Joshua 23
23:1 ထာဝရဘုရားသည် ပတ်ဝန်းကျင်နေသော ရန်သူအပေါင်းတို့လက်မှ ဣသရေလအမျိုးကို ကယ်လွှတ်၍၊ ငြိမ်သက်ခြင်းအခွင့်ကို ကြာမြင့်စွာသော ကာလပတ်လုံးပေးတော်မူပြီးမှ၊ ယောရှုသည် အသက်ကြီး၍ အိုမင်းသောအခါ၊
23:2 ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသောသူများနှင့်တကွ အမျိုးသားအပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါသည် အသက်ကြီးရင့်၍ အိုမင်းပြီ။
23:3 သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့အတွက် ဤလူမျိုးအပေါင်းတို့၌ ပြုတော်မူသမျှကို သင်တို့သည် သိမြင်ကြပြီ။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ဘက်၌ စစ်တိုက်တော်မူပြီ။
23:4 ယော်ဒန်မြစ်မှစ၍ အနောက်ပင်လယ်ကြီးတိုင်အောင်၊ ငါပယ်ရှင်းသမျှသော လူမျိုးတို့နှင့်တကွ ကြွင်းသေးသော ဤလူမျိုးနေသောပြည်ကို သင်တို့အမျိုးများ အမွေခံစရာဖို့ စာရေးတံချ၍ ငါဝေဖန်ပြီ။
23:5 သင်တို့၏ဘုရားသခင် ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း၊ ဤလူမျိုးတို့ကို နှင်ထုတ်၍ သင်တို့မမြင်ရအောင် သုတ်သင်ပယ်ရှင်းတော်မူသဖြင့်၊ သူတို့၏မြေကို သင်တို့သည် အပိုင်ရကြလိမ့်မည်။
23:6 သို့ဖြစ်၍ သင်တို့သည် မောရှေ၏ပညတ္တိကျမ်းစာလမ်းမှ လက်ယာဘက် ဘက်ဝဲဘက်သို့မလွှဲဘဲ၊ ပါသမျှအတိုင်း ကျင့်စောင့်ခြင်းငှာလည်းကောင်း၊
23:7 သင်တို့တွင် ကြွင်းသေးသော ဤလူမျိုးနှင့် မပေါင်းဖော်၊ သူတို့ဘုရား၏နာမကို မြွက်၍ မကျိန်ဆို၊ ဝတ်မပြုဦးမညွှတ်ဘဲ၊
23:8 ယနေ့တိုင်အောင်ကျင့်သကဲ့သို့၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား၌ ဆည်းကပ်မှီဝဲခြင်းငှာလည်းကောင်း၊ အလွန်ရဲရင့်သောစိတ်ရှိကြလော့။
23:9 အကြောင်းမူကား၊ ကြီးမား၍ခွန်အားနှင့်ပြည့်စုံသော လူမျိုးတို့ကို ထာဝရဘုရားသည် သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့်၊ ယနေ့တိုင်အောင် သင်တို့ရှေ့၌ အဘယ်သူမျှမရပ်နိုင်။
23:10 သင်တို့တစ်ယောက်သော်လည်း အခြားသောသူတစ်ထောင်ကို ပြေးစေလိမ့်မည်။ အကြောင်းမူကား၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ကတိတော်ရှိသည်အတိုင်း သင်တို့ဘက်၌ စစ်တိုက်တော်မူ၏။
23:11 သို့ဖြစ်၍ သင်တို့၏ဘုရားသခင် ထာဝရဘုရားကိုချစ်ခြင်းငှာ ကိုယ်စိတ်နှလုံးကို သတိပြုကြလော့။
23:12 သို့မဟုတ် သင်တို့သည်ရွေ့လျော့၍၊ သင်တို့တွင် ကျန်ကြွင်းသေးသော ဤလူမျိုးတို့၌ မှီဝဲလျက်၊ ထိမ်းမြားပေးစား၍ ပေါင်းဖော်ဆက်ဆံခြင်းရှိလျှင်၊
23:13 သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် နောက်တစ်ဖန် ဤလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မမူ။ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ၍ ကောင်းမွန်သောဤပြည်၌ သင်တို့သည် မပျောက်မပျက်မီတိုင်အောင် သူတို့သည် သင်တို့၌ကျော့ကွင်း၊ ထောင်ချောက်၊ သင်တို့နံစောင်၌ နှင်တံ၊ သင်တို့မျက်စိ၌ ဆူးဖြစ်ကြလိမ့်မည်အကြောင်းကို ဧကန်အမှန် သိမှတ်ကြလော့။
23:14 ငါသော်ကား၊ မြေသားအပေါင်းတို့သွားရာလမ်းသို့ ယနေ့သွားလုပြီ။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့အဖို့ မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ၏။
23:15 သင်တို့၏ဘုရားသခင် ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း၊ ကောင်းကျိုးအပေါင်းတို့သည် သင်တို့အပေါ်၌ ရောက်သကဲ့သို့၊ ထိုအတူ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ဤကောင်းမွန်သောပြည်မှ သင်တို့ကို သုတ်သင်ပယ်ရှင်းတော်မမူမီတိုင်အောင်၊ ထာဝရဘုရားသည် သင်တို့အပေါ်၌ ဘေးဥပဒ်အပေါင်းတို့ကို ရောက်စေတော်မူမည်။
23:16 သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားထားတော်မူသော ပဋိညာဉ်တရားကို ပြစ်မှားလျက်၊ အခြားတစ်ပါးသော ဘုရားတို့ထံသို့သွား၍ ဦးညွှတ်ဝတ်ပြုလျှင်၊ ထာဝရဘုရားသည် အမျက်ထွက်၍၊ အရင်ပေးတော်မူသော ဤကောင်းမွန်သောပြည်၌ သင်တို့သည် အလျင်အမြန်ပျောက်ပျက်ကြလိမ့်မည်ဟု ဟောပြော၏။