Judges 14
14:1 တစ်ရံရောအခါ၊ ရှံဆုန်သည် တိမနတ်မြို့သို့ သွား၍၊ ထိုမြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတစ်ယောက်ကို မြင်လျှင်၊
14:2 မိဘထံသို့ ပြန်လာ၍၊ တိမနတ်မြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတစ်ယောက်ကို မြင်ခဲ့ပြီ။ ကျွန်ုပ် ကြင်ဖက်ဖြစ်ဖို့ရာ တောင်း၍ပေးပါဟု ဆိုသော်၊
14:3 မိဘတို့က၊ သင်သည် အရေဖျားလှီးခြင်းကို မခံသော ဖိလိတ္တိလူတို့တွင် မယားကို သွား၍ ယူရမည်အကြောင်း၊ သင်၏ညီအစ်ကိုသမီး ငါတို့အမျိုးသားချင်းသမီးတို့တွင် မိန်းမတစ်ယောက်မျှ မရှိလောဟု ဆိုသော်လည်း၊ ရှံဆုန်က၊ ထိုမိန်းမကို တောင်း၍ပေးပါ။ အလွန်နှစ်သက်ပါသည်ဟု အဘအားပြောဆို၏။
14:4 ထာဝရဘုရား စီရင်တော်မူသောအားဖြင့်၊ ရှံဆုန်သည် ဖိလိတ္တိလူတို့၌ အမှုရှာကြောင်းကို မိဘတို့သည် မရိပ်မိကြ။ ထိုကာလ၌ ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို အုပ်စိုးသတည်း။
14:5 ထိုအခါ ရှံဆုန်သည် မိဘနှင့်တကွ တိမနတ်မြို့သို့ သွား၍၊ တိမနတ်စပျစ်ဥယျာဉ်များသို့ရောက်လျှင်၊ ခြင်္သေ့ပျိုတစ်ကောင်သည် သူ့ကိုတွေ့၍ ဟောက်လေ၏။
14:6 ထိုအခါ ရှံဆုန်လက်၌ တစ်စုံတစ်ခုမျှ မပါသော်လည်း၊ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ သူသည် ဆိတ်သငယ်ကို ဆွဲဖြတ်သကဲ့သို့ ထိုခြင်္သေ့ကို ဆွဲဖြတ်၏။ သို့ရာတွင် မိမိပြုသောအမှုကို မိဘတို့အား မကြားမပြောဘဲ နေ၏။
14:7 မြို့သို့ရောက်၍ မိန်းမနှင့် နှုတ်ဆက်သဖြင့် ရှံဆုန်သည် နှစ်သိမ့်၏။
14:8 အချိန်စေ့၍ ထိုမိန်းမကိုသိမ်းယူခြင်းငှာ သွားစဉ်အခါ၊ ခြင်္သေ့အသေကောင်ကို ကြည့်ရှုအံ့သောငှာ၊ လမ်းမှလွှဲသွား၍ ခြင်္သေ့အသေကောင်ထဲမှာ ပျားအုံနှင့် ပျားရည်ရှိသည်ကို တွေ့မြင်လျှင်၊
14:9 နှိုက်ယူ၍စားလျက် ခရီးသွားလေ၏။ မိဘထံသို့ရောက်သော် ပေး၍ သူတို့သည်လည်း စားကြ၏။ သို့ရာတွင် ထိုပျားရည်ကို ခြင်္သေ့အကောင်ထဲက နှိုက်ယူကြောင်းကို မကြားမပြောဘဲ နေ၏။
14:10 အဘသည်လည်း၊ မိန်းမနေရာအရပ်သို့ သွားပြန်၍ ရှံဆုန်သည် လူပျိုထုံးစံအတိုင်း ပွဲလုပ်လေ၏။
