Joshua 22
22:1 တစ်ဖန် ယောရှုသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့ကိုခေါ်၍၊
22:2 ထာဝရဘုရား၏ကျွန်မောရှေမှာထားသမျှအတိုင်း၊ သင်တို့သည် ပြု၍၊ ငါမှာထားသမျှသော စကားကိုလည်း နားထောင်ကြပြီ။
22:3 ယနေ့တိုင်အောင် ကြာမြင့်စွာသောကာလပတ်လုံး သင်တို့သည် ညီအစ်ကိုများကို မစွန့်ဘဲနေ၍၊ သင်တို့ ဘုရားသခင် ထာဝရဘုရားစီရင်မှာထားတော်မူသမျှကို စောင့်ရှောက်ကြပြီ။
22:4 ယခုမှာ သင်တို့၏ဘုရားသခင် ထာဝရဘုရားကတိတော်ရှိသည်အတိုင်း၊ ညီအစ်ကိုတို့အား ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူသောကြောင့်၊ သင်တို့ပြန်၍ ကိုယ်နေရာအိမ်သို့လည်းကောင်း၊ ယော်ဒန်မြစ်တစ်ဖက်၌ ထာဝရဘုရား၏ကျွန် မောရှေပေးသည်အတိုင်း၊ ကိုယ်ပိုင်သောမြေသို့လည်းကောင်း သွားကြလော့။
22:5 သို့ရာတွင် ထာဝရဘုရား၏ကျွန် မောရှေမှာထားသော ပညတ်တရားအတိုင်း ကျင့်၍၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်ခြင်း၊ လမ်းတော်အလုံးစုံတို့၌ လိုက်သွားခြင်း၊ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်း၊ ကိုယ်တော်၌ ဆည်းကပ်ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်းငှာကြိုးစား၍ သတိပြုကြလော့ဟုမှာထားလျက်၊
22:6 ကောင်းချီးပေး၍ လွှတ်လိုက်လေ၏။ သူတို့သည် ကိုယ်နေရာအိမ်သို့ သွားကြ၏။
22:7 မနာရှေအမျိုးတစ်ဝက်အား မောရှေသည် ဗာရှန်ပြည်၌ မြေကိုပေးနှင့်ပြီ။ အမျိုးတစ်ဝက်အား ယောရှုသည် ယော်ဒန်မြစ်အနောက်ဘက်၌ သူတို့ညီအစ်ကိုများနှင့် အတူ မြေကိုပေး၏။
22:8 ယောရှုကလည်း၊ သင်တို့သည် အလွန်ဥစ္စာရတတ်၍ များစွာသော တိရစ္ဆာန်၊ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ အဝတ်တန်ဆာများတို့ကိုယူဆောင်လျက် သင်တို့နေရာအိမ်သို့ ပြန်သွားကြလော့။ ရန်သူတို့၌ လုယူ၍ရသောဥစ္စာကို သင်တို့ညီအစ်ကိုများ၌ ဝေဖန်ကြလော့ဟုမှာထားလျက်၊ ကောင်းချီးပေး၍ သူတို့နေရာအိမ်သို့ လွှတ်လိုက်လေ၏။
22:9 ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့သည် ပိုင်ထိုက်သောမြေ၊ ဂိလဒ်ပြည်သို့သွားခြင်းငှာ၊ ဣသရေလအမျိုးသားရှိရာ ခါနာန်ပြည်၊ ရှိလောမြို့မှ ထွက်သွားကြ၏။
22:10 ခါနာန်ပြည်၊ ယော်ဒန်မြစ်နားသို့ ရောက်သောအခါ၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့သည် ယော်ဒန်မြစ်နားမှာ ထင်ရှားစွာသော ယဇ်ပလ္လင်ကြီးကို တည်ကြ၏။
22:11 ထိုသို့ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့သည် ခါနာန်ပြည်တစ်ဖက်၊ ယော်ဒန်မြစ်နား၊ ဣသရေလအမျိုးသားကူးရာအရပ်၌ ယဇ်ပလ္လင်ကို တည်ကြပြီဟု ဣသရေလအမျိုးသားတို့သည် သတင်းကြားကြ၏။
22:12 ထိုသတင်းကိုကြားသောအခါ၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် စစ်ချီခြင်းငှာ၊ ရှိလောမြို့၌စည်းဝေးကြ၏။
22:13 ဣသရေလအမျိုးသားတို့သည်၊ ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်နှင့်တကွ၊ ဣသရေလအမျိုး အသီးအသီးတို့အထဲက ရွေးကောက်၍၊ လူတစ်ထောင်ကိုအုပ်သော အဆွေအမျိုး သူကြီးဆယ်ပါးတို့ကို ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်ရှိရာ ဂိလဒ်ပြည်သို့ စေလွှတ်ကြ၏။
