Joshua 21
21:1 လေဝိသား အဆွေအမျိုးသူကြီးတို့သည်၊ ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ ဣသရေလအမျိုးတို့တွင် အဆွေအမျိုးသူကြီးတို့ထံသို့ချဉ်းကပ်၍၊
21:2 အကျွန်ုပ်တို့နေစရာဖို့ မြို့တို့ကိုလည်းကောင်း၊ တိရစ္ဆာန်များတို့မြို့နယ်တို့ကိုလည်းကောင်း ပေးစေခြင်းငှာ ထာဝရဘုရားသည် မောရှေအားဖြင့်မှာထားတော်မူပြီဟု ခါနာန်ပြည်၊ ရှိလောမြို့၌ ပြောဆိုကြလျှင်၊
21:3 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မိမိတို့အမွေခံရသောမြေထဲက၊ မြို့နှင့် မြို့နယ်တို့ကိုပေးကြ၏။
21:4 စာရေးတံပြု၍ ကောဟတ်အဆွေအမျိုးတို့သည် အမွေခံရာတွင်၊ လေဝိသား ယဇ်ပုရောဟိတ်အာရုန်၏ သားမြေးတို့သည် စာရေးတံပြုသောအားဖြင့်၊ ယုဒခရိုင်၊ ရှိမောင်ခရိုင်၊ ဗင်္ယာမိန်ခရိုင်ထဲက ဆယ်သုံးမြို့ကို ရကြ၏။
21:5 ကြွင်းသောကောဟတ်သားတို့သည် ဧဖရိမ်ခရိုင်၊ ဒန်ခရိုင်၊ မနာရှေခရိုင်ဝက်ထဲက ဆယ်မြို့ကိုရကြ၏။
21:6 ဂေရရှုံသားတို့သည် စာရေးတံပြုသောအားဖြင့်၊ ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်၌ မနာရှေခရိုင်ဝက်ထဲက၊ ဆယ်သုံးမြို့ကိုရကြ၏။
21:7 မေရာရိသားတို့သည် အဆွေအမျိုးအလိုက် ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက၊ ဆယ်နှစ်မြို့ကိုရကြ၏။
21:8 ထာဝရဘုရားသည် မောရှေအားဖြင့်မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် စာရေးတံပြု၍ ထိုမြို့တို့ကိုမြို့နယ်နှင့်တကွ လေဝိသားတို့အားပေးကြ၏။
21:9 ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်ထဲကပေး၍ လေဝိသားဖြစ်သော ကောဟတ်အဆွေအမျိုး၊
21:10 အာရုန်၏သားမြေးတို့သည် ပထမစာရေးတံအားဖြင့်ရသော မြို့တို့၏အမည်များဟူမူကား၊
21:11 ယုဒခရိုင်တောင်ကြား၌ ဟေဗြုန်မြို့တည်းဟူသော အာနကအဘ၊ အာဘနေသောမြို့ကို မြို့နယ်နှင့်တကွ ပေးကြ၏။
21:12 သို့ရာတွင် မြို့နှင့်ဆိုင်သော လယ်များ၊ ရွာများတို့ကို ယေဖုန္နာ၏သား ကာလက်အား အပိုင်ပေးကြ၏။
21:13 လူအသက်ကိုသတ်မိသောသူ မှီခိုရာမြို့ဖြစ်စေခြင်းငှာ၊ ဟေဗြုန်မြို့ကို မြို့နယ်နှင့်တကွ ယဇ်ပုရောဟိတ်အာရုန်၏ သားမြေးတို့အားပေးကြ၏။
21:14 ထိုမှတစ်ပါး၊ လိဗနမြို့နှင့် မြို့နယ်၊ ယတ္တိရမြို့နှင့် မြို့နယ်၊ ဧရှတေမောမြို့နှင့် မြို့နယ်၊
21:15 ဟောလုန်မြို့နှင့် မြို့နယ်၊ ဒေဗိရမြို့နှင့် မြို့နယ်၊
21:16 အဣနမြို့နှင့် မြို့နယ်၊ ယုတ္တမြို့နှင့် မြို့နယ်၊ ဗက်ရှေမက်မြို့နှင့် မြို့နယ်တည်းဟူသော ထိုခရိုင်နှစ်ခရိုင်ထဲက ကိုးမြို့တို့ကိုလည်းကောင်း၊
21:17 ဗင်္ယာမိန်ခရိုင်ထဲက ဂိဗောင်မြို့နှင့် မြို့နယ်၊ ဂေဗမြို့နှင့် မြို့နယ်၊
21:18 အာနသုတ်မြို့နှင့် မြို့နယ်၊ အာလမုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကိုလည်းကောင်း ပေးကြ၏။
21:19 အာရုန်၏သားမြေး ယဇ်ပုရောဟိတ်တို့ရသောမြို့ပေါင်းကား၊ မြို့နယ်ပါသောမြို့ ဆယ်သုံးမြို့ရှိသတည်း။
21:20 ကြွင်းသောကောဟတ်သား အဆွေအမျိုးဖြစ်သော လေဝိသားတို့သည် စာရေးတံပြု၍ ဧဖရိမ်ခရိုင်ထဲက ရသည်အတိုင်း၊
21:21 လူအသက်ကိုသတ်မိသောသူ မှီခိုရာမြို့ဖြစ်စေခြင်းငှာ၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို မြို့နယ်နှင့်တကွ ပေးကြ၏။
21:22 ထိုမှတစ်ပါး ဂေဇာမြို့နှင့် မြို့နယ်၊ ကိဗဇိမ်မြို့နှင့် မြို့နယ်၊ ဗေသောရုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကိုလည်းကောင်း၊
21:23 ဒန်ခရိုင်ထဲက ဧလတေကမြို့နှင့် မြို့နယ်၊ ဂိဗ္ဗိသုန်မြို့နှင့် မြို့နယ်၊
