Judges 16
16:1 နောက်တစ်ဖန် ရှံဆုန်သည် ဂါဇမြို့သို့သွား၍ ပြည့်တန်ဆာမိန်းမကို တွေ့ပြီးလျှင် သူ့ဆီသို့ဝင်၍နေ၏။
16:2 ရှံဆုန်ရောက်ကြောင်းကို ဂါဇမြို့သားတို့သည် ကြားလျှင် ဝိုင်းထားလျက်၊ မြို့တံခါးဝ၌ တစ်ညလုံးချောင်းမြောင်းလျက်၊ နံနက်မိုးလင်းသောအခါ သူ့ကိုသတ်မည်ဟုဆို၍ တစ်ညလုံး ငြိမ်သက်စွာ နေကြ၏။
16:3 ရှံဆုန်သည် သန်းခေါင်တိုင်အောင် အိပ်ပြီးမှ၊ သန်းခေါင်အချိန်၌ထ၍ မြို့တံခါးရွက်တို့ကို၊ တံခါးတိုင် ကန့်လန့်ကျင်နှင့်တကွ ယူ၍ ပခုံးပေါ်မှာတင်လျက် ထမ်းသွား၍၊ ဟေဗြုန်မြို့ရှေ့၊ တောင်ပေါ်၌ပစ်ထားလေ၏။
16:4 နောက်တစ်ဖန် စောရက်ချိုင့်၌နေသော ဒေလိလအမည်ရှိသော မိန်းမတစ်ယောက်ကို ချစ်ပြန်၏။
16:5 ဖိလိတ္တိမင်းတို့သည် ထိုမိန်းမဆီသို့လာ၍၊ ရှံဆုန်၌ ကြီးသောခွန်အားသည် အဘယ်အရာအားဖြင့်တည်သနည်း၊ သူ့ကို ချည်နှောင်၍ နှိပ်စက်ခြင်းငှာ အဘယ်သို့ တတ်နိုင်မည်နည်းဟု သူ့ကိုချော့မော့၍ စူးစမ်းပါ။ ငါတို့သည် ဝိုင်း၍ ငွေဆယ်တစ်ပိဿာကို ပေးမည်ဟု ဆိုကြ၏။
16:6 ဒေလိလကလည်း၊ သင်၌ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကိုလည်းကောင်း၊ သင့်ကို နှိပ်စက်ခြင်းငှာ အဘယ်သို့ ချည်နှောင်ရမည်ကိုလည်းကောင်း ပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊
16:7 ရှံဆုန်က၊ တစ်ခါမျှ မသွေ့ခြောက်သော လျှော်ကြိုးစိမ်းခုနစ်စင်းနှင့် ငါ့ကိုချည်နှောင်လျှင် ငါ၌ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို၏။
16:8 ထိုအခါ ဖိလိတ္တိမင်းတို့သည် တစ်ခါမျှ မသွေ့ခြောက်သော လျှော်ကြိုးစိမ်းခုနစ်စင်းတို့ကို ယူခဲ့၍၊ ထိုမိန်းမသည် ရှံဆုန်ကို ချည်နှောင်လေ၏။
16:9 ယောက်ျားအချို့တို့သည် ထိုမိန်းမ၏ အိပ်ခန်းထဲမှ ချောင်းမြောင်းလျက် နေသည်ဖြစ်၍ မိန်းမက၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော်၊ သူသည် မီးထိသော ပိုက်ဆန်ချည်ကဲ့သို့ ထိုကြိုးတို့ကို ဖြတ်လေ၏။ သို့ဖြစ်၍ သူ၏ခွန်အားကို မသိရကြ။
16:10 ဒေလိလကလည်း၊ သင်သည် ငါ့ကိုကျီစား၍ မုသားကိုသာပြောပြီ။ သင့်ကို အဘယ်သို့ ချည်နှောင်ရမည်ကို ယခုပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊
16:11 သူက၊ မသုံးဖူးသောကြိုးသစ်နှင့် ကျပ်ကျပ်ချည်နှောင်လျှင် ငါ၌ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း၊