22:15 ထိုမင်းတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်ရှိရာ ဂိလဒ်ပြည်သို့ရောက်၍၊
22:16 ထာဝရဘုရား၏ပရိသတ်အပေါင်းတို့ မှာလိုက်သည်ကား၊ သင်တို့သည် ထာဝရဘုရားကို ယနေ့ပုန်ကန်၍ ယဇ်ပလ္လင်ကို တည်သဖြင့်၊ ထာဝရဘုရားနောက်တော်သို့ မလိုက်၊ ယနေ့လွှဲသွားခြင်းငှာ ဣသရေလအမျိုး၏ဘုရားသခင်ကို ပြစ်မှားသောအပြစ်ကား အဘယ်သို့နည်း။
22:17 သင်တို့သည် ထာဝရဘုရားနောက်တော်သို့မလိုက် လွှဲသွားရမည်အကြောင်း၊ ပေဂုရအပြစ်သည် ငါတို့အဖို့မလောက်သလော။ ထာဝရဘုရား၏ပရိသတ်တော်၌ ဘေးကြီးရောက်သော်လည်း၊ ယနေ့တိုင်အောင် ထိုအပြစ်မရှင်းလင်းသေး။
22:18 သင်တို့သည် ထာဝရဘုရားကို ယနေ့ပုန်ကန်၍ နက်ဖြန်နေ့ ဣသရေလအမျိုးပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်။
22:19 သို့သော်လည်း သင်တို့အပိုင်ရသောမြေသည် မစင်ကြယ်လျှင်၊ ထာဝရဘုရား အပိုင်ယူတော်မူ၍၊ တဲတော်ရှိရာမြေသို့ ကူးသဖြင့် ငါတို့နှင့်အတူ အပိုင်ယူကြလော့။ ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်တော်မှတစ်ပါး၊ အခြားသောယဇ်ပလ္လင်ကို ကိုယ်အဖို့တည်၍ ထာဝရဘုရားကို မပုန်ကန်ကြနှင့်။ ငါတို့ကိုလည်း မပုန်ကန်ကြနှင့်။
22:20 ဇေရသားအာခန်သည် ကျိန်အပ်သောအရာ၌ ပြစ်မှား၍ အမျက်တော်သည် ဣသရေလအမျိုး ပရိသတ်အပေါင်းတို့အပေါ်မှာ ရောက်သည်မဟုတ်လော။ ထိုသူသည် ပြစ်မှားသောအပြစ်ကြောင့် တစ်ယောက်တည်းသာ သေရသည်မဟုတ်ဟု ဆိုကြ၏။
22:21 ထိုအခါ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့သည် ဣသရေလအမျိုးတွင် လူတစ်ထောင်စီအုပ်သော အကဲအမှူးတို့အား ပြန်ပြောလေသည်မှာ၊
22:22 မြတ်စွာဘုရားသခင် ထာဝရဘုရား၊ မြတ်စွာဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် သိတော်မူ၏။ ဣသရေလအမျိုးလည်း ကိုယ်တိုင်သိရလိမ့်မည်။ ပုန်ကန်မည်အကြံ၊ ထာဝရဘုရားကို ပြစ်မှားမည်အကြံရှိ၍၊ ထာဝရဘုရားနောက်တော်သို့ မလိုက်ဘဲ လွှဲသွားခြင်းငှာ ငါတို့သည် ယဇ်ပလ္လင်ကို တည်သည်မှန်လျှင်၊ ယနေ့ ဘေးမလွတ်ပါစေနှင့်။
22:23 ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ မိတ်သဟာယပူဇော်သကာကို ပူဇော်မည်အကြံရှိလျှင်လည်း ထာဝရဘုရားသည် ကိုယ်တော်တိုင် စစ်ကြောတော်မူပါစေ။
22:24 နောင်ကာလ၌ သင်တို့သားမြေးတို့က၊ အို ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့၊ သင်တို့သည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သို့ ဆိုင်ကြသနည်း။
22:25 ထာဝရဘုရားသည် ငါတို့နှင့် သင်တို့စပ်ကြား၌ပိုင်းခြားလျက် ယော်ဒန်မြစ်ကို ထားတော်မူပြီ။ သင်တို့သည် ထာဝရဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သားမြေးတို့အား ပြောဆိုသဖြင့်၊ ငါတို့သားမြေးတို့သည် ထာဝရဘုရားကို မကြောက်ရွံ့ဘဲနေစေမည်အကြောင်း၊ သင်တို့သားမြေးတို့သည် ပြုကြမည်ဟုစိုးရိမ်၍ ဤအမှုကို ပြုပြီမဟုတ်လော။
