Joshua 4
4:1 လူအပေါင်းတို့သည် တစ်ယောက်မျှမကြွင်း ယော်ဒန်မြစ်ကို ကူးကြပြီးမှ၊ ထာဝရဘုရားက၊
4:2 လူများတို့တွင် တစ်မျိုးတစ်ယောက်စီ၊ လူတစ်ဆယ်နှစ်ယောက်ကို ရွေးကောက်၍၊
4:3 သူတို့သည် ယော်ဒန်မြစ်အလယ်၊ ယဇ်ပုရောဟိတ်တို့ မြဲမြံစွာနင်းရာ၊ ဤအရပ်ထဲက ကျောက်တစ်ဆယ်နှစ်လုံးကိုယူပြီးလျှင် ထမ်းသွား၍၊ ယနေ့ည စခန်းချရာအရပ်၌ ထားရမည်အကြောင်း ဆင့်ဆိုလော့ဟု ယောရှုအားမိန့်တော်မူသည်အတိုင်း၊
4:4 ယောရှုသည် ခန့်ထားနှင့်သော ဣသရေလအမျိုး တစ်မျိုးတစ်ယောက်စီ၊ လူတစ်ဆယ်နှစ်ယောက်ကိုခေါ်၍၊
4:5 သင်တို့ဘုရားသခင် ထာဝရဘုရား၏သေတ္တာတော်ရှေ့၊ ယော်ဒန်မြစ်အလယ်သို့ ကူးသွား၍၊ ဣသရေလအမျိုး အရေအတွက်အတိုင်း၊ လူတစ်ယောက် ကျောက်တစ်လုံးစီယူ၍ ထမ်းသွားကြလော့။
4:6 သို့ပြုလျှင် သက်သေကိုရကြလိမ့်မည်။ နောင်ကာလ၌ သင်တို့၏သားသမီးတို့က၊ ဤကျောက်တို့သည် အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းလျှင်၊
4:7 သင်တို့က၊ ထာဝရဘုရား၏သေတ္တာတော်သည် ယော်ဒန်မြစ်ကိုကူးသောအခါ၊ သေတ္တာတော်ရှေ့မှာ မြစ်ရေပြတ်လေသည်ဟု ပြန်ပြောရကြမည်။ ထိုသို့ ဤကျောက်တို့သည် အစဉ်မပြတ် ဣသရေလအမျိုးသားအောက်မေ့စရာဖို့ ဖြစ်ကြလိမ့်မည်ဟု ယောရှုမှာထားသည်အတိုင်း၊
4:8 ဣသရေလအမျိုးသားတို့သည် ပြုကြ၏။ ထာဝရဘုရားသည် ယောရှုအားမိန့်တော်မူသည်နှင့်အညီ၊ ဣသရေလအမျိုး အရေအတွက်အတိုင်း၊ ယော်ဒန်မြစ်ထဲက ကျောက်တစ်ဆယ်နှစ်လုံးကိုယူပြီးမှ၊ စခန်းချရာအရပ်သို့ ထမ်းသွား၍ ထားကြ၏။
4:9 တစ်ဖန်တုံ၊ ပဋိညာဉ်သေတ္တာတော်ကိုထမ်းသော ယဇ်ပုရောဟိတ်တို့ နင်းရာအရပ် ယော်ဒန်မြစ်အလယ်၌ ကျောက်တစ်ဆယ်နှစ်လုံးကို ယောရှုသည်စိုက်ထား၍ ယနေ့တိုင်အောင်ရှိကြ၏။
4:10 ယောရှုသည် မောရှေမှာထားသည်အတိုင်း၊ လူများတို့အားဆင့်ဆိုစေခြင်းငှာ ထာဝရဘုရား မိန့်တော်မူသမျှတို့ကို အကုန်အစင်ပြုသည်တိုင်အောင် သေတ္တာတော်ကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန်မြစ်အလယ်၌ ရပ်နေကြ၏။ လူများတို့သည်လည်း ကြိုးစား၍ကူးကြ၏။
4:11 လူများအပေါင်းတို့သည် အကုန်အစင်ကူးကြပြီးမှ၊ ထာဝရဘုရား၏သေတ္တာတော်နှင့်တကွ ယဇ်ပုရောဟိတ်တို့သည် လူများမျက်မှောက်တွင်ကူးကြ၏။
4:12 ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေအမျိုးသားတစ်ဝက်တို့သည် မောရှေမှာခဲ့သည်အတိုင်း လက်နက်ကိုစွဲကိုင်၍၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ကူးသွားကြ၏။
