Joshua 8
8:1 တစ်ဖန် ထာဝရဘုရားကလည်း၊ သင်သည် မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သင်၌ပါသော စစ်သူရဲအပေါင်းတို့ကိုခေါ်၍ အာဣမြို့သို့ ထသွားလော့။ အာဣမင်းကြီးနှင့် သူ့လူများ၊ သူ့မြို့၊ သူ့မြေကို သင့်လက်၌ငါအပ်မည်။
8:2 ယေရိခေါမြို့နှင့် မင်းကြီးအားပြုသကဲ့သို့ အာဣမြို့နှင့်မင်းကြီးအား ပြုရမည်။ သို့ရာတွင် လုယူသောဥစ္စာ၊ တိရစ္ဆာန်များကို ကိုယ်အဖို့သိမ်းရမည်။ မြို့နောက်မှာ ကင်းတပ်ကိုထားရမည်ဟု ယောရှုအားမိန့်တော်မူသည်အတိုင်း၊
8:3 ယောရှုနှင့် စစ်သူရဲအပေါင်းတို့သည် အာဣမြို့ကို တိုက်ခြင်းငှာထကြ၏။ ယောရှုသည် ခွန်အားကြီးသော စစ်သူရဲသုံးသောင်းတို့ကို ရွေးချယ်၍ ညအခါစေလွှတ်လျက်၊
8:4 သင်တို့သည် ထိုမြို့ကိုတိုက်ခြင်းငှာ မြို့နောက်မှာ ကင်းထိုးလျက်နေကြလော့။ မြို့နှင့်ဝေးဝေးခွာ၍ မသွားကြနှင့်။ တညီတညွတ်တည်း အသင့်နေကြလော့။
8:5 ငါနှင့်တကွ ငါ၌ပါသောသူအပေါင်းတို့သည် မြို့အနီးသို့ ချဉ်းကပ်မည်။ သူတို့သည် ယမန်ကဲ့သို့တိုက်ခြင်းငှာ ထွက်လာကြသောအခါ၊ ငါတို့သည် သူတို့ရှေ့မှာ ပြေးရကြမည်။
8:6 သူတို့လည်းလိုက်ခြင်းငှာ မြို့ထဲကထွက်၍၊ မြို့နှင့် ကွာမှန်းကိုမသိဘဲ ခွာ၍လိုက်ကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့ရှေ့မှာ ငါတို့သည်ပြေးသောအခါ၊ ယမန်ကဲ့သို့ ငါတို့ရှေ့မှာ ပြေးကြပြီဟု သူတို့ဆိုကြလိမ့်မည်။
8:7 ထိုအခါ သင်တို့သည် ကင်းထိုးလျက် နေရာအရပ်မှထ၍ မြို့ကိုတိုက်လျှင်၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့လက်၌ အပ်တော်မူမည်။
8:8 တိုက်၍အောင်သောအခါ မြို့ကိုမီးရှို့ရကြမည်။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုရကြမည်။ ထိုသို့ ငါဆင့်ဆိုသည်ဟု ထိုသူတို့အား မှာထားလေ၏။
8:9 ယောရှုစေလွှတ်သည်အတိုင်း၊ ထိုသူတို့သည် ကင်းထိုးခြင်းငှာသွား၍၊ ဗေသလမြို့နှင့် အာဣမြို့စပ်ကြားတွင် အာဣမြို့ အနောက်ဘက်မှာနေကြ၏။ ယောရှုသည် ထိုညတွင်လူများထဲမှာ နေသေး၏။
8:10 နံနက်စောစောထ၍ လူများတို့ကို ရေတွက်ပြီးမှ၊ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်အတူ အာဣမြို့သို့ အဦးချီသွားလေ၏။
8:11 ယောရှု၌ပါသော စစ်သူရဲအပေါင်းတို့သည်လိုက်၍ မြို့အနီးသို့ ရောက်ပြီးလျှင်၊ မြို့မြောက်ဘက်၌ တပ်ချကြ၏။ သူတို့နှင့် မြို့စပ်ကြားမှာ ချိုင့်တစ်ခုရှိ၏။
8:12 တစ်ဖန် အာဣမြို့အနောက်၊ ထိုမြို့နှင့် ဗေသလမြို့စပ်ကြားမှာ ကင်းထိုးစေခြင်းငှာ လူငါးထောင်ခန့်မျှ ထားလေ၏။
