Joshua 9
9:1 ယော်ဒန်မြစ် အနောက်ဘက်၊ တောင်ပေါ်၌လည်းကောင်း၊ ချိုင့်ထဲ၌လည်းကောင်း၊ လေဗနုန်တောင်တစ်ဖက်၊ မဟာပင်လယ်ကမ်း တစ်လျှောက်လုံး၌လည်းကောင်းနေသော ဟိတ္တိ၊ အာမောရိ၊ ခါနနိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအမျိုးမင်းကြီးအပေါင်းတို့သည် သတင်းကြားသောအခါ၊
9:2 ယောရှုနှင့် ဣသရေလအမျိုးသားတို့ကို စစ်တိုက်ခြင်းငှာ တညီတညွတ်တည်း စည်းဝေးကြ၏။
9:3 ဂိဗောင်မြို့သားတို့သည် ယေရိခေါမြို့၊ အာဣမြို့၌ ယောရှုပြုသောအမှုကို ကြားသောအခါ၊
9:4 ပရိယာယ်ပြု၍ သံတမန်လုပ်လျက်၊ မြည်းပေါ်မှာ ဟောင်းနွမ်းသောအိတ်တို့ကိုတင်၍၊ ဟောင်းနွမ်းစုတ်ကွဲဖာပြင်သော စပျစ်ရည်သားရေဘူးတို့ကို ယူကြ၏။
9:5 ဟောင်းနွမ်းဖာပြင်သော ခြေနင်းကိုစီး၍၊ ဟောင်းနွမ်းသောအဝတ်ကိုလည်း ဝတ်ကြ၏။ အောက်၍ မှိုတက်လျက်ရှိသော ရိက္ခာကိုသာဆောင်ခဲ့လျက်၊
9:6 ယောရှုရှိရာ ဂိလဂါလတပ်သို့ ရောက်လာလျှင်၊ အကျွန်ုပ်တို့သည် မိတ်သဟာယဖွဲ့ခြင်းငှာ၊ ဝေးသောပြည်ကလာကြပါသည်ဟု ယောရှုနှင့် ဣသရေလလူတို့အား ပြောဆိုကြ၏။
9:7 ဣသရေလအမျိုးသားတို့ကလည်း၊ သင်တို့သည် ငါတို့အနားမှာနေသည် မနေသည်ကို မသိနိုင်။ အဘယ်သို့ မိတ်သဟာယဖွဲ့နိုင်သနည်းဟု ဟိဝိလူတို့အားဆိုကြလျှင်၊
9:8 သူတို့က အကျွန်ုပ်တို့သည် ကိုယ်တော်ကျွန်ဖြစ်ပါ၏ဟု ယောရှုအား လျှောက်ဆိုကြ၏။ ယောရှုကလည်း၊ သင်တို့သည် အဘယ်သို့သောသူနည်း။ အဘယ်အရပ်က လာကြသနည်းဟုမေးလျှင်၊
9:9 သူတို့က၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား၏နာမတော်ကြောင့် ကိုယ်တော်ကျွန်တို့သည် အလွန်ဝေးသောပြည်က လာပါပြီ။ ထာဝရဘုရား၏ သတင်းတော်ကိုလည်းကောင်း၊ အဲဂုတ္တုပြည်၌ ပြုတော်မူသမျှကိုလည်းကောင်း၊
9:10 ယော်ဒန်မြစ် အရှေ့ဘက်၌နေသော အာမောရိမင်းကြီး၊ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်၊ အာရှတရုတ်မြို့မှာနေသော ဗာရှန်ရှင်ဘုရင် ဩဃတို့၌ ပြုတော်မူသမျှကိုလည်းကောင်း ကြားပါပြီ။
9:11 ထိုကြောင့် အကျွန်ုပ်တို့၌ အသက်ကြီးသောသူတို့နှင့် ပြည်သူပြည်သားအပေါင်းတို့က၊ လမ်းခရီးရိက္ခာကိုယူ၍ သူတို့ကို ခရီးဦးကြိုပြုခြင်းငှာ သွားကြလော့။ ငါတို့သည် သူတို့၏ကျွန်ဖြစ်ကြောင်းနှင့် မိတ်သဟာယဖွဲ့ရပါမည်အကြောင်းကို လျှောက်ထားကြလော့ဟု မှာလိုက်ပါပြီ။
9:12 ကိုယ်တော်ထံသို့ ရောက်အံ့သောငှာ ထွက်လာသောနေ့၌ ခရီးရိက္ခာဖို့ ကိုယ်အိမ်မှဆောင်ယူခဲ့သော ဤမုန့်သည် ပူနွေးလျက်ရှိပါ၏။ ယခုကြည့်ပါ။ အောက်လျက် မှိုတက်လျက်ရှိပါ၏။
9:13 စပျစ်ရည်ပြည့်သော ဤသားရေဘူးတို့သည် အသစ်ဖြစ်သော်လည်း၊ ယခုကြည့်ပါ စုတ်ကွဲလျက်ရှိပါ၏။ ဤအဝတ် ဤခြေနင်းတို့သည်လည်း အလွန်ခရီးဝေးသောကြောင့် ဟောင်းနွမ်းပါပြီဟု ပြန်လျှောက်ကြ၏။
