Judges 13
13:1 တစ်ဖန် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ ထာဝရဘုရားသည် သူတို့ကို ဖိလိတ္တိလူတို့လက်သို့ အနှစ်လေးဆယ်ပတ်လုံးအပ်တော်မူ၏။
13:2 ဒန်အမျိုး၊ ဇောရာမြို့သား မာနော်အမည်ရှိသော သူတစ်ယောက်ရှိ၏။ သူ၏မယားသည် မြုံသောကြောင့် သားမဖွား။
13:3 ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထိုမိန်းမအား ကိုယ်ထင်ရှား၍၊ သင်သည် မြုံသောကြောင့် သားမဖွားသော်လည်း၊ ယခု ပဋိသန္ဓေယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။
13:4 သို့ဖြစ်၍ သတိပြုလော့။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သောအစာကို မစားနှင့်။
13:5 အကြောင်းမူကား၊ ပဋိသန္ဓေယူ၍ ဖွားမြင်လတ္တံ့သော သားယောက်ျားသည် ဆံပင်ရိတ်ခြင်းကို မခံဘဲ၊ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏နာဇရိလူ ဖြစ်ရလိမ့်မည်။ သူသည်လည်း ဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်မှ ကယ်နုတ်စပြုလိမ့်မည်ဟု ဆို၏။
13:6 ထိုမိန်းမသည်လည်း မိမိခင်ပွန်းထံသို့ သွား၍ ဘုရားသခင်၏ ကောင်းကင်တမန်မျက်နှာကဲ့သို့ ကြောက်မက်ဖွယ်သော မျက်နှာရှိသော ဘုရားသခင်၏ လူတစ်ယောက်သည် အကျွန်ုပ်ဆီသို့ လာ၏။ အဘယ်ကလာသနည်းဟု အကျွန်ုပ်လည်း မမေး။ သူသည်လည်း မိမိအမည်ကိုမပြော။
13:7 သူကလည်း၊ သင်သည် ပဋိသန္ဓေယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သောအစာကို မစားနှင့်။ အကြောင်းမူကား၊ ထိုသူငယ်သည် အမိဝမ်းထဲမှစ၍ သေသောနေ့တိုင်အောင် ဘုရားသခင်၏နာဇရိလူဖြစ်ရလိမ့်မည်ဟု အကျွန်ုပ်အား မိန့်မြွက်ကြောင်းကို ပြောဆိုလေ၏။
13:8 ထိုအခါ မာနော်က၊ အိုဘုရားရှင်၊ အကျွန်ုပ်တို့သည် ဖွားမြင်လတ္တံ့သော သူငယ်၌ အဘယ်သို့ပြုရမည်ကို ဘုရားသခင်၏တမန်တော်သည် တစ်ဖန်လာ၍ သွန်သင်စေတော်မူပါဟု ထာဝရဘုရားအား တောင်းလျှောက်သော်၊
13:9 ထာဝရဘုရားသည် မာနော်စကားကို နားထောင်တော်မူ၍၊ ဘုရားသခင်၏ကောင်းကင်တမန်သည် လယ်လုပ်ရာအရပ်၌ ထိုင်လျက်ရှိသော ထိုမိန်းမဆီသို့ လာပြန်၏။ ထိုအခါ ခင်ပွန်းမာနော်မရှိ။
13:10 မိန်းမသည် မိမိခင်ပွန်းထံသို့ အလျင်အမြန်ပြေး၍၊ တစ်နေ့ကလာသောသူသည် ယခုလာရောက်ပြီဟု ကြားပြောလျှင်၊
13:11 မာနော်သည်ထ၍ မယားနှင့်အတူ ထိုသူထံသို့ သွားပြီးလျှင်၊ သင်သည် ဤမိန်းမအားပြောသောသူ မှန်သလောဟု မေးသော်၊ မှန်သည်ဟု ဆို၏။
13:12 မာနော်ကလည်း၊ ကိုယ်တော်၏စကား ပြည့်စုံပါစေသော။ သူငယ်သည် အဘယ်သို့သောသူ ဖြစ်ပါလိမ့်မည်နည်း။ သူ၌ အဘယ်သို့ ပြုရပါမည်နည်းဟုမေးသော်၊