8:13 ထိုသို့လျှင်၊ မြို့မြောက်ဘက်မှာ ဗိုလ်ခြေအပေါင်းခင်းကျင်းလျက်၊ အနောက်ဘက်မှာလည်း ကင်းထိုးလျက်၊ အသီးအသီး နေရာကျကြသောအခါ၊ ယောရှုသည် ထိုညတွင် ချိုင့်အလယ်သို့ သွားလေ၏။
8:14 ထိုအခြင်းအရာတို့ကို အာဣမင်းကြီးသည်မြင်လျှင်၊ မြို့သားယောက်ျားတို့သည် စောစောထ၍ အလျင်အမြန်ပြင်ဆင်ပြီးမှ၊ မင်းကြီးသည် လူအပေါင်းတို့နှင့်တကွ ဣသရေလအမျိုးသားတို့ကို တိုက်ခြင်းငှာ၊ ချိန်းချက်သော အချိန်၌ လွင်ပြင်သို့ ချီသွားလေ၏။ သို့ရာတွင် မြို့နောက်မှာ ကင်းတပ်ရှိမှန်းကိုမသိ။
8:15 ယောရှုနှင့် ဣသရေလ အမျိုးသားအပေါင်းတို့သည် ရှုံးဟန်ပြုလျက် တောလမ်းဖြင့် ပြေးကြ၏။
8:16 သူတို့ကို လိုက်ခြင်းငှာ၊ အာဣမင်းကြီးသည် မြို့၌ရှိသမျှသော ယောက်ျားတို့ကို နှိုးဆော်ပြီးလျှင်၊ မြို့သားတို့သည် ယောရှုကိုလိုက်၍၊ မြို့နှင့်ကွာမှန်းမသိ ခွာသွားကြ၏။
8:17 ဣသရေလအမျိုးသားတို့ကိုမလိုက်ဘဲ၊ အာဣမြို့နှင့် ဗေသလမြို့၌ ယောက်ျားတစ်ယောက်မျှမနေ၊ မြို့ကိုလှပ်ထားလျက် ဣသရေလအမျိုးသားတို့ကို လိုက်ကြ၏။
8:18 ထာဝရဘုရားကလည်း၊ သင်ကိုင်သောလှံကို အာဣမြို့သို့ရွယ်လော့။ ထိုမြို့ကို သင့်လက်သို့ငါအပ်မည်ဟု ယောရှုအား မိန့်တော်မူသည်အတိုင်း၊ ယောရှုသည် မိမိကိုင်သောလှံကို ထိုမြို့သို့ရွယ်လေ၏။
8:19 ရွယ်သောအခါ၊ ကင်းတပ်သားတို့သည် ချက်ချင်းထ၍ အလျင်အမြန်ပြေးလျက် မြို့ထဲသို့ဝင်မိလျှင်၊ ကြိုးစား၍သိမ်းယူပြီးမှ မီးရှို့ကြ၏။
8:20 အာဣမြို့သားတို့သည် ပြန်ကြည့်၍၊ မြို့ကိုလောင်သော မီး၏အခိုးသည် မိုးကောင်းကင်သို့ တက်လျက်ရှိသည်ကို မြင်သောအခါ၊ အဘယ်အရပ်ကိုမျှ ပြေးခြင်းငှာ မတတ်စွမ်းနိုင်ကြ။ တောသို့ပြေးသောသူတို့သည်လည်း လိုက်သောသူတို့ကို ပြန်လှန်၍ တိုက်ကြ၏။
8:21 ကင်းတပ်သားတို့သည် မြို့ကိုရ၍ မြို့၌မီးခိုးတက်လျက်ရှိသည်ကို ယောရှုနှင့် ဣသရေလအမျိုးသား အပေါင်းတို့သည်မြင်လျှင်၊ တစ်ဖန်ပြန်လှည့်၍ အာဣမြို့သားတို့ကို တိုက်သတ်ကြ၏။
8:22 အခြားသောသူတို့သည်လည်း မြို့ထဲကထွက်၍ တိုက်သောကြောင့် ဣသရေလအမျိုးသားတို့သည် အာဣလူတို့ကို ညှပ်၍တိုက်သဖြင့် တစ်ယောက်ကိုမျှမလွှတ် မကျန်ကြွင်းစေခြင်းငှာ လုပ်ကြံကြ၏။
8:23 အာဣမင်းကြီးကို အရှင်ဖမ်း၍ ယောရှုထံသို့ ဆောင်ခဲ့ကြ၏။
8:24 ဣသရေလအမျိုးသားတို့သည် လွင်ပြင်၌လည်းကောင်း၊ လိုက်ရှာရာတော၌လည်းကောင်း၊ အာဣမြို့သားအပေါင်းတို့ကိုလုပ်ကြံ၍ ဓားဖြင့် အကုန်အစင်သုတ်သင်ပြီးမှ၊ တစ်ဖန် မြို့သို့ပြန်လာ၍ ဓားဖြင့်လုပ်ကြံကြ၏။