16:12 ဒေလိလသည် ကြိုးသစ်တို့ကိုယူ၍ ချည်နှောင်ပြီးမှ၊ ထိုအခန်း၌ ချောင်းမြောင်းသော သူအချို့ ရှိနေလျက်၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟု ဆိုသော်၊ ရှံဆုန်သည် လက်ရုံး၌ချည်သော ကြိုးတို့ကို အပ်ချည်ကဲ့သို့ ဖြတ်လေ၏။
16:13 ဒေလိလကလည်း၊ ယခုတိုင်အောင် သင်သည် ငါ့ကိုကျီစား၍ မုသားကိုသာပြောပြီ။ အဘယ်သို့ ချည်နှောင်ရမည်ကို ပြောပါဟု ရှံဆုန်အားတောင်းပန်သော်၊ သူက၊ ငါ့ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင် စို့နှင့်ရိုက်ထားလျှင် ငါ၌ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း၊
16:14 ဒေလိလသည် သူ၏ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင် စို့နှင့်ရိုက်ထားပြီးမှ၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကိုတိုက်လာကြသည်ဟု ဆိုသော်၊ ရှံဆုန်နိုး၍ ၊ စို့၊ ရက်ကန်းစင်နှင့် ရက်ကန်းသားပါဆွဲနှုတ် လေ၏။
16:15 ဒေလိလကလည်း၊ သင်သည် ငါ့ကိုချစ်သည်ဟု စိတ်နှလုံးမပါဘဲလျက် အဘယ်သို့ ပြောနိုင်သနည်း။ သင့်၌ ကြီးသောခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကို မပြော။ သုံးကြိမ်တိုင်အောင် ငါ့ကိုကျီစားပြီဟု ဆို၏။
16:16 ထိုသို့ ဒေလိလသည် နေ့တိုင်းပူဆာ၍ သူအသက် သေလုအောင် နှောင့်ယှက်သောကြောင့်၊
16:17 ရှံဆုန်သည် မိမိစိတ်နှလုံး၌ ရှိသမျှအတိုင်းပြော၍၊ ငါ့ဆံပင်ကို တစ်ခါမျှ မရိတ်သေး။ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏ နာဇရိလူဖြစ်၏။ ငါ့ဆံပင်ကိုရိတ်လျှင် ငါ၌ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို၏။
16:18 ထိုသို့ မိမိစိတ်နှလုံးထဲမှာ ရှိသမျှအတိုင်းပြောကြောင်းကို ဒေလိလသိလျှင်၊ ဖိလိတ္တိမင်းတို့ကို တစ်ဖန်ခေါ်၍၊ ယခုတစ်ခါ လာကြပါဦး။ သူသည် မိမိစိတ်နှလုံးရှိသမျှအတိုင်း ပြောပြီဟု မှာလိုက်သဖြင့်၊ သူတို့သည် ငွေကိုဆောင်ယူခဲ့လျက် လာကြ၏။
16:19 ဒေလိလသည် ရှံဆုန်ခေါင်းကို မိမိဒူးပေါ်မှာတင်လျက် သူကိုအိပ်စေသဖြင့်၊ လူတစ်ယောက်ကို ခေါ်၍ သူ၏ဆံပင်ခုနစ်စုတို့ကို ရိတ်စေပြီးမှ၊ သူကိုနှောင့်ယှက်စပြု၍ သူ၏ခွန်အားသည် လျော့ပျောက်၏။
16:20 မိန်းမကလည်း၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟု ဆိုသော်၊ ရှံဆုန်နိုး၍ ထာဝရဘုရား စွန့်တော်မူကြောင်းကို မရိပ်မိသောကြောင့်၊ အရင်ကဲ့သို့ ငါထွက်၍ အားထုတ်မည်ဟု အကြံရှိသော်လည်း၊