14:11 ထိုအရပ်သားတို့သည် ရှံဆုန်ကို မြင်သောအခါ၊ သူနှင့်အတူ ပွဲခံခြင်းငှာ အပေါင်းအဖော်သုံးဆယ်တို့ကို ခေါ်ခဲ့ကြ၏။
14:12 ရှံဆုန်ကလည်း၊ သင်တို့အား စကားဝှက်ကို ငါပြောမည်။ ပွဲခံရာခုနစ်ရက်တွင် ဖော်ပြနိုင်လျှင် ခြုံထည်သုံးဆယ်၊ အင်္ကျီသုံးဆယ်ကို ငါပေးမည်။
14:13 မဖော်မပြနိုင်လျှင် သင်တို့သည် ခြုံထည်သုံးဆယ်၊ အင်္ကျီသုံးဆယ်ကို ငါ့အားပေးရမည်ဟုဆိုသော် သူတို့က၊ သင့်စကားဝှက်ကို ငါတို့အား ကြားပြောပါဟုဝန်ခံကြ၏။
14:14 ရှံဆုန်ကလည်း၊ စားတတ်သောသူ၏အထဲက အစာ၊ သန်စွမ်းသော သူ၏အထဲက အချိုထွက်လေစွဟု ဆို၏။ ထိုစကားဝှက်အနက်ကို သူတို့သည် သုံးရက်ပတ်လုံးရှာ၍ မတွေ့နိုင်ကြ။
14:15 စတုတ္ထနေ့ရောက်မှ၊ သူတို့က၊ သင်၏လင်သည် စကားဝှက်အနက်ကို ဖော်ပြစေခြင်းငှာ သူ့ကို ချော့မော့ရမည်။ သို့မဟုတ် သင်နှင့်တကွ သင့်အဆွေအမျိုးကို မီးရှို့မည်။ ငါတို့ဥစ္စာကို လုယူခြင်းငှာ ငါတို့ကို ခေါ်ဖိတ်သလောဟု ရှံဆုန်၏မယားကို ဆိုသောကြောင့်၊
14:16 သူသည် လင်ရှေ့မှာငိုကြွေး၍ သင်သည် ငါ့ကိုမချစ် မုန်းပါ၏။ ငါ့အမျိုးသားချင်းတို့အား စကားဝှက်ကို ပြောသော်လည်း၊ အနက်ကို ငါ့အား မပြပါတကားဟု ဆို၏။ ရှံဆုန်ကလည်း၊ ငါသည် ကိုယ်မိဘကိုမျှမပြဘဲ သင့်အား ပြရမည်လောဟု ဆိုသော်လည်း၊
14:17 ပွဲခံရာခုနစ်ရက်စေ့အောင် လင်ရှေ့မှာ ငိုကြွေး၍ ခုနစ်ရက်မြောက်သောနေ့၌ အလွန်ပူဆာသောကြောင့် အနက်ကိုဖော်ပြ၏။ မိန်းမသည်လည်း အမျိုးသားချင်းတို့အား ပြန်ပြောလေ၏။
14:18 မြို့သားတို့သည် ခုနစ်ရက်မြောက်သောနေ့ နေမဝင်မီလာ၍ ပျားရည်ထက် အဘယ်အရာ ချိုသနည်း။ ခြင်္သေ့ထက် အဘယ်အရာသန်စွမ်းသနည်းဟု ဖော်ပြကြ၏။ ရှံဆုန်ကလည်း၊ သင်တို့သည် ငါ့နွားမပျိုနှင့်မထွန်လျှင် ငါ့စကားဝှက်အနက်ကို ရှာ၍မတွေ့ဟု ဆို၏။
14:19 ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ်မှာ သက်ရောက်သဖြင့်၊ သူသည် အာရှကေလုန်မြို့သို့ သွား၍ မြို့သားသုံးဆယ်ကို သတ်ပြီးမှ သူတို့ဥစ္စာကိုလုယူ၍ စကားဝှက်အနက်ကို ဖော်ပြသောသူတို့အား အဝတ်စုံတို့ကိုပေးပြီးမှ၊ အမျက်ထွက်၍ မိမိအဘအိမ်သို့ ပြန်သွားလေ၏။
14:20 မယားကိုကား ရှံဆုန်ပေါင်းဖော်သော အဆွေခင်ပွန်းအား ပေးစားသတည်း။