Joshua 5
5:1 ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ ကူးစေခြင်းငှာ၊ ယော်ဒန်မြစ်ရေကို ခန်းခြောက်စေတော်မူသည်အကြောင်းကို၊ ယော်ဒန်မြစ် အနောက်ဘက်၌နေသော အာမောရိမင်းကြီးအပေါင်း၊ ပင်လယ်နားမှာနေသော ခါနနိမင်းကြီးအပေါင်းတို့သည် ကြားသိသောအခါ၊ ရဲရင့်ခြင်းသတ္တိအလျှင်းမကြွင်း၊ ဣသရေလအမျိုးသားတို့ကြောင့် စိတ်ပျက်ကြ၏။
5:2 ထိုအခါ ထာဝရဘုရားသည် ယောရှုကိုခေါ်၍၊ သင်သည် ကျောက်ဓားများကိုလုပ်ပြီးလျှင်၊ ဣသရေလအမျိုးသားတို့အား အရေဖျားလှီးမင်္ဂလာကို တစ်ဖန်ပေးလော့ဟု မိန့်တော်မူသည်အတိုင်း၊
5:3 ယောရှုသည် ကျောက်ဓားများကိုလုပ်၍ ဂိဘာရာလုတ်အရပ်၌ ဣသရေလအမျိုးသားတို့အား အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။
5:4 ထိုသို့ အရေဖျားလှီးမင်္ဂလာကို ပေးရသောအကြောင်းဟူမူကား၊ အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲယောက်ျားအပေါင်းတို့သည် တော၌သေကြ၏။
5:5 ထိုပြည်မှထွက်လာသော သူအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံနှင့်ကြပြီ။ တော၌ ခရီးသွားရာတွင် ဖွားမြင်သောသူအပေါင်းတို့မူကား အရေဖျားလှီးမင်္ဂလာကို မခံရကြသေး။
5:6 အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲအပေါင်းတို့သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်ဘဲနေ၍၊ မသေမပျောက်မီတိုင်အောင် ဣသရေလအမျိုးသားတို့သည် အနှစ်လေးဆယ်ပတ်လုံး တော၌ လှည့်လည်ရကြ၏။ ထာဝရဘုရားသည်၊ ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့် ပျားရည်စီးသောပြည်ကို ထိုသူတို့သည် မမြင်ရကြဟု ကျိန်ဆိုတော်မူ၏။
5:7 သူတို့ကိုယ်စားဖြစ်စေတော်မူသော သူတို့၏သားများတို့သည်၊ လမ်း၌ အရေဖျားလှီးမင်္ဂလာကို မခံရသေးသောကြောင့် ယောရှုသည် အရေဖျားလှီးမင်္ဂလာကိုပေးလေ၏။
5:8 လူအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကိုခံပြီးမှ၊ အနာမပျောက်မီတိုင်အောင် တပ်ထဲ၌ နေကြ၏။
5:9 ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်နှင့်ဆိုင်သော ကဲ့ရဲ့စရာအကြောင်းကို သင်တို့မှ ယနေ့ ငါပယ်ရှင်းပြီဟု ယောရှုအားမိန့်တော်မူ၏။ သို့ဖြစ်၍ ထိုအရပ်ကို ဂိလဂါလဟု ယနေ့တိုင်အောင် ခေါ်ဝေါ်သတည်း။
5:10 ဣသရေလအမျိုးသားတို့သည် ဂိလဂါလအရပ်တွင်တပ်ချ၍၊ ထိုလ တစ်ဆယ်လေးရက်နေ့၊ ညဥ့်ဦးယံ၌ ယေရိခေါလွင်ပြင်မှာ ပသခါပွဲကိုခံကြ၏။
5:11 ပသခါပွဲကို ခံပြီးမှ၊ နက်ဖြန်နေ့၌ ခါနာန်စပါးဖြင့်လုပ်သော တဆေးမဲ့မုန့်နှင့် ပေါက်ပေါက်ကို တစ်နေ့ချင်းတွင် စားရကြ၏။
5:12 ခါနာန်ပြည် စပါးကိုစား၍၊ နက်ဖြန်နေ့၌ မန္နပြတ်လေ၏။ နောက်တစ်ဖန် ဣသရေလအမျိုးသားတို့သည် မန္နကိုမရကြ။ ထိုနှစ်တွင် ခါနာန်ပြည်၌ဖြစ်သော အသီးအနှံကို စားရကြ၏။
5:13 ယောရှုသည် ယေရိခေါမြို့အနားမှာရှိနေစဉ် မျှော်ကြည့်၍၊ လူတစ်ယောက်သည် ဓားကိုဓားအိမ်မှ ထုတ်ကိုင်လျက်၊ ကန့်လန့်ရပ်နေသည်ကို မြင်လျှင်၊ သူ့ထံသို့သွား၍ သင်သည် ငါတို့ဘက်၌နေသောသူလော၊ ငါတို့ရန်သူဘက်၌ နေသောသူလောဟုမေးသော်၊
5:14 ထိုသူက၊ ထိုသို့မဟုတ်၊ ထာဝရဘုရား၏ ဗိုလ်ခြေကိုအုပ်စိုးသောဗိုလ်မှူးဖြစ်၍ ယခုငါလာသည်ဟုဆို၏။ ယောရှုသည်လည်း မြေပေါ်မှာပျပ်ဝပ်ကိုးကွယ်လျက်၊ ကိုယ်တော်ကျွန်အား အဘယ်သို့မိန့်တော်မူမည်နည်းဟု မေးလျှောက်သော်၊
5:15 ထာဝရဘုရား၏ ဗိုလ်ခြေကိုအုပ်စိုးသော ဗိုလ်မှူးက၊ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်းသောအရပ်ကား မြေမြတ်ဖြစ်သည်ဟု ဆိုသည်အတိုင်း ယောရှုပြုလေ၏။