Joshua 24
24:1 တစ်ဖန် ယောရှုသည် ဣသရေလအမျိုးအပေါင်းတို့ကို ရှေခင်မြို့၌ စည်းဝေးစေ၍၊ ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသော သူတို့ကိုခေါ်သဖြင့်၊ သူတို့သည် ဘုရားသခင်ရှေ့တော်သို့ ချဉ်းကပ်ကြ၏။
24:2 ထိုအခါ ယောရှုသည် လူအပေါင်းတို့အား ဟောပြောလေသည်မှာ၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အာဗြဟံနှင့် နာခေါ်တို့၏ အဘတေရမှစ၍ သင်တို့ဘိုးဘေးတို့သည် ရှေးကာလ၌ မြစ်ကြီးတစ်ဖက်မှာနေ၍ အခြားတစ်ပါးသော ဘုရားတို့ကိုဝတ်ပြုကြ၏။
24:3 သင်တို့အဘအာဗြဟံကို မြစ်ကြီးတစ်ဖက်မှ ငါခေါ်ပြီးလျှင်၊ ခါနာန်ပြည်အရပ်ရပ်သို့ ပို့ဆောင်၍ သူ၏အမျိုးအနွယ်ကို များပြားစေလျက်၊ ဣဇာက်ကိုပေး၏။
24:4 ဣဇာက်အားလည်း၊ ယာကုပ်နှင့် ဧသောကို ငါပေး၍၊ ဧသောအားလည်း စိရတောင်ကို အပိုင်ပေး၏။ ယာကုပ်နှင့် သူ၏သားတို့သည် အဲဂုတ္တုပြည်သို့ သွားကြ၏။
24:5 မောရှေနှင့်အာရုန်ကို ငါစေလွှတ်၍ အဲဂုတ္တုလူတို့၌ ပြုသည်အတိုင်း၊ အဲဂုတ္တုပြည်ကို ဆုံးမသောနောက်၊ သင်တို့ကို နုတ်ဆောင်လေ၏။
24:6 ထိုသို့ သင်တို့အဘများကို အဲဂုတ္တုပြည်မှ ငါနုတ်ဆောင်သဖြင့်၊ သူတို့သည် ဧဒုံပင်လယ်သို့ရောက်၍၊ အဲဂုတ္တုလူတို့သည် ရထားနှင့် မြင်းစီးသူရဲပါလျက် ထိုပင်လယ်တိုင်အောင် လိုက်ကြ၏။
24:7 ထာဝရဘုရားကို အော်ဟစ်သောအခါ၊ သင်တို့နှင့် အဲဂုတ္တုလူတို့စပ်ကြားမှာ မှောင်မိုက်ကိုငါထား၍ သူတို့ကို ပင်လယ်ရေလွှမ်းမိုးစေ၏။ အဲဂုတ္တုပြည်၌ ငါပြုသောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။ တော၌လည်း ကာလကြာမြင့်စွာ နေရကြ၏။
24:8 နောက်တစ်ဖန် ယော်ဒန်မြစ် အရှေ့ဘက်၌နေသော အာမောရိလူတို့ပြည်သို့ သင်တို့ကို ငါပို့ဆောင်၍၊ သူတို့သည်စစ်တိုက်သောအခါ သူတို့ကို သင်တို့လက်၌ငါအပ်၍ သူတို့မြေကို သင်တို့သည် သိမ်းယူကြ၏။ သူတို့ကို သင်တို့ရှေ့မှ ငါသုတ်သင်ပယ်ရှင်းလေ၏။
24:9 မောဘရှင်ဘုရင် ဇိဖော်၏သားဗာလက်သည် ထ၍ ဣသရေလအမျိုးကို စစ်တိုက်သဖြင့်၊ သင်တို့ကို ကျိန်ဆဲစေခြင်းငှာ၊ ဗောရ၏သားဗာလမ်ကိုခေါ်သောအခါ၊
24:10 ဗာလမ်၏စကားကို ငါနားမထောင်သောကြောင့်၊ သူသည် အထပ်ထပ်ကောင်းချီးပေး၍ သူ့လက်မှ သင်တို့ကို ငါကယ်လွှတ်လေ၏။
24:11 တစ်ဖန် သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ယေရိခေါမြို့သို့ ရောက်ကြသောအခါ၊ ယေရိခေါလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့သည် သင်တို့ကိုစစ်တိုက်၍ သူတို့ကို သင်တို့လက်၌ ငါအပ်လေ၏။