13:13 ထာဝရဘုရား၏ ကောင်းကင်တမန်က၊ ငါပြောသမျှကို မိန်းမရှောင်ရမည်။
13:14 စပျစ်ပင်မှ ဖြစ်သမျှကို မစားရ။ စပျစ်ရည်မှစ၍ သေရည်သေရက်ကို မသောက်ရ။ မစင်ကြယ်သောအရာကို မစားရ။ ငါမှာထားသမျှအတိုင်း စောင့်ရှောက်ရမည်ဟု မာနော်အား ပြောဆို၏။
13:15 မာနော်ကလည်း၊ ကိုယ်တော်အဖို့ ဆိတ်သငယ်ကို မပြင်ဆင်မီတိုင်အောင် ကိုယ်တော်ကို ဆီးတားပါရစေဟု ထာဝရဘုရား၏ ကောင်းကင်တမန်အား ဆိုလျှင်၊
13:16 ထာဝရဘုရား၏ ကောင်းကင်တမန်က၊ ငါ့ကို ဆီးတားသော်လည်း သင်၏စားစရာကို ငါမစား။ မီးရှို့ရာယဇ်ကို ပူဇော်လိုလျှင် ထာဝရဘုရားအား ပူဇော်ရမည်ဟု မာနော်အား ဆိုပြန်၏။ သူသည် ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို မာနော် မသိသေး။
13:17 မာနော်ကလည်း ကိုယ်တော်စကားပြည့်စုံသောအခါ၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ချီးမွမ်းရမည်အကြောင်း၊ ကိုယ်တော်၏အမည်ကား အဘယ်သို့နည်းဟု ထာဝရဘုရား၏ ကောင်းကင်တမန်အားမေးသော်၊
13:18 ထာဝရဘုရား၏ ကောင်းကင်တမန်က၊ အံ့ဩဖွယ်ဖြစ်သော ငါ့အမည်ကို အဘယ်ကြောင့်မေးသနည်းဟု ဆို၏။
13:19 မာနော်သည် ဆိတ်သငယ်နှင့် ဘောဇဉ်ပူဇော်သကာကို ယူ၍ ကျောက်ပေါ်မှာ ထာဝရဘုရားအား ပူဇော်လေ၏။ ထိုအခါ မာနော်လင်မယားတို့သည် ကြည့်၍ မြင်ရသော အံ့ဩဖွယ်ဟူမူကား၊
13:20 မီးလျှံသည် ယဇ်ပလ္လင်ပေါ်က မိုးကောင်းကင်သို့ တက်စဉ်တွင်၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ယဇ်ပလ္လင်မီးလျှံ၌ တက်လေ၏။ မာနော်လင်မယားတို့သည် ကြည့်၍မြင်လျှင် မြေပေါ်မှာ ပျပ်ဝပ်လျက်နေကြ၏။
13:21 ထာဝရဘုရား၏ကောင်းကင်တမန်သည်၊ မာနော်လင်မယားတို့အား တစ်ဖန်မပေါ်လာ။ ထိုအခါ မာနော်သည် ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို သိ၏။
13:22 မာနော်ကလည်း၊ ငါတို့သည် ဘုရားသခင်ကို မြင်သောကြောင့်၊ ဆက်ဆက်သေတော့မည်ဟု မယားအားပြောသော်၊
13:23 မယားက၊ ထာဝရဘုရားသည် ငါတို့ကိုသတ်ခြင်းငှာ အလိုတော်ရှိလျှင်၊ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာကို ငါတို့လက်မှ ခံယူတော်မမူ။ ဤအခြင်းအရာအလုံးစုံတို့ကိုလည်း ပြတော်မမူ။ ယခုအခါ၌ ဤသို့သော စကားကိုလည်း မိန့်တော်မမူဟု ပြန်ပြော၏။
13:24 ထိုမိန်းမသည် သားယောက်ျားကို ဖွားမြင်၍၊ ရှံဆုန်အမည်ဖြင့် မှည့်၏။ သူငယ်သည် ကြီးပွား၍ ထာဝရဘုရား ကောင်းချီးပေးတော်မူ၏။
13:25 ထာဝရဘုရား၏ဝိညာဉ်တော်သည်၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြား၊ ဒန်အမျိုးတပ်၌ တစ်ခါတလေ နှိုးဆော်စပြုတော်မူ၏။