9:14 ဣသရေလလူတို့သည် ထာဝရဘုရားထံတော်၌ အခွင့်မပန်ဘဲ ထိုသူတို့၏ရိက္ခာကိုစားကြ၏။
9:15 ယောရှုသည်လည်း သူတို့ကိုစစ်မှုနှင့်လွတ်စေ၍၊ အသက်ချမ်းသာစေမည်အကြောင်း မိတ်သဟာယဖွဲ့၏။ ပရိသတ်မင်းတို့သည်လည်း ကျိန်ဆိုခြင်းကို ပြုကြ၏။
9:16 မိတ်သဟာယဖွဲ့၍ သုံးရက်လွန်သောအခါ၊ ထိုသူတို့သည် အိမ်နီးချင်းဖြစ်၍၊ အနားမှာနေကြောင်းကို ဣသရေလအမျိုးသားတို့သည် ကြားသိလျှင်၊
9:17 ခရီးသွား၍ သုံးရက်မြောက်သောနေ့၌ သူတို့မြို့ရွာသို့ ရောက်ကြ၏။ သူတို့မြို့ကား ဂိဗောင်မြို့၊ ခေဖိရာမြို့၊ ဗေရုတ်မြို့၊ ကိရယတ်ယာရိမ်မြို့တည်း။
9:18 ပရိသတ်အကဲအမှူးတို့သည် ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုသောကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူတို့ကို မလုပ်ကြံကြ။ ပရိသတ်အပေါင်းတို့သည် အကဲအမှူးတို့ကို အပြစ်တင်ကြ၏။
9:19 အကဲအမှူးတို့ကလည်း၊ ငါတို့သည် ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုသောကြောင့် သူတို့ကို မထိမခိုက်ရ။
9:20 သူတို့အား ကျိန်ဆိုမိသောကြောင့် အပြစ်ဒဏ်ရောက်မည်ကို စိုးရိမ်၍၊ အသက်ချမ်းသာပေးသဖြင့် အဘယ်သို့ ပြုရမည်နည်းဟူမူကား၊
9:21 အကဲအမှူးများ ကတိရှိသည်အတိုင်း အသက်ချမ်းသာပေး၍၊ ပရိသတ်အပေါင်းတို့အဖို့ ထင်းခုတ်သောသူ၊ ရေခပ်သောသူ ဖြစ်စေရမည်ဟု ပရိသတ်အပေါင်းတို့အား ပြန်ပြောကြ၏။
9:22 ယောရှုသည်လည်း သူတို့ကိုခေါ်၍၊ သင်တို့သည် ငါတို့အနားမှာနေလျက်ပင်၊ ဝေးသောအရပ်ကလာပါပြီဟုဆို၍ ငါတို့ကို အဘယ်ကြောင့်လှည့်စားကြသနည်း။
9:23 ယခုမှာ သင်တို့သည် ကျိန်အပ်သောသူဖြစ်သဖြင့်၊ ကျွန်ခံ၍ ငါ၏ဘုရားသခင် အိမ်တော်အဖို့ ထင်းခုတ်ခြင်း၊ ရေခပ်ခြင်းအမှုနှင့် တစ်ယောက်မျှမလွတ်ရဟုဆို၏။
9:24 သူတို့ကလည်း၊ ဤပြည်တစ်လျှောက်လုံးကို သင်တို့အားပေး၍၊ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ရှေ့မှ ပယ်ရှင်းခြင်းငှာ၊ ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားသည် မိမိကျွန်မောရှေအား မှာထားတော်မူကြောင်းကို ကိုယ်တော်ကျွန်တို့သည် ဆက်ဆက်ကြားသိ၍၊ သင်တို့လက်၌ အသက်ဆုံးမည်ကို အလွန်ကြောက်သောကြောင့်၊ ဤအမှုကို ပြုပါပြီ။
9:25 ယခုမှာ ကျွန်တော်တို့သည် ကိုယ်တော်လက်တွင်ရှိပါ၏။ ကျွန်တော်တို့၌ ပြုကောင်းပြုသင့်သည်ဟု စိတ်တော်ထင်သည်အတိုင်း ပြုတော်မူပါဟု ယောရှုအား ပြန်လျှောက်ကြ၏။
9:26 ထိုသို့နှင့်အညီ ယောရှုသည်ပြု၍၊ သူတို့ကို အသက်ချမ်းသာစေခြင်းငှာ ဣသရေလလူတို့လက်မှ ကယ်နုတ်သဖြင့်၊
9:27 ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌တည်သော ယဇ်ပလ္လင်တော်အဖို့နှင့် ပရိသတ်တော်အဖို့ ထိုသူတို့သည် ယနေ့တိုင်အောင် ထင်းခုတ်၍ရေခပ်ရမည်အကြောင်း၊ ထိုနေ့၌ စီရင်လေ၏။