8:25 ထိုနေ့၌ တစ်သောင်းနှစ်ထောင်ခန့်မျှရှိသော အာဣမြို့သား ယောက်ျားမိန်းမအပေါင်းတို့သည် သေကြ၏။
8:26 အာဣမြို့သူမြို့သားအပေါင်းတို့ကို အကုန်အစင် မဖျက်ဆီးမီတိုင်အောင် ယောရှုသည် လှံကိုင်သောလက်ကို မသိမ်းမရုပ်။
8:27 သို့ရာတွင် ထာဝရဘုရားသည် ယောရှုအား မှာထားတော်မူသောစကားအတိုင်း၊ တိရစ္ဆာန်များနှင့် လက်ရဥစ္စာများကို၊ ဣသရေလအမျိုးသားတို့သည် ကိုယ်အဖို့ သိမ်းယူကြ၏။
8:28 ယောရှုသည်လည်း အာဣမြို့ကိုမီးရှို့၍၊ ယနေ့တိုင်အောင် ထာဝရဖျက်ဆီးရာ အမှိုက်ပုံဖြစ်စေ၏။
8:29 အာဣမင်းကြီးကို ညဥ့်ဦးတိုင်အောင် သစ်ပင်တွင်ဆွဲထား၍၊ မိုးချုပ်သောအခါ၊ ယောရှုစီရင်သည်အတိုင်း၊ အသေကောင်ကို သစ်ပင်ကချပြီးလျှင် မြို့တံခါးဝ၌ပစ်ထား၍၊ အသေကောင်အပေါ်၌ များစွာသော ကျောက်တို့ကို စုပုံကြ၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင်ရှိ၏။
8:30 ထိုအခါ ယောရှုသည်၊ ဧဗလတောင်ပေါ်မှာ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားအဖို့၊ ယဇ်ပလ္လင်ကိုတည်လေ၏။
8:31 ထာဝရဘုရား၏ကျွန်မောရှေသည်၊ ဣသရေလအမျိုးသားတို့ကို မှာထား၍ မောရှေ၏ပညတ္တိကျမ်း၌ ရေးမှတ်လျက်ရှိသည်အတိုင်း၊ သံတန်ဆာမပါမသုံးဘဲ မကွဲမပြတ်သောကျောက်တို့ဖြင့် ယဇ်ပလ္လင်ကိုတည်၍၊ ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြ၏။
8:32 ယောရှုသည်လည်း၊ ထိုကျောက်ပေါ်၌ မောရှေ၏ပညတ်တရားကို ဣသရေလအမျိုးသားတို့ရှေ့မှာ ရေးကူးလေ၏။
8:33 ဣသရေလအမျိုးသားတို့ကို ကောင်းချီးပေးခြင်းအလိုငှာ၊ ထာဝရဘုရား၏ကျွန်မောရှေမှာထားခဲ့သည်အတိုင်း၊ ဣသရေလအမျိုး အသက်ကြီး၊ ဗိုလ်မင်း၊ တရားသူကြီးအမျိုးသားအပေါင်းတို့သည်၊ ယဇ်ပုရောဟိတ် လေဝိသားထမ်းသော ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာနှစ်ဖက်၌ ရပ်၍၊ အမျိုးသားစစ်နှင့် တစ်ကျွန်းနိုင်ငံသားပါလျက်၊ ဂေရဇိမ်တောင်ပေါ်မှာ လူတစ်ဝက်၊ ဧဗလတောင်ပေါ်မှာ တစ်ဝက်တို့သည် နေကြလျှင်၊
8:34 ပညတ္တိကျမ်း၌ ရေးထားသမျှသောကောင်းချီးမင်္ဂလာစကားနှင့် ကျိန်ခြင်းအမင်္ဂလာစကားတည်းဟူသော တရားစကားအလုံးစုံတို့ကို ဖတ်ရွတ်လေ၏။
8:35 ယောရှုသည် မောရှေမှာထားသော စကားတစ်ခွန်းကိုမျှ မချန်မထား၊ မိန်းမ၊ သူငယ်၊ တစ်ကျွန်းတစ်နိုင်ငံသားပါသော ဣသရေလအမျိုးသား ပရိတ်သတ်အပေါင်းတို့ရှေ့မှာ အကုန်အစင်ဖတ်ရွတ်လေ၏။