Judges 2
2:1 ထာဝရဘုရား၏ တမန်တော်သည်၊ ဂိလဂါလမြို့မှ ဗောခိမ်မြို့သို့လာ၍၊ သင်တို့ ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်သို့ အဲဂုတ္တုပြည်မှ သင်တို့ကို ငါဆောင်ခဲ့ပြီ။ သင်တို့နှင့် ငါဖွဲ့သောပဋိညာဉ်ကို ငါမဖျက် အစဉ်အမြဲစောင့်မည်။
2:2 သင်တို့သည် ဤပြည်သားတို့နှင့် မိတ်သဟာယမဖွဲ့ရ။ သူတို့ယဇ်ပလ္လင်တို့ကို လှဲချရမည်ဟု ငါဆိုသော်လည်း၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြ။ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။
2:3 တစ်ဖန် ငါဆိုသည်ကား၊ ဤပြည်သားတို့ကို သင်တို့ရှေ့မှ ငါမနှင်ထုတ်။ သူတို့သည် သင်တို့တစ်ဖက်၌ မုဆိုးလုပ်လျက်၊ သူတို့ဘုရားတို့သည်လည်း သင်တို့၌ ကျော့ကွင်းဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
2:4 ထာဝရဘုရား၏ တမန်တော်သည် ဣသရေလအမျိုးသားအပေါင်းတို့အား ဤသို့မိန့်တော်မူသောအခါ၊ လူများတို့သည် အသံကိုလွှင့်၍ ငိုကြွေးကြ၏။
2:5 ထိုအရပ်ကို ဗောခိမ်အမည်ဖြင့်မှည့်၍ ထာဝရဘုရားအား ယဇ်ပူဇော်ကြ၏။
2:6 အထက်က ယောရှုသည် လူများတို့ကို လွှတ်လိုက်သောအခါ၊ ဣသရေလအမျိုးသားတို့သည် အသီးအသီး မိမိတို့အမွေခံရာမြေကို သိမ်းယူခြင်းငှာ သွားကြ၏။
2:7 ယောရှုလက်ထက် ကာလပတ်လုံး၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ၏။ထာဝရဘုရားသည် ဣသရေလအမျိုးအဖို့ ပြုတော်မူသော အမှုကြီးအလုံးစုံတို့ကို သိမြင်၍၊ ယောရှုမရှိသောနောက် အသက်ရှင်သေးသော အသက်ကြီးသူတို့ လက်ထက်၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။
2:8 ထာဝရဘုရား၏ကျွန်၊ နုန်၏သားယောရှုသည် အသက်တစ်ရာတစ်ဆယ်ရှိသော် အနိစ္စရောက်လေ၏။
2:9 ဧဖရိမ်တောင်ပေါ်၊ ဂါရှကုန်းမြောက်မှာရှိသော သူ၏အမွေခံရာ တိမနဿရေမြို့နယ်မြေ၌ သင်္ဂြိုဟ်ကြ၏။
2:10 ယောရှုလက်ထက် ကာလ၌ ဖြစ်သောသူအပေါင်းတို့သည်လည်း၊ ဘိုးဘေးတို့ စုဝေးရာသို့ရောက်ကြ၏။ ထာဝရဘုရားကိုလည်းကောင်း၊ ဣသရေလအမျိုးအဖို့ ပြုတော်မူသောအမှုတို့ကိုလည်းကောင်း မသိသော နောင်ကာလအမျိုးသားတို့သည် ပေါ်လာကြ၏။
2:11 ထိုကာလအခါ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ဗာလဘုရားတို့ကို ဝတ်ပြုကြ၏။
2:12 အဲဂုတ္တုပြည်မှ သူတို့ကို ဆောင်ခဲ့တော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကိုစွန့်၍၊ ပတ်ဝန်းကျင်၌ရှိသော လူမျိုးတို့၏ ဘုရားတစ်ပါးတို့နောက်သို့ လိုက်လျက်ဦးညွှတ်သဖြင့် ထာဝရဘုရား အမျက်တော်ကို ထွက်စေကြ၏။