16:21 ဖိလိတ္တိလူတို့သည် ဖမ်းဆီး၍ သူ့မျက်စိကိုဖောက်ပြီးမှ ဂါဇမြို့သို့ ယူသွားပြီးလျှင် ကြေးဝါကြိုးနှင့်ချည်နှောင်၍ ထောင်အိမ်၌ ကြိတ်ဆုံနှင့် ကြိတ်စေကြ၏။
16:22 ရှံဆုန် ဆံပင်ရိတ်သောနောက်၊ တစ်ဖန်ပေါက်ပြန်သောအခါ၊
16:23 ဖိလိတ္တိမင်းတို့ကို၊ ငါတို့ဘုရားသည် ငါတို့ရန်သူကို ငါတို့လက်သို့ အပ်တော်မူပြီဟုဆိုလျက်၊ သူတို့ဘုရားဒါဂုန်အား ယဇ်ကြီးကိုပူဇော်၍ ပျော်မွေ့ခြင်းကို ပြုအံ့သောငှာ စည်းဝေးကြ၏။
16:24 လူများတို့သည် ရှံဆုန်ကို မြင်သောအခါ၊ ငါတို့ဘုရားသည် ငါတို့ပြည်ကို ဖျက်ဆီး၍၊ ပြည်သားအများတို့ကို သတ်သော ငါတို့၏ရန်သူကို၊ ငါတို့လက်သို့ အပ်တော်မူပြီဟု မိမိတို့ဘုရားကို ချီးမွမ်းကြ၏။
16:25 စိတ်နှလုံးရွှင်လန်းသောအခါ၊ ရှံဆုန်ကို ခေါ်ခဲ့။ ငါတို့အဖို့ ကစားပါလေစေဟု ဆိုသဖြင့်၊ ရှံဆုန်ကို ထောင်အိမ်မှခေါ်ခဲ့၍ သူသည် ကစားရ၏။ သူကိုလည်း ဇရပ်တိုင်ကြားမှာ ထားကြ၏။
16:26 ရှံဆုန်ကလည်း၊ ဇရပ်တိုင်တို့ကို ငါမှီ၍နေရအောင် လက်နှင့်တွေ့ပါရစေဟု လက်ဆွဲသော လူကလေးကို အခွင့်တောင်း၏။
16:27 ထိုဇရပ်၌ ယောက်ျားမိန်းမတို့သည် အပြည့်ရှိကြ၏။ ဖိလိတ္တိမင်းအပေါင်းတို့လည်း ပါကြ၏။ ဇရပ်မိုးပေါ်မှာလည်း သုံးထောင်မျှလောက်သော ယောက်ျားမိန်းမတို့သည် ရှံဆုန်ကစားသည်ကို ကြည့်ရှုလျက်ရှိကြ၏။
16:28 ရှံဆုန်ကလည်း၊ အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်မျက်စိနှစ်ဖက်ကို ဖောက်သော ဖိလိတ္တိလူတို့၌ တစ်ပြိုင်နက်အပြစ်ဒဏ် ပေးနိုင်မည်အကြောင်း၊ ယခုတစ်ကြိမ်မျှသာ ခွန်အားကို ပြန်ပေးတော်မူပါဘုရားဟု ထာဝရဘုရားအား ဆုတောင်းပြီးမှ၊
16:29 ဇရပ်ခေါင်တိုင်နှစ်တိုင်တို့ကို လက်ယာလက်၊ လက်ဝဲလက်နှစ်ဖက်နှင့် ကိုင်၍ မှီနေလျက်၊
16:30 အကျွန်ုပ်သည် ဖိလိတ္တိလူတို့နှင့် အတူသေပါရစေဟုဆိုလျက်၊ အားထုတ်၍ ကိုယ်ကိုညွှတ်ချသဖြင့်၊ ဇရပ်သည် မင်းများ၊ လူများအပေါင်းတို့အပေါ်မှာ လဲ၍ ဖိလေ၏။ ထိုသို့ အသက်ရှင်စဉ်အခါ သတ်ခဲ့သည်ထက် သေစဉ်အခါ သာ၍များသောသူတို့ကို သတ်လေ၏။
16:31 သူ့ညီများ၊ အဆွေအမျိုးများ အပေါင်းတို့သည်လာ၍ အလောင်းကောင်ကို ထမ်းသွားပြီးလျှင်၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြားတွင် အဘမာနော်၏ သင်္ချိုင်း၌ သင်္ဂြိုဟ်ကြ၏။ သူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်အုပ်စိုးသတည်း။