24:12 သင်တို့၌ ဓားနှင့်လေးမပါဘဲ၊ သင်တို့ရှေ့မှာ ပျားတူကို ငါစေလွှတ်၍၊ အာမောရိမင်းကြီးနှစ်ပါးကို သင်တို့ရှေ့မှ ငါနှင်ထုတ်လေ၏။
24:13 သင်တို့မလုပ်သောမြေ၊ မတည်သောမြို့တို့ကို ငါပေး၍ သင်တို့သည် နေရကြ၏။ ကိုယ်တိုင်မစိုက်သော စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်တို့ကို စားရကြသည်ဟု ထာဝရဘုရား အမိန့်တော်ရှိ၏။
24:14 ယခုမှာ ထာဝရဘုရားကို ကြောက်ရွံ့၍ ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့။ မြစ်ကြီးတစ်ဖက်၌လည်းကောင်း၊ အဲဂုတ္တုပြည်၌လည်းကောင်း၊ ဘိုးဘေးတို့ဝတ်ပြုသော ဘုရားများကိုပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြလော့။
24:15 သို့မဟုတ် ထာဝရဘုရားအား ဝတ်မပြုကောင်းဟု သင်တို့ထင်လျှင်၊ မြစ်ကြီးတစ်ဖက်၌ ဘိုးဘေးတို့ဝတ်ပြုသောဘုရား၊ သင်တို့နေရာ အာမောရိပြည်သားတို့၏ဘုရားများတွင်၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြုမည်အရာကို ယနေ့ရွေးကြလော့။ ငါနှင့် ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟု ဆိုလေသော်၊
24:16 လူများတို့က အခြားတစ်ပါးသောဘုရားတို့ကို ဝတ်ပြုခြင်းငှာ ထာဝရဘုရားကို စွန့်သောအမှုသည် အကျွန်ုပ်တို့နှင့် ဝေးပါစေသော။
24:17 ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ အဘတို့နှင့် ငါတို့ကိုနုတ်ဆောင်၍၊ ကြီးစွာသောနိမိတ်လက္ခဏာတို့ကို ငါတို့မျက်မှောက်၌ ပြတော်မူပြီ။ ငါတို့သွားလေရာရာအရပ်၊ လျှောက်လေရာရာလူမျိုးတို့တွင် စောင့်တော်မူပြီ။
24:18 ထာဝရဘုရားသည်လည်း၊ ဤပြည်၌ နေသောသူ အာမောရိလူအပေါင်းတို့ကို ငါတို့ရှေ့မှ နှင်ထုတ်တော်မူပြီ။ ထာဝရဘုရားအား ဝတ်ပြုပါမည်။ ထိုဘုရားသည် ငါတို့ဘုရားသခင် ဖြစ်တော်မူသည်ဟု ပြန်ပြောကြ၏။
24:19 ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရားအား ဝတ်မပြုနိုင်။ ထိုဘုရားသည် သန့်ရှင်းသောဘုရား၊ အပြစ်ရှိသည်ဟု ထင်လွယ်သောဘုရား ဖြစ်တော်မူ၏။ သင်တို့ လွန်ကျူးပြစ်မှားသော အပြစ်တို့ကို သည်းခံတော်မမူ။
24:20 သင်တို့သည် ထာဝရဘုရားကိုစွန့်၍ တစ်ကျွန်းတစ်နိုင်ငံဘုရားတို့ကို ဝတ်ပြုလျှင်၊ သင်တို့၌ ကျေးဇူးပြုတော်မူပြီးမှ တစ်ဖန်လှည့်၍ ညှဉ်းဆဲဖျက်ဆီးတော်မူမည်ဟု ဆိုလျှင်၊
24:21 လူများတို့က၊ မဟုတ်ပါ။ ထာဝရဘုရားကိုသာဝတ်ပြုပါမည်ဟု ပြန်လျှောက်ကြ၏။