2:13 ထာဝရဘုရားကိုစွန့်၍ ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြသောကြောင့်၊
2:14 ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာအမျက်ထွက်လျက်၊ လုယူသော သူတို့လက်သို့အပ်၍၊ ပတ်ဝန်းကျင်သော ရန်သူတို့၌ ရောင်းတော်မူသဖြင့်၊ ရန်သူတို့ရှေ့မှာ သူတို့သည် တစ်ဖန်မရပ်နိုင်ကြ။
2:15 သူတို့သည် ထွက်သွားလေရာရာ၌ ထာဝရဘုရား မိန့်မြွက်ကျိန်ဆိုတော်မူသည်အတိုင်း၊ လက်တော်အဆီးအတားနှင့် တွေ့၍ အလွန်ဆင်းရဲခြင်းသို့ ရောက်ကြ၏။
2:16 သို့ရာတွင် လုယူသောသူတို့လက်မှ ကယ်လွှတ်သော တရားသူကြီးတို့ကို ထာဝရဘုရား ပေါ်ထွန်းစေတော်မူ၏။
2:17 ထိုတရားသူကြီးတို့စကားကိုလည်း သူတို့သည် နားမထောင်၊ အခြားတစ်ပါးသော ဘုရားတို့နှင့်မှားယွင်း၍ ဦးညွှတ်ကြ၏။ ဘိုးဘေးတို့သည် ထာဝရဘုရား၏ ပညတ်တော်တို့ကိုကျင့်၍ လိုက်သောလမ်းမှ သူတို့သည် အလျင်အမြန်လွဲသွားသဖြင့်၊ ဘိုးဘေးကျင့်သည်အတိုင်း မကျင့်ကြ။
2:18 ထာဝရဘုရားသည် တရားသူကြီးကို ပေါ်ထွန်းစေသောအခါ သူနှင့်အတူရှိ၍၊ သူ့လက်ထက်ပတ်လုံး ဣသရေလလူတို့ကို ရန်သူ၏လက်မှ ကယ်လွှတ်တော်မူ၏။ အကြောင်းမူကား သူတို့သည် နှောင့်ယှက်ညှဉ်းဆဲခြင်းကိုခံရ၍ မြည်တမ်းကြသောအခါ ထာဝရဘုရားသည် နောင်တရတော်မူ၏။
2:19 တရားသူကြီးသေသောနောက်၊ သူတို့သည် တစ်ဖန် ဘိုးဘေးထက်သာ၍ ဆိုးသဖြင့်၊ အခြားတစ်ပါးသော ဘုရားတို့နောက်သို့လိုက်လျက် ဝတ်ပြု၍ ဦးညွှတ်ကြ၏။ မိမိတို့အကျင့်ဓလေ့နှင့် ကြမ်းတမ်းသောလမ်းကို မစွန့်မပယ်ကြ။
2:20 ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာအမျက်ထွက်လျက်၊ ဤလူတို့သည် ငါ့စကားကိုနားမထောင်။ သူတို့ဘိုးဘေးတို့နှင့် ငါဖွဲ့သောပဋိညာဉ်ကို ဖျက်သောကြောင့်၊
2:21 ယောရှုသေသောနောက် ကျန်ကြွင်းရစ်သော လူမျိုးတစ်စုံတစ်မျိုးကို သူတို့ရှေ့မှ နောက်တစ်ဖန် ငါမနှင်ထုတ်။
2:22 သူတို့ဘိုးဘေးတို့သည် ထာဝရဘုရား၏လမ်းတော်သို့ လိုက်ခြင်းငှာ စောင့်ရှောက်သကဲ့သို့ သူတို့သည်စောင့်ရှောက်မည်လော၊ မစောင့်ရှောက်လောဟု ကျန်သေးသောလူမျိုးအားဖြင့် ဣသရေလအမျိုးကို ငါစုံစမ်းမည်ဟု မိန့်တော်မူသည်နှင့်အညီ၊
2:23 ထိုလူမျိုးကို ယောရှုလက်၌မအပ်၊ အလျင်အမြန် မနှင်ထုတ်ဘဲနေတော်မူ၏။