21:24 အာဇလုန်မြို့နှင့် မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကိုလည်းကောင်း၊
21:25 မနာရှေခရိုင်ဝက်ထဲက တာနက်မြို့နှင့် မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကိုလည်းကောင်း ပေးကြ၏။
21:26 ကြွင်းသော ကောဟတ်သားအဆွေအမျိုးတို့သည် ရသောမြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်မြို့တည်း။
21:27 လေဝိအဆွေအမျိုး၊ ဂေရရှုံသားတို့အားလည်း၊ မနာရှေခရိုင်ဝက်ထဲက လူအသက်ကိုသတ်မိသောသူ မှီခိုရာမြို့၊ ဗာရှန်ပြည်၌ ဂေါလန်မြို့နှင့် မြို့နယ်၊ ဗေရှတေရမြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကိုလည်းကောင်း၊
21:28 ဣသခါခရိုင်ထဲက ကိရှုန်မြို့နှင့် မြို့နယ်၊ ဒါဗရေမြို့နှင့် မြို့နယ်၊
21:29 ယာမုတ်မြို့နှင့် မြို့နယ်၊ အင်္ဂန္နမ်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကိုလည်းကောင်း၊
21:30 အာရှာခရိုင်ထဲက မိရှလမြို့နှင့်မြို့နယ်၊ အာဗဒုန်မြို့နှင့် မြို့နယ်၊
21:31 ဟေလကတ်မြို့နှင့် မြို့နယ်၊ ရဟောဘမြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကိုလည်းကောင်း၊
21:32 နဿလိခရိုင်ထဲက၊ လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့၊ ဂါလိလဲပြည်၌ ကေဒေရှမြို့နှင့် မြို့နယ်၊ ဟမ္မုဒ္ဒေါမြို့နှင့် မြို့နယ်၊ ကာတံမြို့နှင့် မြို့နယ်တည်းဟူသော သုံးမြို့တို့ကိုလည်းကောင်း ပေးကြ၏။
21:33 ဂေရရှုံသားတို့သည်၊ အဆွေအမျိုးအလိုက်ရသော မြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်သုံးမြို့တည်း။
21:34 ကြွင်းသောလေဝိသား၊ မေရာရိအဆွေအမျိုးတို့အား ဇာဗုလုန်ခရိုင်ထဲက ယောကနံမြို့နှင့် မြို့နယ်၊ ကာတမြို့နှင့် မြို့နယ်၊
21:35 ဒိမနမြို့နှင့် မြို့နယ်၊ နဟာလာလမြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကိုလည်းကောင်း၊
21:36 ရုဗင်ခရိုင်ထဲက လူအသက်ကိုသတ်မိသောသူ မှီခိုရာမြို့၊ တော၌ ဗေဇာမြို့နှင့် မြို့နယ်၊ ယဟာဇမြို့နှင့် မြို့နယ်၊
21:37 ကေဒမုတ်မြို့နှင့် မြို့နယ်၊ မေဖတ်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကိုလည်းကောင်း၊
21:38 ဂဒ်ခရိုင်ထဲက၊ လူအသက်ကိုသတ်မိသောသူ မှီခိုရာမြို့၊ ဂိလဒ်ပြည်၌ ရာမုတ်မြို့နှင့် မြို့နယ်၊ မဟာနိမ်မြို့နှင့် မြို့နယ်၊
21:39 ဟေရှဘုန်မြို့နှင့် မြို့နယ်၊ ယာဇာမြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကိုလည်းကောင်းပေးကြ၏။
21:40 ကြွင်းသောလေဝိအဆွေအမျိုး မေရာရိသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက်ရသော မြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်နှစ်မြို့တည်း။
21:41 ဣသရေလအမျိုးသား နေရာနိုင်ငံအဝင်၊ လေဝိသားနေသော မြို့ပေါင်းကား၊ မြို့နယ်နှင့်တကွ လေးဆယ်ရှစ်မြို့တည်း။
21:42 ထိုမြို့ရှိသမျှတို့သည် ပတ်ဝန်းကျင်နယ်နှင့် ပြည့်စုံလျက်ရှိသတည်း။
21:43 ထာဝရဘုရားကလည်း၊ ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်ရှိသမျှကို ဣသရေလအမျိုးသားတို့အား ပေးတော်မူသဖြင့်၊ သူတို့သည် သိမ်းယူ၍ နေရာကျကြ၏။
21:44 ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသမျှအတိုင်း၊ ပတ်ဝန်းကျင်အရပ်တို့၌ ငြိမ်ဝပ်ရာအခွင့်ကိုပေးတော်မူသဖြင့်၊ သူတို့ရှေ့မှာ အဘယ်ရန်သူမျှမရပ်နိုင်။ ရန်သူအပေါင်းတို့ကို သူတို့လက်သို့အပ်တော်မူ၏။
21:45 ထာဝရဘုရားသည် ဣသရေလအမျိုးအဖို့ မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မလျော့၊ ရှိသမျှတို့သည် ပြည့်စုံကြ၏။