24:22 ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရားကိုဝတ်ပြုခြင်းငှာ ထိုဘုရားကို ရွေးကြပြီဟု ကိုယ်အမှု၌ ကိုယ်သက်သေခံကြသည်ဟုဆိုလျှင် သူတို့က၊ သက်သေခံကြပါ၏ဟု လျှောက်ကြသော်၊
24:23 ယောရှုက၊ သို့ဖြစ်လျှင်၊ သင်တို့တွင်ရှိသော တစ်ကျွန်းတစ်နိုင်ငံဘုရားတို့ကိုပယ်၍ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားဘက်သို့ စိတ်နှလုံးကိုညွှတ်ကြလော့ဟု ဆိုလေ၏။
24:24 လူများတို့ကလည်း၊ ငါတို့ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုပါမည်။ စကားတော်ကို နားထောင်ပါမည်ဟု ဝန်ခံပြီးမှ၊
24:25 ယောရှုသည် ထိုနေ့၌ လူများတို့နှင့် ပဋိညာဉ်ပြု၍ ရှေခင်မြို့မှာ စီရင်ထုံးဖွဲ့ချက်ကို ထားလေ၏။
24:26 ထိုစကားကိုလည်း ဘုရားသခင်၏ဓမ္မကျမ်းစာ၌ရေးထား၍၊ ထာဝရဘုရား၏ သန့်ရှင်းရာဌာနတော်နားမှာရှိသော သပိတ်ပင်အောက်၌ ကျောက်ကြီးကို ထောင်လျက်၊
24:27 ဤကျောက်သည် ငါတို့အားသက်သေဖြစ်ရလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသော စကားအလုံးစုံကို ကြားရပြီ။ သို့ဖြစ်၍ သင်တို့သည် ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သင်တို့အား သက်သေဖြစ်ရလိမ့်မည်ဟု လူအပေါင်းတို့အားပြောဆိုပြီးမှ၊
24:28 အသီးအသီး မိမိတို့အမွေခံရာအရပ်သို့ ပြန်သွားရသောအခွင့်ကို ပေးလေ၏။
24:29 ထိုနောက်မှ ထာဝရဘုရား၏ကျွန်၊ နုန်၏သားယောရှုသည် အသက်တစ်ရာတစ်ဆယ်ရှိသော် အနိစ္စရောက်လေ၏။
24:30 ဧဖရိမ်တောင်ပေါ်၊ ဂါရှကုန်းမြောက်မှာရှိသော သူ၏အမွေခံရာ တိမနဿရေမြို့နယ်မြေ၌ သင်္ဂြိုဟ်ကြ၏။
24:31 ယောရှုလက်ထက်ကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးအဖို့ ပြုတော်မူသမျှတို့ကိုသိ၍ ယောရှုမရှိသည်နောက် အသက်ရှင်သေးသော အသက်ကြီးသူတို့လက်ထက်၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။
24:32 ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှဆောင်ခဲ့သော ယောသပ်၏အရိုးတို့ကို၊ ရှေခင်၏အဘ ဟာမော်၏သားတို့တွင် ငွေတစ်ပိဿာနှင့် ယာကုပ်ဝယ်သောရှေခင်မြို့နယ် မြေအကွက်၌ သင်္ဂြိုဟ်ကြ၏။ ထိုမြေအကွက်သည် ယောသပ်သားတို့ အမွေမြေဖြစ်သတည်း။
24:33 အာရုန်သား ယဇ်ပုရောဟိတ်ဧလာဇာသည်လည်း အနိစ္စရောက်လေ၏။ သူ၏သားဖိနဟတ်အား လူများပေးခဲ့သော ဧဖရိမ်တောင်ပေါ်၊ ဖိနဟတ်ကုန်း၌ သင်္ဂြိုဟ်ကြ၏။ ယောရှုမှတ်စာပြီး၏။