ဩဖရာမြို့၊
18:24 ခေဖာဟာမောနဲမြို့၊ ဩဖနိမြို့၊ ဂါဘမြို့၊ ရွာနှင့်တကွ ဆယ်နှစ်မြို့တည်း။
18:25 ထိုမှတစ်ပါး၊ ဂိဗောင်မြို့၊ ရာမမြို့၊ ဗေရုတ်မြို့၊
18:26 မိဇပါမြို့၊ ခေဖိရမြို့၊ မောဇမြို့၊
18:27 ရေကင်မြို့၊ ဣရပေလမြို့၊ တာရလမြို့၊
18:28 ဇေလမြို့၊ ဧလပ်မြို့၊ ယေရုရှလင်မြို့တည်းဟူသော ယေဗုသိမြို့၊ ဂိဗတ်မြို့၊ ကိရယတ်မြို့၊ ရွာနှင့်တကွ ဆယ်လေးမြို့တည်း။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက်ခံရသောအမွေတည်း။