Judges 17
17:1 မိက္ခာအမည်ရှိသော ဧဖရိမ်တောင်သားတစ်ယောက် ရှိ၏။
17:2 သူသည် အမိအား၊ အိုအမေ၊ ပျောက်သောငွေ၊ အကျွန်ုပ်ရှေ့မှာ ကျိန်ဆဲသောစကားကိုပြောသော ငွေဆယ်တစ်ပိဿာသည် အကျွန်ုပ်၌ ရှိပါ၏။ အကျွန်ုပ်ယူမိပြီဟု ဆိုသော်၊ အမိက၊ ငါ့သား၊ ထာဝရဘုရား ကောင်းချီးပေးတော်မူပါစေသောဟု ဆို၏။
17:3 ထိုငွေဆယ်တစ်ပိဿာကို အမိအားပြန်ပေးသောအခါ၊ အမိက၊ ငါ့သားသည် ထုသောရုပ်တုနှင့် သွန်းသောရုပ်တုကို လုပ်စရာဖို့ ဤငွေရှိသမျှကို ထာဝရဘုရားအား ငါပူဇော်နှင့်ပြီ။
17:4 သို့ဖြစ်၍ ငါ့သားအား ယခုငါပြန်ပေးမည်ဟုဆိုသော်လည်း၊ သားသည် ထိုငွေကို အမိအားပြန်ပေး၏။ အမိသည်လည်း နှစ်ပိဿာကိုယူ၍ ပန်းထိမ်သမား၌ အပ်သဖြင့်၊ သူသည် ထုသောရုပ်တုနှင့် သွန်းသောရုပ်တုကိုလုပ်၍ ရုပ်တုတို့သည် မိက္ခာအိမ်၌ ရှိ၏။
17:5 ထိုလူမိက္ခာသည် ဘုရားကျောင်းရှိ၍၊ သင်တိုင်းတော်နှင့် တေရပ်ရုပ်တုကို လုပ်ပြီးမှ၊ မိမိသားတစ်ယောက်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။
17:6 ထိုကာလ၌ ဣသရေလရှင်ဘုရင် မရှိ။ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း။
17:7 ယုဒအမျိုးနှင့် စပ်ဆိုင်သော ဗက်လင်ယုဒမြို့သား လေဝိအမျိုး လုလင်တစ်ယောက်သည်၊ ဗက်လင်မြို့မှာ တည်းခို၍ နေပြီးလျှင်၊
17:8 တစ်ဖန် ထွက်သွား၍ တည်းခိုစရာအရပ်ကို ရှာလျက် ခရီးသွားသဖြင့်၊ ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက်လေ၏။
17:9 မိက္ခာကလည်း၊ သင်သည် အဘယ်က လာသနည်းဟုမေးသော်၊ လုလင်က၊ ငါသည် ယုဒခရိုင် ဗက်လင်မြို့သား လေဝိလူဖြစ်၏။ တည်းခိုစရာအရပ်ကို ရှာ၏ဟု ပြန်ပြောသော်၊
17:10 မိက္ခာက၊ အကျွန်ုပ်နှင့်အတူ နေပါ။ အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ ယဇ်ပုရောဟိတ် လုပ်ပါ။ အကျွန်ုပ်သည် တစ်နှစ်တစ်နှစ်လျှင် ငွေအကျပ်တစ်ဆယ်နှင့် အဝတ်စုံကိုလည်းကောင်း၊ စားစရာကိုလည်းကောင်း ပေးပါမည်ဟု ပင့်ဖိတ်သောအခါ၊ လေဝိလူသည်ဝင်၍၊
17:11 ထိုသူနှင့်အတူနေခြင်းငှာ အလိုရှိသဖြင့် သားကဲ့သို့ဖြစ်လေ၏။
17:12 မိက္ခာသည်လည်း၊ ထိုလေဝိလုလင်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားသည်အတိုင်း၊ လုလင်သည် ယဇ်ပုရောဟိတ်လုပ်၍ မိက္ခာအိမ်၌ နေ၏။
17:13 မိက္ခာကလည်း၊ ယခုမှာ လေဝိလူသည် ငါ၏ယဇ်ပုရောဟိတ် ဖြစ်သောကြောင့်၊ ထာဝရဘုရားသည် ငါ၌ကျေးဇူးပြုတော်မူမည်ကို ငါသိသည်ဟု ဆို၏။