22:26 သို့ဖြစ်၍ ငါတို့သည် ယဇ်ပလ္လင်ကိုတည်ခြင်းငှာ ပြင်ကြကုန်အံ့ဟု ဆိုကြသောအခါ၊ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကို ပူဇော်မည်အကြံ ရှိသည်မဟုတ်။
22:27 ငါတို့သည် မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုး၊ မိတ်သဟာယပူဇော်သကာအမျိုးမျိုးကို ပြုသဖြင့်၊ ထာဝရဘုရားအမှုကို ရှေ့တော်၌ ဆောင်ရွက်ခြင်းငှာလည်းကောင်း၊ နောင်ကာလ၌ သင်တို့သားမြေးတို့က၊ သင်တို့သည် ထာဝရဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သားမြေးတို့အား မပြောစေခြင်းငှာလည်းကောင်း၊ ဤယဇ်ပလ္လင်သည် ငါတို့နှင့် သင်တို့စပ်ကြား၊ ငါတို့သားမြေးနှင့် သင်တို့သားမြေးစပ်ကြားမှာ သက်သေဖြစ်စေခြင်းငှာ တည်ကြပါပြီ။
22:28 နောင်ကာလ၌ သူတို့သည် ငါတို့နှင့် ငါတို့သားမြေးတို့အား ထိုသို့ပြောဆိုလျှင်၊ ငါတို့က ငါတို့အဘတို့သည် မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကို ပူဇော်ခြင်းငှာမဟုတ်၊ ငါတို့နှင့် သင်တို့စပ်ကြားမှာ သက်သေဖြစ်စေခြင်းငှာ တည်သော ထာဝရဘုရား၏ယဇ်ပလ္လင်ပုံကို ကြည့်ကြလော့ဟု ပြန်ပြောစရာအကြောင်း ရှိစေခြင်းငှာ ငါတို့သည်တိုင်ပင်ကြပြီ။
22:29 တဲတော်ရှေ့၌ရှိသော ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်တော်မှတစ်ပါး အခြားသောယဇ်ပလ္လင်ကို တည်၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုး၊ ဘောဇဉ်ပူဇော်သကာမျိုးကို ပြုသဖြင့်၊ ထာဝရဘုရားကို ပုန်ကန်၍ နောက်တော်သို့မလိုက်၊ လွှဲသွားခြင်းအမှုသည် ငါတို့နှင့် ဝေးပါစေသောဟု ပြန်ပြောကြ၏။
22:30 ယဇ်ပုရောဟိတ်ဖိနဟတ်နှင့် ပရိသတ်မင်းများ၊ ဣသရေလအမျိုး၌ လူတစ်ထောင်စီအုပ်သော အကဲအမှူးများတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးသားတို့ ပြောသောစကားကိုကြားရသောအခါ အားရကြ၏။
22:31 ယဇ်ပုရောဟိတ် ဧလာဇာသားဖိနဟတ်ကလည်း၊ သင်တို့သည် ထာဝရဘုရားကို မပြစ်မှားသောကြောင့်၊ ထာဝရဘုရားသည် ငါတို့တွင် ရှိတော်မူကြောင်းကို ယနေ့ ငါတို့သိမြင်ကြ၏။ သင်တို့သည် ဣသရေလအမျိုးသားတို့ကို ထာဝရဘုရားလက်တော်မှ ယခုကယ်လွှတ်ကြပြီဟု ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးသားတို့အား ပြောဆိုကြ၏။
22:32 ထိုအခါ ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်နှင့် မင်းများတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုးသားတို့နေရာ ဂိလဒ်ပြည်မှ ဣသရေလအမျိုးသားနေရာ ခါနာန်ပြည်သို့ ပြန်လာ၍ သတင်းကြားပြောသဖြင့်၊
22:33 ဣသရေလအမျိုးသားတို့သည် ဝမ်းမြောက်ခြင်းရှိ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြ၏။ နောက်တစ်ဖန် ရုဗင်အမျိုး၊ ဂဒ်အမျိုးသားတို့နေသောပြည်ကို လုပ်ကြံအံ့သောငှာ စစ်ချီမည်ဟု အကြံမရှိကြ။
22:34 ရုဗင်အမျိုး၊ ဂဒ်အမျိုးသားတို့ကလည်း၊ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို ဤယဇ်ပလ္လင်သည် ငါတို့စပ်ကြားမှာသက်သေခံပါစေသောဟုဆိုလျက် ထိုပလ္လင်ကို ဧဒအမည်ဖြင့် မှည့်ကြ၏။