4:13 ထိုအမျိုးသားတို့သည် အရေအတွက်အားဖြင့် လေးသောင်းခန့်မျှရှိ၍၊ စစ်တိုက်ခြင်းငှာ ပြင်ဆင်လျက် ထာဝရဘုရားရှေ့တော်၌ ယေရိခေါလွင်ပြင်သို့ ကူးသွားကြ၏။
4:14 ထိုနေ့၌ ထာဝရဘုရားသည် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ ယောရှုကိုချီးမြှင့်တော်မူ၍၊ သူတို့သည် မောရှေကိုကြောက်ရွံ့သကဲ့သို့ ယောရှုကိုလည်း သူ၏အသက်တည်သည်ကာလပတ်လုံး ကြောက်ရွံ့ကြ၏။
4:15 တစ်ဖန် ထာဝရဘုရားက၊ သက်သေခံချက် သေတ္တာတော်ကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊
4:16 ယော်ဒန်မြစ်ထဲက တက်လာရမည်အကြောင်း၊ ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊
4:17 ယော်ဒန်မြစ်ထဲက တက်လာကြလော့ဟု ယဇ်ပုရောဟိတ်တို့အား ယောရှုသည် ဆင့်ဆိုလေ၏။
4:18 ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန်မြစ်အလယ်ထဲက တက်လာ၍၊ ခြေဖဝါးတို့သည် ကုန်းကိုနင်းမိကြသောအခါ၊ ယော်ဒန်မြစ်ရေသည် မိမိနေရာသို့ ပြန်လာ၍၊ အရင်ကဲ့သို့ ကမ်းတစ်လျှောက်လုံးကို လျှံလျက်နေ၏။
4:19 ပထမလ၊ ဒသမနေ့ရက်တွင်၊ လူများတို့သည် ယော်ဒန်မြစ်ထဲက တက်လာ၍၊ ယေရိခေါမြို့အရှေ့ဘက်နားမှာ၊ ဂိလဂါလအရပ်၌ တပ်ချကြ၏။
4:20 ယော်ဒန်မြစ်ထဲက ထုတ်ယူသော ကျောက်တစ်ဆယ်နှစ်လုံးကို ယောရှုသည် ဂိလဂါလအရပ်၌ စိုက်ထား၏။
4:21 ဣသရေလအမျိုးသားတို့အားလည်း၊ နောင်ကာလ၌ သင်တို့၏သားသမီးတို့က၊ ဤကျောက်တို့သည် အဘယ်သို့ဆိုလိုသနည်းဟု အဘတို့အားမေးမြန်းလျှင်၊
4:22 သင်တို့က၊ ဣသရေလလူတို့သည် မြေပေါ်မှာလျှောက်သကဲ့သို့ ဤယော်ဒန်မြစ်ကို ကူးလာကြသည်ဟု သားသမီးတို့အား ကြားပြောရကြမည်။
4:23 ထာဝရဘုရားသည် တန်ခိုးကြီးတော်မူသည်ကို မြေကြီးသားအပေါင်းတို့သည် သိကြမည်အကြောင်းနှင့် သင်တို့၏ဘုရားသခင် ထာဝရဘုရားကို သင်တို့သည် အစဉ်အမြဲကြောက်ရွံ့ရမည်အကြောင်း၊ ငါတို့သည် ဧဒုံပင်လယ်ကိုကူး၍ ကမ်းတစ်ဖက်သို့ မရောက်မီတိုင်အောင်၊
4:24 သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ငါတို့ရှေ့မှာ ပင်လယ်ရေကို ခန်းခြောက်စေတော်မူသည်နည်းတူ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ကမ်းတစ်ဖက်သို့မရောက်မီတိုင်အောင်၊ သင်တို့ရှေ့မှာ မြစ်ရေကို ခန်းခြောက်စေတော်မူသည်ဟု ယောရှုမှာထားလေ၏။